Transparency Myanmar

transparency.myanmar@gmail.com

မျိုးဆက်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့်အရာ

          မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းကို ပြန်ကြည့်လိုက်လျှင် ပညာရေးသမိုင်းသုတေသီများ အတည်ပြုပြီးဖြစ်သည့် ဘုန်းကြီးကျောင်းပညာရေးသည် အစောဆုံးနှင့် စည်းမျဉ်းစည်းကမ်း အပီပြင်ဆုံး ပညာရေး အဖွဲ့ အစည်းများဖြစ်သည်။ ထိုအပညာရေးမှာ လောကီ၊ လောကုတ္တရာ ပညာရပ်အဖုံဖုံကို ပိုင်းခြားနားလည်သဘောပေါက်နိုင်သည့် ကျော်ကြားသည့် ပညာရေးမျိုးဖြစ်သည်။ ဤလိုနှင့် ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး ဤနည်း အတိုင်းသာ ပညာသင်ကြားခဲ့ပြီး ခေတ်သစ်ပညာရေးနှင့် စတင်ထိတွေ့ခဲ့သည်မှာ ကိုလိုနီခေတ်မှဖြစ်သည်။ ခေတ်သစ် အနောက်တိုင်း ဝိဇ္ဖာ၊ သိပ္ပံပညာရပ်များနှင့် စတင်ထိတွေ့ခွင့် ရခဲ့သည်။ ဤပညာရေးနစ်၏ ကျေးဇူးကြောင့် ကမ္ဘာအဆင့်မီသည့် ပညာရှင်များ အစွမ်းအစရှိသည့် လူတော်များ တက္ကသိုလ်မြေပေါ်ကနေ ပေါ်ထွန်းလာရသည်မဟုတ်ပါလော....

စနစ်မှား

            ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ တက်ပြီးသကာလ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြိုလဲခြင်းနှင့်အတူ နိုင်ငံမှာလည်း ဆိုရှယ်လစ်နစ်တစ်ခုသို့ ပြောင်းလဲသွားရလေပြီ။ ထိုအချိန်မှစ၍ နိုင်ငံတော် အကြီး အကဲဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းမှာ ဆိုရှယ်လစ်နိုင်ငံရေး၊ စီးပွားရေးစနစ်နှင့်အတူ ဆိုရှယ်လစ် ပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ဆိုရှယ်လစ်ပညာရေးစနစ်ကို လက်မခံလိုသည့် ပညာရှင်များမှာ နိုင်ငံတော်၏ အငြိုငြင်ကိုခံခဲ့ရပါသည်။ မြန်မာစာသည် တို့စာဟူသော အစွဲအလမ်းကြောင့် အင်္ဂလိပ်စာဖြင့်သင်သည့် ဝိဇ္ဖာ၊ သိပ္ပံပညာရပ်များကို မြန်မာစာဖြင့် မျိုးဆက်တစ်ခုလုံး သင်ကြားခဲ့ရသည်။ ဘေးထွက်ဆိုးကျိုးကား နိုင်ငံခြားသို့ ပညာသင်ကြားရန် သွားရောက်သူများ တစ်ခြားနိုင်ငံရှိ ကျောင်းသားများနှင့်ယှဉ်လျှင် ဘာသာစကား အခက်အခဲကြောင့် ပြန်လာရသည်များလည်း ကြုံခဲ့ရပေသည်။ နောက်ပိုင်း နိုင်ငံတော်အကြီးအကဲ၏ စာတော်သော သမီးကိုယ်တိုင် အင်္ဂလိပ်စာ အခက်အခဲကြုံတွေ့လာသောအခါ ပြင်မှဖြစ်တော့မည်ဟု သိတော့သည်။ ဆိုရှယ်လစ် အတွေးအခေါ်များအောက်တွင် ဆိုရှယ်လစ်သဘောတရား အပြည့်အဝရိုက်သွင်းခဲ့သည့် ဆိုရှယ်လစ် ပညာရေး စနစ်မှာ ယခုအခါတော့ သမိုင်းတွင်ကျန်ရစ်ခဲ့လေပြီ။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်က သူ၏ "ငါပြောချင်သမျှ ငါ့အကြောင်းစာအုပ်" တက္ကသိုလ်ပညာရေး အခြေအနေမှာ ဆိုးရွားပြီး မရှုနိုင်မကယ်နိုင် ဖြစ်နေ ရပုံကို "ငါကိုယ်တိုင် ပါဝင်ပတ်သက်နေပေမယ့်၊ ငါကိုယ်တိုင်ဖြေရှင်းလို့မရတဲ့ပြဿနာ၊ ငါရဲ့နည်းက ရေထဲက မှော်ကို လက်နဲ့ခတ်လိုက်ပေမယ့် မှော်မပါပဲ ရေချည်းပါသည့် နည်းမျိုး၊ ဒါပေမယ့် ငါမအောင်မြင်ဘူး။ ဒီပွဲမှာ ငါရှုံးတယ်" ဟူ၍ ဖြစ်လေသည်။

စံမမီတော့

            ယခုခေတ်ကာလ၌ ပညာရေးစနစ်မှာ ယခင်ဆိုရှယ်လစ်အတွေးအခေါ်လွှမ်းမိုးသည့် ပညာရေးစနစ်မျိုး မဟုတ်သော်လည်း စံမီသည့် ပညာရေးစနစ်မျိုးဖြစ်ရန် များစွာကြိုးစားရအုံးမည်ဟု ပညာရေး တက်ကျွမ်း နားလည်းသူ ပညာရှင်များက သုံးသပ်ပြောဆိုကြပါသည်။ တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံများတွင်  ပညာတက်တစ်ဦးသည် လူလတ်တန်းစား တက္ကသိုလ်ပညာတတ်တစ်ဦးအဖြစ် လူတန်းစေ့နေသွားနိုင် မည်ဖြစ်သော်လည်း မြန်မာ နိုင်ငံ၌မူ ဘွဲ့ရပညာမတက် အလုပ်အကိုင် မရှိသည်က ပိုများသည်ဟု ကျွမ်းကျင်သူတစ်ဦးက ဆိုပါသည်။ ဤသည်မှာလည်း အစိုးရ၏ ပညာရေးမူဝါဒအမှားများကို နှစ်ပေါင်းများ စွာကျင့်သုံးနေသောကြောင့်လည်း ဖြစ်နိုင်သလို၊ ဆိုင်ရာဝန်ကြီးများမှ နိုင်ငံတော်အကြီးအကဲကို ရလဒ်ကောင်းများ တင်ပြနေကြောင်းကိုပြောပြနိုင်ရန် ဖြစ်ရန်မှန်ကို မသိကျေးကျွန်ပြုနေသောကြောင့်လည်း ဖြစ်နိုင်ပြီး၊ တကယ်မသိ၍ ဖြစ်နိုင်ပါသည်။ သို့သော် မျှော်လင့်စရာ ရှိသည်။ မကြာမီ အစိုးရသစ် ပြောင်းတော့မည်။ အစိုးရသစ်သည် ယခုကဲ့သို့ အဆင့်မမီသည့်ပညာရေးကို အဆင့်မီ အောင်လုပ်ပေးနိုင်မည်လော ဟူသော မေးခွန်းများဖြင့် သို့လော... သို့လော...နှင့် မျှော်လင့်မိနေကြသည်။

            ဤမျှော်လင့်ချက်များ မည်သို့မည်ပုံအကောင်အထည်ဖော်မည် မသိသေးသော်လည်း မကြာခင်က လွှတ်တော်တွင် ပညာရေးအကြောင်းပြောဆိုသည်များကို ကြည့်ခြင်းအားဖြင့် မြန်မာပညာရေးလောကအတွက် အားရ စရာ မရှိကြောင်း မြင်မိပါ။ အနာသိ ဆေးရှိဖြစ်သောကြောင့် အနာကိုသိရန်တော့ လိုအပ်မည်ဖြစ်သည်။ ပထမဦးဆုံးကုစားလိုက်သည့် ကုထုံးမှာ ယခုရေးစွဲပြီးသည့် ပုဂ္ဂလိကကျောင်း ဥပဒေမူကြမ်းဖြစ်သည်။ အဆိုပါ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး ထွက်ရှိလာမည်ဆိုပါက အစိုးရကျောင်းများနည်းတူ အတန်းတင်စာမေးပွဲကို စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားခဲ့သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ လက်ရှိဘော်ဒါကျောင်းများအပြင် အခြားကျောင်းများ ကိုပါ တရားဝင် မှတ်ပုံတင်ခွင့်ပြု သွားရမည်ဖြစ်သည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန နေပြည်တော်မှ တာဝန်ရှိသူက မတ်လ ၁၅ ရက်နေ့တွင် ဖုန်းမှဖြေကြားခဲ့သည်။ ပညာရေးပေါ်လစီအမှားကြောင့် မျိုးဆက် တစ်ခုလုံး အသိအမြင်အားနည်းသွားနိုင်ပြီး ယင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသော လူမှုစီးပွားရေး အခြေအနေများလည်း ဆိုးရွားသွားနိုင်ပါသည်။ ပညာရေးစနစ်ကောင်းကို ဖော်ဆောင် ရာ၌ နိုင်ငံတော် အစိုးရမှာ တာဝန်ရှိသလို သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၏ မြို့မိ၊ မြို့ဖများမှာလည်း တာဝန်ရှိပါသည်။ ပညာရေးစနစ်ကောင်းမှ မျိုးဆက်ကောင်း ပေါ်ထွန်းလာနိုင်ပြီး တိုင်းပြည်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ် သည်။


Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle သဘောထား မဟုတ်ပါ ကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment