၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များ အကြား ပင်လုံ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြသည်။ ထိုစာချုပ်သည် နက်နက် ရှိုင်းရှိုင်း သဘောထား ကွဲနေသော တိုင်းပြည်ကို စည်းလုံး ညီညွတ် စေရန် အတွက် အရေး ကြီးသည့် ပထမ အဆင့် ဆောင်ရွက်မှု ဖြစ်သည်ဟု ရှုမြင် ခဲ့ကြသည်။ ဒီမိုကရေစီ အခြေခံသော တိုင်းပြည် များက သတ်မှတ်ထား သည့် အခြေခံ အခွင့် အရေးများ၊ အခွင့် အလမ်း များကို တောင်တန်း ဒေသနေ ပြည်သူများ ရရှိ ခံစားနိုင် မည်ဟု ပင်လုံ စာချုပ်တွင် ဖော်ပြ ထားသည့် အဆိုပါ ဒေသများအတွက် ပြည်တွင်း အစိုးရ အတွင်း အပြည့် အဝ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ကို ရန်ကုန် အစိုးရ ကလည်း လက်ခံခဲ့ပြီး၊ နောက်ထပ် ၁၀ နှစ် အကြာတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရန် အချက်ကို ကြိုတင် သဘော တူခဲ့ကြသည်။
သို့သော်လည်း ထိုသို့ သဘော တူညီချက် ရရှိပြီး မကြာခင် မှာပင် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံ ခံရကာ ပြည်တွင်းစစ် ဖြစ်ပွား ခဲ့ရသည်။ တိုင်းပြည် ပြိုကွဲလု နီးပါး အခြေ အနေသို့ ရောက်ရှိ သွားခဲ့ရာ ပင်လုံ စာချုပ်မှာလည်း လုံးဝ မလေးစား တော့သည့် ဘဝ သို့ ရောက်သွား သည်။ ထို့နောက်တွင် အင်အား ကြီးသော ဗမာ့ တပ်မတော်ကို တည် ဆောက်ကာ လက်နက်ကိုင် သူပုန် များကို နယ်စွန် နယ်ဖျားသို့ ဖြည်းဖြည်းချင်း မောင်းထုတ် ခဲ့ကြသည်။
တပ်မတော် အစိုးရ၏ ဝါဒဖြန့် အာဘော်များ ထံမှ ခေါင်းစဉ် တစ်ခုမှာ နိုင်ငံတော် မပြိုကွဲ ရေးပင် ဖြစ်သည်။ ကျူးကျော် သူများ သူပုန် များ၏ ရန်ကို ကြောက်ရွံ့အောင် သိမ်းသွင်း ခံထား ရသော ဗမာ လူထု သည်လည်း ပြည်တွင်းစစ် ပြဿနာ၏ တကယ့် သဘာဝ အမှန်ကို မသိမမြင် နိုင်အောင် ဖြစ်ခဲ့ ကြရသည်။ အဆိုပါ တိုင်းပြည် ပြိုကွဲ နိုင်မှု အန္တရာယ်သည် တပ်မတော်က အာဏာ ဆက်ယူရန် ကိုယ့်သက်သေ ကိုယ်ပြမည့် အကြောင်းရင်း တစ်ခု ဖြစ်လာ ခဲ့သည်။
ဒေါ်အောင်ဆန်း စုကြည်က သူမ လွတ်မြောက်လာပြီး မကြာမီ ဒုတိယ ပင်လုံ ညီလာခံကို တောင်း ဆိုခဲ့ သော်လည်း နိုင်ငံတကာ သတင်း ဌာနများက ဖော်ပြရုံ မျှသာ အဖတ် တင်ခဲ့သည်။
"မြန်မာ နိုင်ငံက ပြဿနာ တွေကို ဖြေရှင်းဖို့ အတွက် ဒီပင်လုံ သဘော တူညီချက် လိုအပ် တယ် ဆိုတဲ့ အကြောင်းကို တိုင်းရင်းသား လက်နက်ကိုင် အုပ်စု တိုင်းက ပြောကြ ပါတယ်။ ဒေါ်အောင်ဆန်း စု ကြည် ကလည်း ဒါကို ထောက်ခံ ပါတယ်" ဟု ရွက်ဆစ်က ဆိုသည်။
သို့သော် ဤကိစ္စသည် သူမ၏ အကြံ ဥာဏ် မဟုတ်ဘဲ အခြား သူများ၏ အယူ အဆကို သူမက နောက်မှ လိုက်ရုံမျှသာ ဖြစ်သည်။ "ဒီပင်လုံ သဘော တူညီချက် စာတမ်းကို ကျွန်တော်တို့ ထုတ် ပြန် ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကပါ။ ဒေါ်အောင်ဆန်း စုကြည်က ဘာကြောင့် အခု အချိန်မှ ထုတ် ပြော လာ တာလဲ" ဟု ရွက်ဆစ်က မှတ်ချက် ပြုသည်။
ရွက်ဆစ်နှင့် ကွဲပြားသည့် အချက်မှာ ဒေါ်အောင်ဆန်း စုကြည်သည် သက်တောင့် သက်သာ ရှိ၍ အခွင့် အလမ်း ကောင်းသော အခြေ အနေတွင် ကြီးပြင်း ခဲ့ရ ခြင်းပင် ဖြစ်သည်။ မြန်မာ နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ထို့နောက် အောက်စဖို့ တက္ကသိုလ်တွင် ပညာ သင်ကြား ခဲ့ရသော ဒေါ်အောင် ဆန်း စုကြည်သည် ကုလ သမဂ္ဂတွင် အလုပ် လုပ်ခဲ့ပြီး နောက်ပိုင်း တွင် သူမ၏ ခင်ပွန်း ဖြစ်သူ တိဘက် ရေးရာ ပညာရှင် မိုက်ကယ် အဲရစ်စ်နှင့် အတူ ကူတန်တွင် နေထိုင် ခဲ့သည်။ သူတို့ နှစ်ဦး အောက်စဖို့သို့ ပြန်ရောက် သောအခါ မိုက်ကယ် အဲရစ်က ဒေါက်တာဘွဲ့ ယူရန် လုပ်ဆောင် ခဲ့ပြီး ဒေါ်အောင်ဆန်း စု ကြည် ကမူ အိမ်ရှင်မ ဘဝကို ခံယူကာ သားနှစ်ဦး ဖြစ်သော Alexander နှင့် Kim တို့အား ပြုစု ပျိုးထောင်ရေး အပေါ် အာရုံ စိုက်ခဲ့သည်။ ဤအခြေ အနေသည် ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ကာလများ အထိသာ ဖြစ်၍ သူမ၏ မကျန်းမာသော မိခင်ကို ပြုစုရန် မြန်မာ နိုင်ငံသို့ ပြန်လာ ခဲ့ချိန်တွင် မြန်မာ နိုင်ငံရေး နယ်ပယ် ထဲသို့ သွတ် သွင်းခြင်း ခံလိုက် ရသည်။
ဒေါ်အောင်ဆန်း စုကြည်၏ သူငယ်ချင်း တစ်ဦးက သူမအား ချစ်စနိုးဖြင့် သရုပ် ဖော်သည်မှာ "ရယ်စရာ ကောင်း လောက်အောင် ရိုး လွန်းသူ၊ အမှန် တကယ် အပြစ် ကင်းစင်သူ၊ ကိုယ့်ကျင့် သိက္ခာ အပြစ် အနာ များကို ဖုံးကွယ် နိုင်စွမ်း မရှိသော အစဉ် အလာ အရှေ့တိုင်းသူ စစ်စစ် တစ်ယောက်" ဟူ၍ ဖြစ် သည်။
ရွက်ဆစ်နှင့် မတူ ကွဲပြားသည့် ဒေါ်အောင်ဆန်း စုကြည်သည် သေနတ်ပြောင်း သြဇာ လွှမ်း နိုင်ငံရေး စနစ် ရှိသည့် မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေး သမား တစ်ဦး အဖြစ် ဂန္ဒီနှင့် မာတင် လူသာကင်း တို့၏ အစဉ် အလာကို လိုက်ပါသူ ဖြစ်သည်။ ထို့အပြင် သူမသည် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်နေ ပြန်သည်။ မြန်မာ့ တပ်မတော်နှင့် သူမ၏ ခိုင်မာသော သံယောဇဉ်ကို တစ်ခါက ဤသို့ ပြောပြ ခဲ့သည်။ "ကျွန်မ အဖေ ထူထောင် ခဲ့တယ် ဆိုတဲ့ အကြောင်း တစ်ခု ထဲကြောင့် မဟုတ်ပါဘူး။ ကျွန်မ ကလေး ဘဝတုန်းက သူ့ရဲ့ ရဲဘော် တွေက ထိန်းပေး ခဲ့ကြ တာပါ" ဟု သူမက ဆိုသည်။ သူမ၏ ဖခင်ကို မြန်မာ နိုင်ငံတွင် ယခု အထိ လေးစား ချစ်ခင် နေကြဆဲ ဖြစ်သော် လည်း ဤလေးစား မှုမှာ အမှန် တရားနှင့် အလှမ်း ကွာသွား ခဲ့ပါပြီ။ ရွက်ဆစ် ဘဝ တစ်လျှောက်လုံး ဆန့်ကျင် တိုက်ခိုက် ခဲ့ သည့် မြန်မာ စစ်တပ်ကို ဗိုလ်ချုပ် အောင်ဆန်းက ထူထောင် ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
"ပြည်တွင်းစစ် အကြောင်းကို ဒေါ်အောင်ဆန်း စုကြည် ဘယ်လောက် သိထား သလဲ ဟု ရွက်ဆစ် အား မေးလိုက် သော အခါ သူ၏ လက်ထောက်များ အကြား ခြောက်ကပ်ကပ် ရယ်သံ ထွက်လာသည်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ တာမျိုး မရှိ ခဲ့ဘူးတဲ့ အတွက် သူ့အမြင်ကို ကျွန်တော်တို့ မသိပါဘူး ဟု ရွက်ဆစ်က ပါးနပ်စွာ ပြောကြားသည်။ ဒေါ်အောင် ဆန်းစုကြည်က လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အကျယ်ချုပ် ဘဝနဲ့ အဆက်ဖြတ် ခံထား ရသူပါ။ လွတ် မြောက် လာတဲ့ အချိန် မှာလည်း သူမရဲ့ လှုပ်ရှားမှု တွေကို အစိုးရ ပြင်းပြင်း ထန်ထန် တင်းကြပ် ချုပ်ချယ် နေတာ ဆိုတော့ သူမ အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ မဖြစ် နိုင်ပါဘူး။ သူမက သီအိုရီ အရ ပြောနိုင် ပေမယ့် လက်တွေ့ မကျဘူးလေ။ ပြောတာ ကတော့ လွယ်ပါတယ်။ ဒါပေမဲ့ လက် တွေ့ အမှန် တရားက အများကြီး ပိုပြီး ခက်ခဲပါတယ် ဟု ရွက်ဆစ်က ဆိုသည်။
တစ်ဦးက စစ်ပွဲ၏ ခက်ခဲ ကြမ်းတမ်းသော အတွေ့ အကြုံ ပေါ်တွင် အခြေ ခံပြီး နောက်တစ် ဦးက ပြုပြင် ပြောင်းလဲရေး အတွက် သဘော တရား ရေးရာ ပေါ်တွင် အခြေခံ ကြသော ခြားနား လွန်းသည့် လွတ်လပ်ခွင့် တိုက်ပွဲ ဝင်သူ နှစ်ဦး၏ ကွဲပြားသော အမြင် များသည် ဆုံမှတ် တစ်ခုတွင် တွေ့နိုင်ပါ သလား။ ဒေါ်အောင်ဆန်း စုကြည်ကို ထူးခြားအောင် မည်သည့် အရာ များက ပြုလုပ် ပေးထား ပါသလဲ။ လူအများစုက သဘော တူကြသည့် အချက်မှာ သူမသည် ကောင်းစွာ လက်ခံ နားထောင်ရန် ပြင်ဆင် ထားသူ တစ်ဦး ဟူသော အချက်ပင် ဖြစ်သည်။ "ဒေါ်အောင်ဆန်း စုကြည်က ဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက်ပါ။ ပြီးတော့ အရပ်သား ဆိုလည်း ဟုတ်တယ်။ ပြည်သူ တွေနဲ့ လည်း ပြောဆို ဆွေးနွေးတယ်။ သူမ ဘာလုပ် နိုင်သလဲ ဆိုတာကို ပြည်သူတွေက အကြီး အကျယ် မျှော်လင့် ထားကြတယ်။ သူမ ကလည်း ပြည်သူ တွေ အတွက် အကောင်းဆုံး ကြိုးစား နေတယ်။ ဒါပေမယ့် သူမဟာ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဘယ်လို စည်းရုံး နိုင်မလဲ ဘယ်လို စီမံ ခန့်ခွဲ နိုင်မလဲ ဆိုတာကို ကျွန်တော်တို့ အတိ အကျ မသိပါဘူး" ဟု ရွက်ဆစ်က သုံးသပ်သည်။
နောက်ထပ် ပင်လုံ ညီလာခံ တစ်ခု ကျင်းပရန် အတွက် ဒေါ်အောင်ဆန်း စုကြည်ကို တပ်မတော် အစိုးရက လွတ်လပ်ခွင့် ပေးမည့် အလားအလာ မရှိပါ။ ရွက်ဆစ် ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အတွက် တကယ့် နိုင်ငံရေး လွတ်လပ်ခွင့် ဒေါ်အောင်ဆန်း စုကြည်ကို ပေးဖို့ သူမနှင့် ဆွေးနွေးရန် အစိုးရက လုံးဝ စိတ်ဝင် စားခြင်း မရှိပါ။
သို့သော်လည်း ရွက်ဆစ်က မျှော်လင့်ချက် အပြည့် အဝ ထားရှိပြီး စိတ်တံခါးကို ပွင့်လင်းစွာ ဖွင့်ထားသည်။ သူက ရှေ့အလား အလာကို မျှော်မှန်းကာ "ဒီလိုဗျာ တကယ်လို့ သူမ တစ်ချိန် ချိန်မှာ အာဏာ ရလာ ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အတူ တကွ လုပ်ဆောင် နိုင်ကြ လိမ့်မယ် လို့ ကျွန်တော် မျှော်လင့်ထား ပါတယ်" ဟု ပြောကြားသည်။
မြန်မာ နိုင်ငံ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဟု မေးသော အခါ တွေဝေခြင်း မရှိပဲ ပြည်တွင်း စစ်ဟု ဖြေပါသည်။
ရွက်ဆစ်က ကောင်းကင်ကို လက်ညှိုး ထိုးကာ "ဒီကိစ္စကို ဟိုးထိပ်ဆုံးမှာ ထားပြီး ဦးစား ပေးရမှာပါ" ဟု တင်စားသည်။ ပြဿနာကို ဖြေရှင်း မယ်လို့ ဆုံးဖြတ်ပြီး အဆက် မပြတ် ကြိုးပမ်း မှု မရှိရင် သိပ်ကြာ နေပြီ ဖြစ်တဲ့ ပြဿနာ ပြေလည်ရေး ကိစ္စဟာ အလှမ်းဝေး နေဦး မှာပါ။ လက်ရှိ အနေ အထား ကတော့ ငြိမ်နေတယ်။ ဘာဖြစ် လာမလဲ ဆိုတာကို တိုင်းရင်းသား အုပ်စု အားလုံးက စောင့်ကြည့် နေကြတယ်။ တကယ်လို့ အစိုးရ ဖက်က ထူးမခြားနားပဲ ဆိုရင်တော့ တိုင်းရင်းသား အုပ်စုတွေက လည်း ဗိုလ်နေမြဲ၊ ကျားနေမြဲ ပဲပေါ့"ဟု သုံးသပ် ပြသော ရွက်ဆစ်က "မြန်မာ နိုင်ငံမှာ ဆန္ဒ ပြပွဲတွေ၊ တိုက်ပွဲတွေ ပိုများ လာလိမ့်မယ်" ဟု သတိ ပေးသည်။
လွယ်တိုင်းလျန်တွင် နေထိုင်သူ အားလုံးမှာ ငြိမ်းချမ်းရေး ဆိုသည်ကို လုံးဝ မသိကြပါ။ သူတို့ အပါ အဝင် အခြား တိုင်းရင်းသား များအတွက်မူ စစ်ပွဲနှင့် စစ်ပွဲက သယ်ဆောင် လာသော မလုံခြုံမှု သည်သာ အမြဲတမ်း ရှိနေသော အမှန် တရား ဖြစ်သည်။ လွယ်တိုင်းလျန် ခရီးစဉ်၏ နောက်ဆုံး ရက်တွင်မူ ရှေ့တန်း စခန်းသို့ သွားရောက်ကာ ရှမ်းစစ်သား များနှင့် စကား ပြောဆို ခဲ့သည်။
ဂေါင်ပကာ ရှေ့တန်း စခန်းတွင် ပတ်ဝန်းကျင် တောင်တန်း အနိမ့် အမြင့် များကြောင့် အသက်ရှု မှားလောက်ဖွယ် ရှုခင်းကို တွေ့မြင် ရသည်။
ကျွန်တော်တို့ ရပ်နေသော နေရာ၏ အောက်ဖက် ခပ်ဝေး ဝေးရှိ တောင်ကုန်းများ ပေါ်မှ UWSA ဝ တပ်ဖွဲ့၏ စခန်း လေးများကို ကြည့်ရ သည်မှာ ရှေးဟောင်း ဥရောပ ခံတပ် များနှင့် တူလှ ပေသည်။ ၂၀၀၅ ခုနှစ်က တစ်လကျော် ကြာမြင့်သော တိုက်ပွဲ အတွင်း ဝ တပ်ဖွဲ့က ထိုနေရာကို တိုက်ခိုက် တပ်စွဲ ခဲ့ခြင်း ဖြစ်သည်။ အင်ဖက် တာမင်း အစွမ်းဖြင့် ရဲဆေး တင်ထားသည့် ဝ စစ်သား များက လှိုင်းလုံးများ သဖွယ် တစ်လိမ့်ပြီး တစ်လိမ့် တောင်ကြောပေါ်သို့ တွယ်ဖက် တက်လာကာ ခိုင်ခန့်စွာ ပြင်ဆင် ထားသော SSA ဘန်ကာများ ထဲသို့ ဝင်ရောက် လာခဲ့ သည်ဟု ဆိုသည်။ ထိုတိုက်ပွဲတွင် နှစ်ဖက် စလုံးမှ တပ်သား ရာနှင့် ချီ၍ ကျဆုံး ခဲ့သည်ဟု သိရှိ ရသည်။
ထိုနေရာသို့ ကျွန်တော်တို့ ရောက်ရှိ သွားချိန်တွင် နေဝင် ကာစသာ ရှိသေးသည်။ လိုက်ပါလာ သော အစောင့်များ ထဲမှ တစ်ဦးမှာ အနီးရှိ ကတုတ်ကျင်း တစ်ခု ပေါ်တွင် ဟိုမှ ဒီမှ နေရာ ရွှေ့ကာ သူ၏ ထိုင်းမိုဘိုင်းဖုန်း Signal မိနိုင်မည့် နေရာကို ရှာဖွေ နေသည်။ တဲထဲမှ မီးပုံ ပတ်လည်တွင် စုဝေး နေသော စစ်သား တစ်သိုက်ထံ ကျွန်တော် ဝင်ရောက် ပူးပေါင်း လိုက်သည်။ သူတို့ထဲမှ တပ်မှူး စိုင်းပန်သည် ဝ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်စဉ် တစ်လျှောက်လုံး ကတုတ်ကျင်း များထဲတွင် ရှိခဲ့သူ တစ်ဦး ဖြစ်သည်။ သူက SSA သို့ ဝင်ရောက် ခဲ့ပုံကို ကျွန်တော့်အား ပြောပြသည်။ မြန်မာ စစ်တပ်များက သူတို့၏ ရွာသို့ ရောက်လာ ကာ မြို့နှင့် အနီးဆုံး နေရာသို့ ရွှေ့ကြရန် ရွာသား များကို အမိန့် ပေးခဲ့သည် ဟု သူက ဆိုသည်။ ရွာကို နေရာ မရွှေ့ရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်တယ်" ရွာသား အချို့က အမိန့်ကို မသိချင် ယောင်ဆောင်ကာ ရွာတွင် ဆက်နေရန် ဆုံးဖြတ် ကြသော်လည်း စိုင်းပန်ကမူ သတ်မှတ်ရက် ကျော်သည် အထိ တောထဲတွင် ပုန်းနေ ခဲ့သည်။ စိုင်းပန် ပြန်လာ ချိန်တွင် ရွာမှာ မီးလောင် ပြာကျ နေပြီး လူသေ အလောင်း များလည်း ပြန့်ကျဲ နေသည်။
