Transparency Myanmar

transparency.myanmar@gmail.com

(မတ်လ ၁၄ ရက် ၂၀၁၁ ရက်စွဲပါ Bangkok Post မှ "Burma expects PR boost from Blatter visti" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ယခု သီတင်း ပတ်တွင် ရောက်ရှိ လာမည့် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် အကြီး အကဲကို ဘောလုံးရူး မြန်မာ နိုင်ငံက ကြိုဆို ဧည့်ခံရန် ပြင်ဆင် လျက် ရှိရာ အဆိုပါ ခရီးစဉ်မှ ရသမျှ အစွမ်းကုန် အမြတ် ထုတ်ရန် မြန်မာ စစ်ဖက် အုပ်ချုပ်သူ များက မျှော်လင့် ထား ကြသည်။

မနက်ဖြန် စတင်မည့် ဖီဖာ ဥက္ကဌ ဘလတ္တာ ၏ ၂ ရက်ကြာ တရားဝင် မြန်မာ ခရီး စဉ်သည် မြန်မာ အစိုးရ အတွက် သံတမန်ရေး အောင်မြင်မှု တစ်ခု ဖြစ်လာဖွယ် ရှိသည်။ ဖီဖာ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်၏ ပထမ ဦးဆုံး မြန်မာ ခရီးစဉ်တွင် ဆက်ဘလတ္တာက ဖီဖာ ရန်ပုံငွေ အကူ အညီဖြင့် ဆောက်လုပ် ထားသော မြန်မာ ဘော်လုံး အကယ်ဒမီ သစ်ကို ဖွင့်လှစ်မည် ဖြစ်ပြီး ဖီဖာကပင် ကမ ကထ ပြုထားသည့် "Football for Hope"  စီမံကိန်းများကို စစ်ဆေးမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း များသည် ဖီဖာက ကမ္ဘာ တစ်ဝှမ်းတွင် ဆောင်ရွက် နေသော ဘောလုံးနှင့် လူမှု ကဏ္ဍ ပူးတွဲ ဖွံ့ဖြိုးရေး အစီ အစဉ် များ၏ အပိုင်း တစ်ခု ဖြစ်သည်ဟု သိရသည်။

မြန်မာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ လူချမ်းသာ လုပ်ငန်းရှင် ဦးဇော်ဇော် က ပြီးခဲ့သော ဇွန်လ တောင် အာဖရိက ကမ္ဘာ့ ဘောလုံး ပြိုင်ပွဲတွင် ဖီဖာ ဥက္ကဌကို မြန်မာ နိုင်ငံသို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘလတ္တာ မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း မြန်မာ ဘောလုံး အဖွဲ့ချုပ် အတွက် ပြည်တွင်း ပရော်ဖက် ရှင်နယ် လိဂ် ပြိုင်ပွဲများ ခိုင်မာ တိုးတက်ရေး အတွက် နည်းလမ်းများ ရှာဖွေ ပေးမည်ဟု ရန်ကုန် သတင်း ရပ်ကွက် က ဆိုသည်။

သို့သော်လည်း အငြင်းပွား ဖွယ်ရာ ရှင်းရှင်း ဘွင်းဘွင်း ပြောဆို တတ်သူ အသက် ၇၄ နှစ် အရွယ် ဆွစ်လူမျိုး ဆက်ဘလတ္တာကို မြန်မာ အစိုးရက ယင်းတို့၏ ကိုယ်ကျိုး အတွက် အမြတ်ထုတ် အသုံးချ သွား မည်ကို ဒေသတွင်း အနောက်တိုင်း သံတမန် များက စိုးရိမ် ပူပန် နေကြသည်။

မစ္စတာ ဘလတ္တာသည် လူခြေ တိတ်ဆိတ်သည့် အဝေး မြို့တော် နေပြည်တော် သို့လည်း သွားရောက်ရန် စီစဉ် ထားပြီး ရွေးကောက်ခံ သမ္မတ ဦးသိန်းစိန်၊ ဘောလုံးရူး တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ နှင့် တွေ့ဆုံ ဦးမည်ဟု သိရှိ ရသည်။

"မြန်မာ နိုင်ငံမှာ အသစ် ဖွဲ့စည်းမယ့် နာမည်ခံ အရပ်ဖက် အစိုးရကို နိုင်ငံ တကာက အသိ အမှတ်ပြု လက်ခံအောင် ကြိုးစားတဲ့ နေရာမှာ ဒီလို ကမ္ဘာကျော် ဧည့်သည်တော် ပုဂ္ဂိုလ်မျိုးကို အသုံးချ မယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး"ဟု ရန်ကုန် အခြေစိုက် အနောက်တိုင်း သံတမန် တစ်ဦးက မှတ်ချက် ပေးသည်။

ဆိုးဝါး လှသည့် လူ့အခွင့် အရေး ချိုးဖောက်မှု မှတ်တမ်း များကြောင့် နိုင်ငံတကာမှ ရှုတ်ချ၊ ပြစ်ပယ် ထားမှုကို ရင်ဆိုင် ရုန်းကန် နေရသည့် မြန်မာ အစိုးရ အတွက် ဘလတ္တာ၏ ခရီးစဉ်သည် လိုလို လားလား ကြိုဆို ရမည့် အသိ အမှတ် ပြုခံရမှု တစ်ခုပင် ဖြစ်သည်။

မစ္စတာ ဘလတ္တာ အနေဖြင့် မနက်ဖြန် တစ်ည အိပ်ရမည့် နေပြည်တော်သို့ သွားရောက်ရန် လိုလားခြင်း မရှိ သော်လည်း ဘောလုံး ကိစ္စ ဖြစ်နေသည့် အတွက် ရွေးချယ် စရာ မရှိခဲ့ဟု ဖီဖာ ကိုယ်စားလှယ် အဖွဲ့နှင့် နီးစပ်သော သတင်း ရပ်ကွက်က ပြောကြားသည်။

"ဒီခရီးစဉ်ဟာ အားကစား မြှင့်တင်ရေး သက်သက် ပါပဲ" ဟု ရန်ကုန်မှ အမည် မဖော်လိုသူ ဘောလုံး အဖွဲ့ချုပ် တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

မကြာမီက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သော သြဇာတိက္ကမ ကြီးမားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ဘောလုံး ၀ါသနာရှင် တစ်ဦး ဖြစ်သည် ဟု သူမ၏ ပါတီ သတင်း ရပ်ကွက် အဆို အရ သိရှိရသည်။

ယခု ခရီးစဉ်တွင် သူမနှင့် တွေ့ဆုံမည့် အစီ အစဉ်ကို ထည့်သွင်းအောင် ဖီဖာ ဥက္ကဌကို တိုက်တွန်းရန် အနောက်နိုင်ငံ အစိုးရ တာဝန်ရှိသူ အချို့က ကြိုးစား ခဲ့ကြ သော်လည်း ယင်း ခရီးစဉ်သည် ဘောလုံး ကိစ္စ သတ်သတ် ဖြစ်ပြီး နိုင်ငံရေးနှင့် မသက်ဆိုင် သောကြောင့် ငြင်းပယ်ခြင်း ခံရသည်။

သို့သော်လည်း အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲ များကို စိတ်ပါ ၀င်စားစွာ ဂြိုဟ်တု ရုပ်သံတွင် ပုံမှန် စောင့်ကြည့် အားပေးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက်မူ ဖီဖာ ဥက္ကဌ၏ ခရီးစဉ်သည် သံတမန်ရေး အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။ ယင်းသည် သူ၏ မြေးအကြီးဆုံး နေရွှေသွေးအောင် (ဖိုးလပြည့်) နည်းတူ မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်း၏ အမာခံ ပရိသတ် ဖြစ်သည်ဟု ကြားသိရသည်။ နေရွှေသွေးအောင်သည် မြန်မာ နိုင်ငံတွင် ပရော်ဖက် ရှင်နယ် လိဂ် ဘောလုံး ပြိုင်ပွဲများ ကျင်းပရန် သူ၏ အဖိုးအား လွန်ခဲ့သော ၂ နှစ်က တိုက်တွန်း ခဲ့သူ ဖြစ်သည်။

ဘောလုံးသည် မြန်မာ နိုင်ငံတွင် ရေပန်း အစားဆုံး အားကစားနည်း တစ်ခု ဖြစ်သည်။ သီတင်း ပတ်ကုန် စနေ၊ တနင်္ဂနွေ ရက်တိုင်းတွင် ပြုလုပ်သည့် အင်္ဂလိပ် ပရီးမီးယားလိဂ် ပြိုင်ပွဲများကို ထိုင်းနိုင်ငံမှ ထုတ်လွှင့်မှုအား တရား မ၀င် ဖမ်းယူသည့် ရုပ်သံ လိုင်းများတွင် တစ်နိုင်ငံလုံး နီးပါး ကြည့်ရှု အားပေး ကြသည်။

တစ်ပွဲချင်း အပေါ် အလောင်း အစား ပြုလုပ်သော ငွေပမာဏမှာ ပြည်တွင်းသုံး ကျပ်ငွေ သန်းနှင့် ချီသည် ဟုလည်း သိရသည်။

ယခု အခါ မြန်မာ နိုင်ငံတွင် ပြည်တွင်းလိဂ် ပြိုင်ပွဲ ရှိနေပြီ ဖြစ် စိတ်ဝင်စားမှု ဆက်လက် တိုးပွား နေသည်။ ပြည်တွင်း၌ တစ်လလျှင် လစာ ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်း အထိ ရရှိသော အားကစား သမား ၁၀၀ ကျော် ရှိနေပြီး ပြည်ပ အားကစား သမားများ (အထူးသဖြင့် အာဖရိက)လည်း ပါဝင်သည်။

၂၀၀၉ ဇန်န၀ါရီလ တွင် အစိုးရ၏ လုပ်ဖော် ကိုင်ဖက် စီးပွားရေး လုပ်ငန်းရှင် များအား ပရော် ဖက်ရှင်နယ် ဘောလုံး အသင်းများ ဖွဲ့စည်း ကြရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ပေးခဲ့ပြီး မက်လုံး ပေးသည့် အနေဖြင့် ကျောက်မျက်နှင့် ကျောက်စိမ်း တွင်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးပြီး မြန်မာ နိုင်ငံတွင် အချမ်း သာဆုံးဟု ဆိုနိုင်သည့် လုပ်ငန်းရှင် ၈ ဦးက မနှစ်က ပထမဆုံး လိဂ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ဘောလုံး အသင်းများ ကိုယ်စီ ထူထောင် ကြရပြီး အသင်း တိုင်းကို နိုင်ငံခြား နည်းပြ ခန့်အပ်ရန် တိုက်တွန်း ခဲ့ကာ ပြည်ပ အားကစား သမား အများဆုံး ၅ ဦးထိ ပါဝင် ကစားခွင့် ပြုခဲ့သည်။

အသစ် ထူထောင်သည့် ဘောလုံး ကလပ် ၈ သင်းကို နိုင်ငံ၏ ဒေသကြီး ၈ခုကို ကိုယ်စား ပြုစေသည်။ ဗိုလ်ချုပ် မှူးကြီး၏ မြေးဖြစ်သူ ကိုယ်တိုင် ကမူ မြန်မာလိဂ်၏ အဓိက ပုဂ္ဂိုလ် ဦးဇော်ဇော် ပိုင်ဆိုင်သော ဒယ်လ်တာ ယူနိုက်တက် ကလပ်တွင် ကစားသမား တစ်ဦး အဖြစ် အပျော်တမ်း ပါဝင် သည် ဟု ဆိုသည်။

မနှစ်က ရွေးကောက်ပွဲ မတိုင်မှီ ပြည်သူတို့၏ အားပေး ထောက်ခံမှုနှင့် လက်ခံ အသိ အမှတ်ပြု မှုကို ရရှိရန် ကြိုးစားရာတွင် ဘောလုံးလိဂ် ထူထောင်ခြင်း၏ နိုင်ငံရေး အကျိုး အမြတ်ကို ဗိုလ်ချုပ်မှူးကြီးက ချက်ခြင်း လက်ငင်း တွေ့မြင် ခဲ့ပုံ ရသည်ဟု နေပြည်တော် သတင်း ရပ်ကွက်က ဆိုသည်။

"တကယ်လို့ ဘာ အမြတ်မှ မရှိရင်တောင် စိတ်အပန်းဖြေ စရာ တစ်ခု ဖြစ်တာပေါ့" ဟု အစိုးရ ထိပ်ပိုင်း တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး၏ မဖြစ် နိုင်သော အယူ အဆများ ထဲတွင် ယခင် မန်ချက်စတာ ယူနိုက်တက် စတား ဒေးဗစ် ဘက်ခမ်း ကစားသည်ကို ကြည့်ရှု လိုသည့် ဆန္ဒလဲ ပါဝင် သည်ဟု ဆိုသည်။ ဒေးဗစ် ဘက်ခမ်းသည် နာမည် ကျော်ကြား အများ လေးစားသော နိုင်ငံတကာ စူပါစတား များထဲမှ တစ်ဦး ဖြစ်ခြင်းကြောင့် ယင်းသို့ ကြံစည်ခြင်း ဖြစ်ပုံ ရသည်။ လက်ရှိ ကစား နေသော ပြည်ပ ဘောလုံးသမား များသည် ယင်း မျှော်လင့် ထားသော နာမည်ကြီး များ၏ အဆင့်ကို မမှီ သော်ငြားလည်း မြန်မာလိဂ် ပွဲမှာမူ သိသိ သာသာ ရေပန်း စားလာ ခဲ့သည်။

ဦးဇော်ဇော် သည်လည်း လိဂ်ပြိုင်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းမှု များကြောင့် ပြိုင်ပွဲ၏ နာယက နှင့် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖြစ်လာ ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ မြေးအဖိုး နှစ်ယောက်နှင့် ပို ရင်းနှီး လာသည်ဟု သတင်း မွှေးလျက် ရှိသည်။

ယင်း၏ Max Myanmar အုပ်စုမှာ ဗိုလ်ချုပ်ကြီး များနှင့် ပူးပေါင်း စီးပွား ရှာနေသော အကြီးဆုံး ကုမ္ပဏီကြီးများ ထဲတွင် ပါဝင် နေခြင်းကြောင့် သူနှင့် သူ့ကုမ္ပဏီကို အမေရိကန် ပြည်ထောင်စု၏ အရေးယူ ဒဏ်ခတ်သည့် စာရင်းတွင် ထည့်သွင်း ထားသည်။

မြန်မာ အစိုးရ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး များက နိုင်ငံတကာ အားကစား လောကသို့ ၀င်ရောက်ရန် အတွက် သူတို့တွင် ငွေကြေးနှင့် အာဏာ လုံလောက်စွာ ရှိသည်ဟု မှတ်ယူ ထားကြပုံ ရသည်။

WiKiLeaks မှ ပေါက်ကြားခဲ့သော လျှို့ဝှက် အချက် အလက်များ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် အင်္ဂလိပ် ထိပ်တန်း ကလပ် မန်ချက် စတာ ယူနိုက်တက် ကိုပင် ၀ယ်ယူရန် အသေးစိတ် စဉ်းစား ခဲ့သည်ဟု သိရှိ ရသည်။

ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ၀ါရှင်တန်သို့ သတင်း ပို့သည့် သံတမန် ကေဘယ် တစ်ခုတွင် မြန်မာ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား သူ၏ မြေးက ၂၀၀၉ ဇန်န၀ါရီ မတိုင်ခင် ဘာကလေ ပရီးမီးယားလိဂ် အသင်းကြီး များကို ၀ယ်ယူရန် အကြံပေး ခဲ့သည်ဟု ဖော်ထုတ် ထားသည်။

ယင်းမှာ ဒေါ်လာ ၁ ဘီလျံ အသုံး ပြုရန် စဉ်းစား ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ပရော်ဖက် ရှင်နယ် လိဂ် ထူထောင်ရန် မစီစဉ် မီက စဉ်းစား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

အထက်ပါ အမေရိကန် သံတမန် ဆက်ကြောင်း ကေဘယ်တွင် "သန်းရွှေ၏ မြေးက မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ရန် သူ့အဖိုးအား ဒေါ်လာ ၁ ဘီလျံ ပူဆာခဲ့ကြောင်း၊ သို့သော် ယင်းသို့ သုံးစွဲမှုသည် အများ အမြင် မသင့်တော်ဟု ယင်းက ယူဆ သွားခဲ့ မြန်မာ ကိုယ်ပိုင် လိဂ် ထူထောင်ရန် ရွေးချယ် ခဲ့ကြောင်း" ဖော်ပြ ထားသည်။

အထက်ပါ အချက် များကို အခြေခံ ကောက်ချက် ချရ မည် ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ ကြိုးဆွဲ ရုပ်သေးရုပ်များ ရေပန်း စားမှုကို အားပေး မြှင့်တင်ရန် အားကစားကို အသုံးချ လိုကြောင်း၊ ထိုသို့ ပြုလုပ်ရန် ဘောလုံးကို အဓိက နည်းလမ်း အဖြစ် ရှုမြင် ထားကြောင်း ပေါ်လွင် နေသည် ဟု ဆိုရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ အစိုးရ၏ ၀ါဒဖြန့် ကိစ္စများ အတွက် အသုံးချ မခံရအောင် ဖီဖာက ရှောင်ရှားရန် ကြိုးစား ခဲ့သည့်တိုင် ယခု တပတ် ဘလတ်တာ၏ မြန်မာ ခရီးစဉ်သည် ဗိုလ်ချုပ် မှူးကြီး၏ ကစားပွဲ ဗျူဟာနှင့် ကွက်တိ အံဝင် နေပါကြောင်း တင်ပြ လိုက်ရ ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment