Transparency Myanmar

transparency.myanmar@gmail.com

(Guardian သတင်းစာ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ဗြိတိန် နိုင်ငံသည် မြန်မာ နိုင်ငံ အတွက် နိုင်ငံခြား အကူ အညီ အများဆုံး ထည့်ဝင် လှူဒါန်းသည့် နိုင်ငံ တစ်ခု ဖြစ်လာ တော့မည် ဖြစ်သည်။ သို့သော် ဖိနှိပ် တင်းကြပ်မှု များစွာ ပြုလုပ် တတ်သော စစ်အစိုးရနှင့် နားလည်ရန် ခက်ခဲသော မြန်မာ့ နိုင်ငံရေး အသိုင်း အဝိုင်းကို ကြည့်ရ သည်မှာ နိုင်ငံတွင်း အပြောင်း အလဲများ ဆောင်ကြဉ်းမည့် ကိစ္စသည် လွယ်လွယ် ကူကူ ချောချော မွေ့မွေ့ ရှိလာမည့် သဘောတွင် မရှိပေ။

"ကျွန်တော်တို့ မြန်မာ နိုင်ငံနဲ့ ပုံမှန် အကူ အညီ ပေးတဲ့ ဆက်ဆံရေးမျိုး မရှိပါဘူး" ဟု နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) အကြီးအကဲ Paul Whittingham က ပြောကြားသည်။ မြန်မာ နိုင်ငံသည် ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီ များထဲမှ အနည်းငယ် ဆုံးသော ပမာဏကို လက်ခံ ရယူ နေသော နိုင်ငံတစ်ခု ဖြစ်ရုံတင် မကဘဲ အကူအညီ အထောက်အပံ့ ပေးသည့် အရေးကိစ္စ များကိုလည်း အလွန်အမင်း နိုင်ငံရေးဇာတ် သွင်းတတ်သော နိုင်ငံ တစ်ခု ဖြစ်သည်။ သို့အတွက်ကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက မြန်မာနိုင်ငံကို အကူအညီများ တိုးမြှင့် ထောက်ပံ့သွားရန် ဆုံးဖြတ်ခဲ့မှုသည် ဗြိတိန် ညွှန့်ပေါင်း အစိုးရအတွက် သတ္တိရှိသော လုပ်ရပ်တစ်ခုဟု ဆိုရပေလိမ့်မည်။

ယင်းဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံအား နိုင်ငံခြား အကူအညီ အများဆုံး ပေးသည့် နိုင်ငံမှာ ဗြိတိန် ဖြစ်လာတော့မည် ဖြစ်ပြီး လာမည့် လေးနှစ် အတွက် စတာလင်ပေါင် ၁၈၅ သန်း အကုန် အကျ ခံကာ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် ပေးသွားမည်ဟု ဗြိတိန် အစိုးရက ကတိကဝတ် ပြုလိုက်သည်။ အဆိုပါ ကတိကဝတ် ပြုမှုသည် DFID မှ ဖွံ့ဖြိုးရေး ဆိုင်ရာ အတွင်းရေးမှူး Andrew Mitchell ၏ မြန်မာ နိုင်ငံနှင့် ပတ်သက်သော ခိုင်မာသည့် ဆုံးဖြတ်ချက် ကိုလည်း ရောင်ပြန် ဟပ်စေသည်။

လက်ရှိ အနေ အထားတွင် နာဂစ် ဆိုက်ကလုန်း ဒဏ်ကြောင့် အဆိုးဝါးဆုံးသော အခြေအနေထဲ ရောက်ရှိသွားသော မြန်မာနိုင်ငံတွင်း အလှူရှင်များ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာက သိလာပြီ ဖြစ်သည်။ နာဂစ် ဆိုက်ကလုန်း ဥပမာကို ကြည့်လျှင် မြန်မာ စစ်တပ်သည် တိုင်းပြည်တွင်း အဆိုးဆုံးသော အခြေအနေ တစ်ခု ဖြစ်အောင် မည်သို့ မည်ပုံ ပြင်ဆင် ထားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ယင်းဆိုက်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ပြီး ရက်သတ္တပတ်များ အတွင်း နိုင်ငံတကာက ကမ်းလှမ်းသော အကူအညီ၊ အထောက် အပံ့များမှာ မြန်မာ စစ်အစိုးရ၏ ပိတ်ပင်ခြင်း ခံခဲ့ရသည်။ စစ်အစိုးရသည် နာဂစ်ကြောင့် လူ့အသက်ပေါင်း များစွာ ပျက်စီးခဲ့ရမှုနှင့် ထိခိုက် နစ်နာမှုများကို မသိကျိုးနွံ ပြုလုပ် ထားခဲ့သည်။

DFID ကပေးမည့် ရန်ပုံငွေ အစီအစဉ် သစ်သည် မြန်မာအစိုးရက ကျန်းမာရေး အခန်းကဏ္ဍ အတွက် အသုံးပြုနေသည့် ပမာဏထက် နှစ်စဉ် ပိုမို ထောက်ပံ့ ပေးသွားရန် ဖြစ်သည်။ "မြန်မာ အစိုးရက ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အတွက် လုပ်ကိုင် ဆောင်ရွက် ပေးမယ် လို့လည်း ဆုံးဖြတ်ချက် ချထားတာ မဟုတ်ဘူး" ဟု Paul Whittingham က ပြောကြားသည်။ ထို့ပြင် ၎င်းက "မြန်မာ နိုင်ငံဟာ စီးပွားရေး လုပ်ဖို့ လွယ်ကူတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး" ဟုလည်း ပြောသည်။

မြန်မာ နိုင်ငံတွင် အငြင်းပွားစရာ အများဆုံး ဖြစ်ပေါ်နေသော နယ်ပယ် တစ်ခုမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) ပင် ဖြစ်သည်။ Burma Campaign UK ဒါရိုက်တာ Mark Farmaner အဆိုအရ မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက် ရှိသော CSO အဖွဲ့အစည်း ပေါင်း ၃၀၀ ဝန်းကျင် ရှိပြီး ယင်းတို့ အနက် ၁၀ ရာခိုင်နှုန်းသာ တရားဝင် မှတ်ပုံတင် ထားကြသည်။ အချို့သော CSO များသည် အစိုးရ၏ ခွင့်ပြုချက်ပေါ် မူတည်ပြီး တန်းတူညီတူ မှတ်ပုံတင်ခွင့် ရရှိကြသည်။ သို့သော် ထိုကဲ့သို့ မှတ်ပုံတင် ထားသည့် CSO များမှာ နိုင်ငံခြား ငွေကြေးများ လက်သင့်ခံပြီး လုပ်ကိုင်နေသော အဖွဲ့ အစည်းများပင် ဖြစ်သည်။ Mark Farmaner က နိုင်ငံ တကာမှ အလှူရှင်များသည် မြန်မာ စစ်အစိုးရ အကြောင်း ကောင်းစွာ နားလည် သဘောပေါက် ထားသည့် CSO အုပ်စုများနှင့် အလုပ်အကိုင် တွဲဖက် လုပ်ကိုင် လိုစိတ် ရှိကြသည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ မည်သို့ပင် ဆိုစေ အဆိုပါ မှတ်ပုံတင် ထားသည့် CSO များသည် နိုင်ငံခြားမှ ရန်ပုံငွေ ရရှိသည့် အဆက် အသွယ်များ၊ နိုင်ငံခြား အလှူရှင်များကို ထုတ်ဖော် မပြောလိုသည့် ဆန္ဒ ရှိကြသလို မီဒီယာ များကလည်း ယင်း CSO များ၏ နိုင်ငံတကာ အဆက် အသွယ်များကို ရေးသား ဖော်ပြလေ့ မရှိကြပေ။