ရှမ်းနှင့် ဗမာတို့ ငြိမ်းချမ်းစွာ အတူ နေထိုင် နိုင်ကြမည်ဟု စိုင်းပန် ယူဆ နိုင်ပါ့မလား။ "ဗမာ စစ်တပ် နဲ့ သူတို့ကို ထောက်ခံ အားပေးသူ တွေက ဒီလို နည်းလမ်းတွေ အသုံး ပြုနေ တာကို ရပ် လိုက်မယ် ဆိုရင် တော့ နောက်ပိုင်း ကျရင် ဖြစ်လာ နိုင်ပါ လိမ့်မယ်" ဟု စိုင်းပန်က မှတ်ချက် ပေးသည်။
ငယ်ရွယ်ပုံ ရသော စစ်သား တစ်ယောက် ကမူ သဘော မတူပါ။ "ဗမာ တွေက သတ်ချင် ဖြတ်ချင် နေကြ တာပါ။ တိုင်းရင်းသား သန့်စင်ရေးပေါ့" ဟု သူက ဆိုသည်။ အခြား စစ်သား များက ခေါင်းညိတ် ထောက်ခံ ကြသည်။ "သူတို့ကို ရပ်တန့် သွားအောင် လုပ်ဖို့နည်း မရှိပါဘူး။ ဒါသူတို့ သဘာဝပါ။ တိုင်းရင်းသား တွေကို ရှင်းပစ်ပြီး သူတို့ တစ်စုပဲ ရှိချင် ကြတာလေ။ တိုင်းရင်းသား မျိုးဖြုတ် သန့်စင်ရေးကို ဆက်လုပ် နေသမျှတော့ ဒီမိုကရေစီ ဆိုတာ ရှိမလာ နိုင်ပါဘူး" ဟု အဆိုပါ စစ်သား လူငယ်က ပြော ကြားသည်။
မြန်မာ နိုင်ငံ၏ ဒုတိယ မြို့တော် မန္တလေးတွင် နေထိုင် ခဲ့ဘူးသော အဆိုပါ စစ်သား လူငယ်က ဗမာများ အကြောင်း ပြောစရာ ကောင်းကွက် မရှိဟု ဆိုသည်။ "ကျွန်တော်နဲ့ တွေ့ခဲ့ ဖူးတဲ့ ဗမာ တွေက အပြောတော့ ချိုပါတယ်။ ဒါပေမဲ့ စိတ်ဓာတ် ကတော့ သိပ်မဟုတ် လှဘူး။ ကျွန်တော် ကတော့ ဘယ်ဗမာ ကိုမှ မယုံကြည်ဘူး"ဟု ၎င်းက ပြောကြားသည်။
ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုတော့ ယုံကြည်တယ် မို့လား ဟု မေးသော အခါ ဒေါ်အောင်ဆန်း စုကြည် အပေါ် မှာလည်း ယုံကြည်မှု မရှိပါဘူး။ သူက ဗမာတွေ အပေါ် ကောင်းနိုင် ပေ မယ့်လည်း ရှမ်းတွေ အတွက်တော့ မဟုတ်ပါဘူး ဟု ၎င်းက ပြောကြားသည်။ သူ့ဖက်က အမြင် အရဆို လျှင် ဤရှေတန်း စခန်း နယ်မြေ၌ ဗမာများသည် ကျူးကျော်သော စစ်တပ်သာ ဖြစ်ပေသည်။ ဤကိစ္စ သည် ညှိနှိုင်း ရနိုင်မည် မဟုတ်ပါ။
"သူတို့က ကျွန်တော်တို့ ပြည်နယ်ကို ကျူးကျော် ခဲ့တာပါ" ဟု အဆိုပါ ရှမ်း စစ်သားက မှတ်ချက် ပြု သည်။
(ဆောင်းပါးရှင် Nic Dunlop သည် ဘန်ကောက် အခြေစိုက် ဓာတ်ပုံ ဆရာ သတင်းထောက် တစ်ဦး ဖြစ်ပြီး သူနှင့် အတူ Annie Sundberg နှင့် Ricky Sterm တို့ ပူးတွဲ ရိုက်ကူး ခဲ့သော Burma Soldier ရုပ်ရှင်ကို လာမည့် မေလ အမေရိကန် ပြည်ထောင်စုတွင် HBO ၌ ပြသမည် ဖြစ်သည်)
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.