မြန်မာ နိုင်ငံတွင်း ယဉ်ကျေးမှု မတူညီသည့် အသိုင်း အဝိုင်းများ ရှိနေခြင်း၊ ပြည်ပြေး မြန်မာ့ နိုင်ငံရေး အုပ်စုများ အကြား ကွဲပြား ခြားနားမှု ရှိနေခြင်း အစ ရှိသည် တို့ကို အလှူရှင်နိုင်ငံများက စိတ်ဝင်တစား ရှိကြသည်။ ထိုအထဲမှ ပြည်ပြေး နိုင်ငံရေး အင်အားစုများကို အလှူရှင် အဖွဲ့ အစည်းများ၊ နိုင်ငံများက များစွာ စိတ်ဝင်စား ကြပြီး ၎င်းတို့၏ အလှူငွေများ ကိုလည်း ဒီမိုကရေစီ အင်အားစုများနှင့် အဆက်အသွယ် ရှိသည်ဟု ယူဆရသည့် အဆိုပါ အုပ်စုများသို့သာ ပေးပို့ လှူဒါန်းလေ့ ရှိကြသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် ပြရလျှင် ၂၀၀၈ ခုနှစ်အတွင်းက ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးက ပေးပို့ခဲ့သော သံတမန် ကြေးနန်း ပေါက်ကြားမှုတွင် တွေ့နိုင်သည်။ အဆိုပါ ကြေးနန်းတွင် သံရုံး ယာယီ တာဝန်ခံ Shari Villarosa က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်ပိုင်းကို "သုံးစား၍ မရနိုင်သည့် အခြေအနေတွင် ရှိသူများ" အဖြစ် သတ်မှတ် ပြောဆိုပြီး ပယ်ပယ် နယ်နယ် ဝေဖန်ခဲ့သည်။ သို့သော် အမေရိကန် ပြည်ထောင်စု အနေဖြင့် ကူညီ ပံ့ပိုး ပေးနိုင်မည့် မည်သည့် နည်းလမ်းနှင့် အခွင့် အရေး ကိုမဆို ရှာဖွေ သင့်သလို မြန်မာ နိုင်ငံထဲမှ CSO များ၏ အရည်အသွေး မြှင့်တင် နိုင်မည့် အခွင့် အရေးများလည်း ရှာဖွေသင့်ကြောင်း မစ္စ Shari Villarosa က အကြံပြု ရေးသား ထားသည်ကို တွေ့ရသည်။

ယင်းသို့ လုပ်ကိုင်ရာတွင် အမေရိကန် စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွား အလို့ငှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ ပြုပြင် ပြောင်းလဲ နိုင်အောင် လုပ်ကိုင်ရမည် ဟုလည်း ဆိုသည်။

သို့အတွက်ကြောင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အကျိုးရှိရှိ ဖြစ်ထွန်းလာရေး အတွက် CSO များကို ငွေကြေး ကောင်းစွာ ထောက်ပံ့ သင့်သည်ဟု ဗြိတိန်နိုင်ငံက ဆုံးဖြတ်လာခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် မြန်မာ စစ်အစိုးရက ဖိနှိပ် ချုပ်ခြယ်မှုများ ပြုလုပ် ထားသောကြောင့် မည်သည့် အဖွဲ့ အစည်းသည် နိုင်ငံခြား ငွေကြေး ထောက်ပံ့မှုများ ရရှိ နေသည်ကို ဗြိတိန် အစိုးရ အနေဖြင့် သိရှိရန် ခဲယဉ်း နေသည်။ မြန်မာ စစ်အစိုးရ ကလည်း နိုင်ငံခြား အလှူငွေများ၊ ထောက်ပံ့ ကြေးများ လက်သင့် မခံရသည့် အကြောင်းရင်းမှာ ဆင်းရဲ နွမ်းပါးသော နိုင်ငံ တစ်ခုတွင်း မညီမျှမှုများ ဖြစ်ပေါ်မည်ကို စိုးသောကြောင့်ဟု ဆင်ခြေ ပေးကောင်း ပေးဖွယ် ရှိသည်။

London School of Economics မှ Fellow တစ်ဦး ဖြစ်သူ ဒေါက်တာ မောင်ဇာနည်က Civil Society ဟူသော စကားလုံး၏ အဓိပ္ပာယ်တွင် အသင်း အဖွဲ့များနှင့် လူပုဂ္ဂိုလ် များကိုသာ ကိုယ်စား ပြုကြောင်း၊ ယင်းတို့သည် လွတ်လပ်သော ဈေးကွက်နှင့် ယဉ်ပါးပြီး အနောက် အမြင်များ လွှမ်းမိုးရေးကို လိုလိုလားလား လက်သင့် ခံကြသည့် ပတ်ဝန်းကျင်တွင် လုပ်ကိုင် နေသူများ ဖြစ်ကြောင်း ပြောကြားသည်။

မည်သို့ပင် ဆိုစေ Mark Whittingham က "မြန်မာ နိုင်ငံထဲမှာ ရှိတဲ့ Civil Society အုပ်စုတွေကို ကျွန်တော်တို့ ထောက်ပံ့ ပေးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ ပတ်သက်ပြီး ကျွန်တော် ထင်မြင် သုံးသပ်ချက် မပေးလိုပါဘူး" ဟု ဆိုသည်။

ယမန်နှစ်က ဆိုလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ နုတ်ထွက် လိုက်သော အုပ်စု တစ်စုက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဟူသော နာမည်ဖြင့် နိုင်ငံရေး ပါတီ ထူထောင်ကာ အငြင်းပွားစရာ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်ကို တွေ့ရသည်။ NDF က စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် လက်တွေ့ကျသော နည်းလမ်းတစ်ခု ဖြစ်သည်ဟု ရှုမြင်သည်။ ယင်းသို့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှု သည်ပင် ရန်ကုန် အခြေစိုက် သံတမန် အသိုင်း အဝိုင်းများ အကြား လူကြိုက်များ ရေပန်း စားခဲ့သေးသည်။

အနောက် နိုင်ငံများနှင့် ဆက်နွယ်မှု ရှိသော CSO များသည် သံတမန် အသိုင်းအဝိုင်း၏ မျက်နှာသာ ပေးမှုခံရသည့် သဘောတွင် ရှိသည်။ အဆိုပါ CSO များက ဒေါ်အောင်ဆန်း စုကြည်၏ အခန်းကဏ္ဍ မပါဝင်ဘဲ မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံရန် ကောင်းသော နိုင်ငံ တစ်ခုအဖြစ် တဖြည်းဖြည်းချင်း ဖန်တီးသွား လိုကြသည်။ သိသာ ထင်ရှား လှသော ဥပမာတစ်ခုကို ပြရပါက မြန်မာ စစ်အစိုးရ၏ ခွင့်ပြုချက်များ အတော်အတင့် ရရှိထားပြီး NDF ပါတီနှင့်လည်း အဆက် အသွယ် ရှိသော Myanmar Egress (ME) ဖြစ်သည်။ ME သည် မဲဆွယ်မှုများ၊ စည်းရုံးမှုများ ကောင်းမွန်စွာ လုပ်ကိုင်ပေး နိုင်သလို သတင်း မီဒီယာများ ကိုလည်း သတင်း အချက်အလက်များ ထောက်ပံ့ ပေးနိုင်သော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

Myanmar Egress နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဌ ဦးတင်ဦးက ဥရောပ ကော်မရှင်၏ မြန်မာ နိုင်ငံ ဆိုင်ရာ သံတမန်ထံသို့ စာတစ်စောင် ပေးပို့ရာတွင် ယခုလို ထည့်သွင်း ရေးသားသည်။ "ဦးနေဝင်းမောင် ထူထောင် ခဲ့သည့် အဖွဲ့ အစည်း တစ်ခု ဖြစ်သော Myanmar Egress သည် စစ်အစိုးရ၏ သြဇာ လွှမ်းမိုးမှု အောက်မှ ကင်းလွတ်သော အဖွဲ့ တစ်ခုလော၊ သို့မဟုတ် NLD နေရာကို အစားထိုး ဝင်ရောက်ရန် ကြိုးပမ်းနေသည့် NDF ပါတီနှင့် စစ်အစိုးရ လက်ဝေခံ များကြားက ပွဲစားလော" ဟု ရေးသားခဲ့သည်။

ဤအတော အတွင်းမှာပင် NLD ပါတီ သည်လည်း စစ်အစိုးရ၏ ပြင်းထန်သော ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရသည်။ NLD ပါတီဝင် များမှာ စစ်ထောက်လှမ်းရေး အဖွဲ့၏ ဖိအားပေးမှုကို ခံကြရသည်။ အချို့မှာ ဖမ်းဆီး ထိန်းသိမ်း ခံကြရပြီး အချို့မှာ ပြည်ပြေး ဘဝဖြင့် ပြည်ပတွင် နေထိုင် ကြရသည်။ NLD သည် နိုင်ငံရေး ပါတီ တစ်ခုအဖြစ် တရားဝင် ရပ်တည် ခွင့်လည်း မရှိတော့ပေ။

ဆိုရပါမူ အနောက် အုပ်စုတို့သည် မြန်မာနိုင်ငံကို နှစ်ပေါင်း များစွာ လက်လွှတ် ဆုံးရှုံးခဲ့ရပြီး အနောက်၏ ပါဝါအပျော့ (Soft Power) မှာလည်း ၎င်း၏ ပိတ်ဆို့ အရေး ယူမှု မူဝါဒ နှင့် တရုတ် နိုင်ငံ၏ ဒေသတွင်း လွှမ်းမိုးလာမှု တို့ ကြောင့် ပျောက်ဆုံး ခဲ့ရပြီ ဖြစ်သည်။ သို့အတွက်ကြောင့် DFID က မြန်မာ နိုင်ငံ အတွက် အကူ အညီ အထောက် အပံ့ ပေးမှုကို ပါဝါ အပျော့ ပြန်လည် ကြီးထွားရေး နည်းလမ်း တစ်ခု အဖြစ် ပေးအပ် သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment