Transparency Myanmar

transparency.myanmar@gmail.com

"တစ်ဦးက သဘော တရား ရေးရာ စံထားသူ ဒေါ်အောင်ဆန်း စုကြည်၊ နောက် တစ်ဦးက စစ်အစိုးရ လက်အောက်ခံ ဘဝ၏ ရက်စက်မှု အမှန်တရားက လေ့ကျင့် ပေးလိုက်သော SSA အကြီး အကဲ ရွက်ဆစ်၊ သူတို့ နှစ်ဦးသည် ဖိနှိပ် ချုပ်ချယ် မှုကို အတူ ရင်ဆိုင်သော တိုက်ပွဲ အတွင်း မတူသော အစွန်း နှစ်ဖက်ကို ကိုယ်စား ပြုနေ ကြသည်"

(Bangkok Post မှ 20 February 2011 ရက်စွဲပါ "The Lady and The Fighter" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

တောင်တန်း ထူထပ်သော ထိုင်းနယ်စပ် တစ်နေရာတွင် ရှမ်းလူမျိုး ဒုက္ခသည် တစ်စုအား ဒေါ်အောင်ဆန်း စုကြည် သို့မဟုတ် အနောက် အုပ်စုက မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် အဖြစ် သတ်မှတ် ထားသော အမျိုး သမီး အကြောင်း မည်မျှ သိသနည်း ဟု စကားပြန် မှ တစ်ဆင့် မေးမြန်း လျက် ရှိသည်။

ခေတ္တ ခဏ ငြိမ်သက် သွားပြီး နောက် အမျိုး သမီး တစ်ဦးက ထ၍ "သူက ကျွန်မတို့ ဘက်တော် သားပဲ" ဟု ပြောလိုက်သည်။ နောက်တစ်ဦးက အရှက်ပြေ ရယ်လိုက် ပြီးနောက် "ကျွန်မက စာမတတ်တော့ ဘာမှ မသိပါဘူး" ဟု ပြောသည်။ နောက်တစ်ဦး ကမူ "ကျွန်မ ဘာပြော ရမှန်း မသိဘူး" ဟု ဆိုသည်။

နောက်ဆုံးတွင် ဟောင်းနွမ်း နေသော ခြေတု တပ်ထားသည့် အမျိုးသား တစ်ဦးက ရှေ့သို့ ထွက်လာကာ "ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ အတွက် ကြိုးစား နေတဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ပါ" ဟု ပြောလိုက်သည်။

ခင်ဗျား ဘယ်လိုလုပ် သိသလဲ ဟု မေးလိုက်သော အခါ "မိတ်ဆွေ တစ်ယောက် ပြောတာ ကြားဖူး တာပါ၊ ဒီထက် ပိုပြီး များများ စားစား မသိပါဘူး" ဟု သူက ဖြေသည်။

ဝေးလံ လှသော နယ်စပ် တစ်နေရာ မြန်မာ ပြည်ထဲမှ "လွယ်တိုင်းလျန်" တွင် ရှမ်းပြည် တပ်မတော် SSA ၏ ဌာနချုပ် တည်ရှိသည်။ ထိုနေရာသည် နာမည် ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ နယ်မြေ ဖြစ်၍ ကိုယ်ပိုင် နယ်မြေ ရရှိရန် SSA က ဆယ်စုနှစ် တစ်ခု ကျော်မျှ တိုက်ခိုက်လျက် ရှိသော ဒေသ ဖြစ်သည်။ ဆောင်းပါးရှင်က SSA တပ်မှူး ရွက်ဆစ်နှင့် သွားရောက် တွေ့ဆုံကာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်၏ လှုပ်ရှားမှု အပေါ် မည်သို့ သဘောထား ရှိသနည်းဟု လေ့လာ မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

လေဒီ သို့မဟုတ် ဒေါ်အောင်ဆန်း စုကြည်နှင့် SSA တပ်မှူးတို့သည် များစွာ ကွဲပြား ဖွယ် မရှိ ဟု ထင်ရသော်လည်း ကဏ္ဍ များစွာတွင် နယ်ပယ်၏ အစွန်း နှစ်ဖက်၌ သူတို့ နှစ်ဦး ကိုယ်စားပြု ရပ်တည် နေကြသည်။ ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးကို ခိုင်မာသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်သူ ဝါဒရေးရာ ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး စစ်ပွဲ၏ လက်တွေ့ အမှန်တရားက ပုံသွင်း ပေးထားသော ရွက်ဆစ်ကမူ တိုက်ခိုက်ရေး သမား ဖိုက်တာ တစ်ဦး ဖြစ်သည်။

တောင်ကြော နှစ်ဖက် တစ်လျှောက် ကွေ့ကွေ့ ကောက်ကောက် ဖွဲ့စည်း ထားသည့် လွယ်တိုင်းလျန်သည် လူနေ အိမ်ခြေ အစု အဝေး တစ်ခုထက် အနည်းငယ် ပိုသည်။ နိမ့်လိုက် မြင့်လိုက် တောင်ကုန်းများ အကြား မျက်စိ တဆုံး ဖြန့်ကျက် တည်ရှိ နေသော လွယ်တိုင်းလျန်ကို ကြည့်ရသည်မှာ စစ်ဌာနချုပ် တစ်ခု ဟူသော အသိကို အလွယ် တကူ မေ့လျော့ သွားစေ သည်။ ယခု အခါ ၂၄ နာရီ လျှပ်စစ်မီး ရရှိကာ ခေါက်ဆွဲဆိုင် ၄ ဆိုင် ရှိသည် ဟုလည်း သိရှိရသည်။ မွန်းတည့်ချိန် မတိုင်မီတွင် ကျောင်းအဆင်း အိမ်အပြန် ကလေးငယ် တစ်သိုက်၏ မြူးထူးသံက လတ်ဆတ်သော တောင်ပေါ် လေနု အေးအေး ထဲသို့ ပျံ့လွင့် လာသည်။ တောင်ကြော၏ တစ်ဖက်ခြမ်း တွင်မူ သပ်ရပ်စွာ တိထားသော ခြံစည်းရိုး ပင်တန်းများ ခြားထားသည့် ခြံဝင်းနှင့် အိမ်များ ရှိနေသည်။ ယင်းတို့မှာ SSA တပ်မှူးများနှင့် မိသားစုများ နေထိုင်သော အိမ်များပင် ဖြစ်သည်။

အလယ် တွင်မူ လမ်းပိတ်ကာ လုံခြုံရေး ကင်း စောင့်ကြပ် နေသည့် ခြံဝင်း တစ်ခု ရှိပြီး ထိုနေရာတွင် ရွက်ဆစ် နေထိုင်သည်။ သူ၏ လက်ထောက် များက ဥက္ကဋ္ဌဟု ခေါ်ကြသော ရွက်ဆစ်အား မကြာ ခဏ လုပ်ကြံရန် ကြိုးစား မှုများ ရှိသဖြင့် သူ သွားလေရာသို့ အစောင့် အရှောက် များစွာဖြင့် လိုက်ပါ စောင့်ကြပ် ပေးရသည်။ လည်စည်း အနီရောင် တောက်တောက် နှင့် အော်တို မက်တစ် ရိုင်ဖယ် ကိုင်ဆောင် ထားသည့် ဘော်ဒီဂတ် များသည် တိုက်ပွဲဝင် စစ်သား များထက် လက်နက်ကိုင် ကင်းထောက် လူငယ် များနှင့် ပို၍ တူနေသည်။

ထိုညက ရွက်ဆစ်၏ အစည်း အဝေးခန်းသို့ အင်တာဗျူး ပြုလုပ်ရန် ရောက်ရှိ သွားသော အခါ ပလပ်စတစ် အုပ်ထားသော ဆိုဖာကြီး တစ်ခု ပေါ်တွင် ထိုင်ပါ ဟု ဧည့်ဝတ် ပြုသည်။ သူ၏ လက်ထောက် လေးဦးက ကျွန်တော့် ဘေးတွင် ထိုင်ကြသည်။ အပြင်ဘက် အမှောင်ထု ထဲတွင်မူ တိုက်ပွဲ ဝင် လက်နက် အပြည့် အစုံဖြင့် ဘော်ဒီဂတ် များက စောင့်ကြပ်လျက် ရှိသည်။

စစ်ပွဲ ကျွမ်းကျင်သူဟု အဓိပ္ပာယ် ရသည့် အမည်ကို ပိုင်ဆိုင်သူ ရွက်ဆစ်ကို ရှမ်းပြည် အလယ် ပိုင်းမှ ဆင်းရဲ နွမ်းပါးသော လယ်သမား မိသားစု တစ်စုက ၁၉၅၉ ခုနှစ်တွင် မွေးဖွား ခဲ့သည်။ ပင်လုံ မြို့နယ် အလယ်တန်း ကျောင်းတွင် ကျောင်းတက် ခဲ့ပြီးနောက် အသက် ၁၇ နှစ်တွင် ရှမ်းပြည် တော်လှန်ရေး တပ်မတော် SURA သို့ ဝင်ရောက်ကာ Radio Operator အဖြစ် အမှု ထမ်းသည်။ နောက်ပိုင်း၌ှSURA နှင့် နာမည်ကျော် ဘိန်းဘုရင် ခွန်ဆာ၏ တပ်ဖွဲ့များ ပူးပေါင်း ဖွဲ့စည်း ချိန်တွင် ရွက်ဆစ် သည်လည်း တပ်မှူး အဖြစ် ရာထူး တိုးခဲ့သည်။ သို့သော်လည်း ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ၏ တပ်ဖွဲ့များက မြန်မာ့ တပ်မတော်ထံ လက်နက် ချသော အခါ ရွက်ဆစ် အပါ အဝင် ခွန်ဆာ၏ တပည့် အများစုက ဤလုပ်ရပ်ကို သစ္စာ ဖောက်မှု တစ်ခု ဟု ရှုမြင်ကာ တောင်တန်း များပေါ်သို့ ပြန်တက် သွားကြပြီး SSA ကို ဖွဲ့စည်း လိုက်ကြသည်။ အတိ အကျ ကိန်းဂဏန်း များကို ရရှိရန် မလွယ်ကူ သော်လည်း ယခု အခါ SSA သည် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၈ ထောင် ခန့် အထိ ရှိနေပြီး ရှမ်းပြည်နယ် အနှံ့ တပ်ဖြန့် ထားသည်ဟု ဆိုသည်။

မြန်မာ့ တပ်မတော် နှင့် ဆုံတွေ့ရသည့် ရွက်ဆစ်၏ ပထမဆုံး အတွေ့ အကြုံမှာ ခါးသီး၍ ရက်စက် လွန်းသည်။ ထိုစဉ်က ကျောင်းသား အရွယ်သာ ရှိသေး သော ရွက်ဆစ်၏ ရှေ့တွင် သူ၏ ၁၄ နှစ် အရွယ် မိန်းကလေး သူငယ်ချင်းကို မြန်မာ စစ်သား များက အဓမ္မ ပြုကျင့် ခဲ့ကြသည်။ ငယ်ရွယ် လွန်းသော သူ့ အနေဖြင့် တုန့်ပြန်ရန် အင်အား မရှိ ခဲ့ပါ။

"အဲဒီ တုန်းက ကျွန်တော်က ငယ်သေးတော့ နိုင်ငံရေးတို့ စစ်ရေးတို့ ဘာမှ မသိသေးဘူး၊ ကျွန်တော့် သူငယ်ချင်းကို မြန်မာ စစ်သား တွေက အဓမ္မ ကျင့်လိုက် တယ် ဆိုတာ တစ်ခုပဲ သိတယ်" ဟု ရွက်ဆစ်က ပြောပြသည်။ ထိုဖြစ်ရပ်သည် သူ့ဘဝ အတွက် တစ်ဆစ်ချိုး ဖြစ်ခဲ့သည်။ "ကျွန်တော် တကယ်ကို စိတ်ဆိုး ခဲ့တယ်၊ ဒီဖြစ်ရပ်ကြောင့် အကြီး အကျယ် စိတ် ဆင်းရဲ ခဲ့ရတယ်" ဟု ရွက်ဆစ်က ဆိုသည်။ ထို့နောက်တွင် မြန်မာ စစ်တပ်က ရှေ့တန်းတွင် လက်နက် ပစ္စည်းများ သယ်ရန် သူ၏ ရွာမှ လူများကို အဓမ္မ ခေါ်ယူ ခိုင်းစေ ခဲ့သည်။

"လွတ်လပ်မှု ဆိုတာ လုံးဝ မရှိပါဘူး၊ အစကတော့ ကျွန်တော်တို့ အားလုံး လူသား တွေပဲ၊ အားလုံး အတူတူ ပဲလို့ ကျွန်တော် ထင်ခဲ့တယ်၊ ဒါပေမဲ့ ဗမာတွေက ကျွန်တော်တို့ အပေါ်မှာ ဒီလို ကိစ္စ မျိုးတွေ ဘာကြောင့် လုပ်ကြ တာလဲ" ဟု ရွက်ဆစ်က ခံစားချက် ပြင်းစွာ ပြောခဲ့သည်။ ထို့ကြောင့်ပင် လက်နက်ကိုင် တော်လှန်ရေး ထဲသို့ သူ ဝင်ရောက် သွားခဲ့ခြင်း ဖြစ်သည်။

ရှမ်းတွေက ဒေါ်အောင်ဆန်း စုကြည်ကို ယုံကြည်မှု ရှိသလား ဟု မေးမြန်း သောအခါ သူက ဖြေကြား လိုပုံ မရ သော်လည်း "ကျွန်တော်တို့ သူ့ကို ယုံကြည်မှု အနည်းငယ်တော့ ရှိပါတယ်၊ အများ ကြီးတော့ မဟုတ်ဘူး" ဟု ပြောကြား သည်။ "ဒီပြဿနာရဲ့ အကြောင်းရင်း တစ်ချက် ကတော့ သူမက ဗမာ လူမျိုး ဖြစ်နေလို့ ပါပဲ၊ ယေဘုယျ အားဖြင့် တော့ ဗမာ တွေက တခြား တိုင်းရင်းသား လူမျိုး တွေကို သူတို့ရဲ့ လက်အောက်ခံ လို့ ယူဆ ထားကြ တာပါ" ဟု ရွက်ဆစ်က ဆိုသည်။

ထင်ရှားသော တိုင်းရင်းသား လူမျိုးစု ၃၅ မျိုး ကျော် ရှိနေသော မြန်မာ နိုင်ငံသည် ကမ္ဘာ ပေါ်တွင် တိုင်းရင်းသား မျိုးကွဲ အများဆုံး လူ့ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ဗမာ အများစု သည် မြေပြန့် ဒေသ များတွင် အစဉ် အလာ အားဖြင့် နေထိုင် ကြပြီး မွန်၊ ချင်း၊ ရှမ်း၊ ကချင်နှင့် ကရင် စသော အခြား အုပ်စု များကမူ တောင်တန်း ဒေသ များတွင် နေထိုင် ကြသည်။ ထို့ အပြင် ယဉ်ကျေးမှု အရ ဘာသာ စကား အရ များစွာ ကွာခြား ကြသည်။

ဗြိတိန် နိုင်ငံက မြန်မာ နိုင်ငံကို ဗြိတိသျှ- အိန္ဒိယ၏ အစိတ် အပိုင်း အဖြစ် ကိုလိုနီ ပြုခဲ့ ချိန်တွင် တိုင်းရင်းသား လူမျိုးစု များကို လူများစု ဗမာ များထက် ပို၍ မျက်နှာသာ ပေးခဲ့ ကြသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း၌ အထက်ပါ တိုင်းရင်းသား အုပ်စု များက ဗြိတိသျှ တို့ ဘက်မှ နေ၍ ဂျပန်ကို ဆန့်ကျင် ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဗမာ များကမူ လွတ်လပ် ရေး ပေးမည် ဟု အာမခံ ခဲ့သည့် ဂျပန် များနှင့် ပူးပေါင်း ခဲ့သည်။ မြေပြန့် သားများ နှင့် တောင်ပေါ်သား များ အကြားမှ သံသယ များမှာ ပို၍ နက်ရှိုင်း လာခဲ့သည်။

"ဗမာနဲ့ ရှမ်းကြားက ကွာဟမှုက သိပ်ကြီး ပါတယ်၊ ဗမာ တွေက သူတို့ တစ်စုံ တစ်ခု လိုအပ် တဲ့ အချိန် မှသာ လူတွေကို ကောင်းကောင်း ဆက်ဆံ တာပါ၊ ဒါပေမဲ့ ရှမ်း ယဉ်ကျေးမှု ကတော့ ဒီလို မဟုတ် ပါဘူး၊ ရှမ်းတွေရဲ့ အိမ် တစ်အိမ်ကို သွားလည် မယ် ဆိုရင် လက်ဖက်ရည် နဲ့ ဧည့်ခံ တဲ့ အပြင် အကူ အညီ လိုရင်လည်း ပေးကြ တယ်၊ ဒါပေမဲ့ ရှမ်းတွေ ဆန်လို ချင်လို့ ဗမာအိမ်ကို သွားကြည့် ပါလား၊ ဘာမှ ရမှာ မဟုတ်ပါဘူး" ဟု ရွက်ဆစ်က ဆိုသည်။

အဆိုပါ လူမျိုးကြီး ဝါဒ သို့မဟုတ် မျက်ကန်း မျိုးချစ် ဝါဒသည် မြန်မာ များထံ တွင်သာ ရှိသည် မဟုတ်ပါ။ နှစ်ဖက် စလုံးတွင် အပြန် အလှန် ရှိနေသည်။ ရှမ်း တို့သည် ဤကုန်းမြင့် ဒေသတွင် မြန်မာများ မရောက်ခင် ရှေးကပင် အရင် နေထိုင် အခြေချ ခဲ့ခြင်း ဖြစ်သည် ဟူသော အချက်ကို ရွက်ဆစ်က ထောက်ပြ သည်။ ထိုစဉ်က ရှမ်းတို့၏ ဘဝမှာ အလွန် အေးချမ်း၍ အဆင် ပြေကြသည်။ ဗမာများက ရှမ်းများ ပိုင်ဆိုင်သော ကျွဲ၊ နွား များကို ထိန်းကျောင်း ရသည့် အခိုင်း အစေ တွေပါ ဟု သူက ဆိုသည်။

"အခု အချိန် မှာတော့ ဗမာတွေက အရှင် သခင် တွေလို ဖြစ်နေပြီး ရှမ်းတွေကို အကျဉ်းသား တွေလို ဆက်ဆံ နေကြတယ်" ဟု ရွက်ဆစ်က ရင်ဖွင့် သည်။

၁၉၆၂ ခုနှစ် တပ်မတော်က အာဏာ သိမ်းလိုက်သည့် အချိန်တွင် တစ်သွေးတည်း တစ်သားတည်း တစ်အူ ထုံဆင်း ဗမာ တိုင်းရင်းသား မိသားစု  ဟူသော အယူ အဆကို ဗိုလ်ချုပ်ကြီး နေဝင်းက မိတ်ဆက် သွတ်သွင်း လိုက်သည်။ စာသင်ကျောင်း များတွင် တိုင်းရင်းသား ဘာသာ များကို မြန်မာ ဘာသာ ဖြင့် အစားထိုး လိုက်သည့် အပြင် နေရာ ဒေသ အမည် များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ ပစ်လိုက်သည်။ ဗလီများ၊ ဘုရား ရှိခိုးကျောင်းများ၊ တိုင်းရင်းသား ပေါင်းစုံ၏ သမိုင်းဝင် နှင့် ယဉ်ကျေးမှု အထင် ကရ နေရာ များကို ဖြိုချကာ တပ်မတော်က သိမ်းယူ ခဲ့သည်။ ယင်းကဲ့သို့ ဗမာမှု သွတ်သွင်းခြင်း ဖြစ်စဉ်မှာ ဆက်လက် ဖြစ်ပွား နေပြီး တိုင်းရင်းသား လက်နက်ကိုင် များ လှုပ်ရှားသော နယ်မြေများ ကိုလည်း အပစ်ရပ် ဇုံ အဖြစ် သတ်မှတ် လိုက်သော အခါ အရာရာမှာ တရားဝင် ပစ်မှတ် ဖြစ်သွား တော့သည်။

ရွာသား များမှာ မြန်မာ စစ်တပ် အတွက် ပစ္စည်း သယ်ရန် အဓမ္မ ပေါ်တာ ဆွဲခြင်း ခံကြ ရသည်။ ယင်းသို့ အဓမ္မ စေခိုင်း ခံရသည့် ရွာသား များမှာ အရိုက် အနှက် ခံရသည့် အပြင် မသယ် နိုင်၍ လဲပြို ကျသူ များမှာ မကြာ ခဏ အသတ် ခံရသည်ဟု သိရှိ ရသည်။ အမျိုး သမီး များမှာလည်း အုပ်စုဖွဲ့ အဓမ္မ ပြုကျင့် ခြင်း ခံရသလို ကျေးလက် ပြည်သူ လူကြီး၊ လူငယ် များမှာ လူသား မိုင်းရှင်း သူများ အဖြစ် အသုံးချခြင်း ခံရသည်ဟု ဆိုသည်။ ရွာလုံးကျွတ် မီးရှို့ ခံရမှု များ ရှိသောကြောင့် နယ်စပ် တိုင်းရင်းသား များမှာ အုပ်စုလိုက် နေရာ ရွှေ့ကာ ရွာသစ် တည်ကြ ရသည် ဟုလည်း သိရသည်။

တပ်မတော် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့နှင့် အပစ် အခတ် ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုး ထားသော်လည်း တင်းမာမှုများ ကျန်ရှိနေသည်။ SSA အပါ အဝင် အဆိုပါ တိုင်းရင်းသား စစ်တပ် များက တပ်မတော် အစိုးရကို ခုခံ ဆန့်ကျင်ရေး လှုပ်ရှားမှု များကို ဆက်လက် လုပ်ဆောင် နေကြ သဖြင့် စစ်ပွဲမှာ ပြီးဆုံးခြင်း မရှိသေးပါ။

မြန်မာ အစိုးရနှင့် သဘောထား ကွဲလွဲသည့် တိုင်းရင်းသား အတိုက် အခံ များမှာ ပို၍ပင် ခွဲခြား ဆက်ဆံ ခြင်း ခံရသည် ဟု ရွက်ဆစ်က ပြောကြားသည်။ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဦးခွန်ထွန်းဦးကို သီးခြား အစည်း အဝေး ကျင်းပခြင်း ကြောင့် ၂၀၀၅ ခုနှစ်တွင် အစိုးရက ဖမ်းဆီးကာ ထောင်ဒဏ် ၉၃ နှစ် ချမှတ် ခဲ့သည်။

နှိုင်းယှဉ် ရမည် ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်မှာ နေအိမ် အကျယ်ချုပ် ၇ နှစ် ပြစ်ဒဏ် ကိုသာ ချမှတ် ခံရသည်။ "ဗမာနဲ့ ရှမ်း အကြားက ကွာဟမှုကို ဒီလောက်ဆို ခင်ဗျား မြင်နိုင် ပါပြီ၊ တကယ်လို့ ခွန်ထွန်းဦးသာ ဗမာ လူမျိုး ဆိုရင် ထောင်ကျမှာ မဟုတ်ပါဘူး၊ နေအိမ် အကျယ်ချုပ်ပဲ ကျမှာပါ" ဟု ရွက်ဆစ်က ဆိုသည်။

၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာ သံဃာတော် များ၏ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲ များကိုပင် လွယ်တိုင်းလျန်တွင် သဘော ကျခြင်း မရှိကြပါ။ မြန်မာပြည် အလယ်ပိုင်းမှ ဘုန်းကြီးကျောင်း များတွင် နှစ်ပေါင်း များစွာ နေထိုင် ဖူးသော ရွက်ဆစ်၏ လက်ထောက် တစ်ဦးက "ဗမာ ဘုန်းကြီး တွေကိုလ်း ကောင်းတယ် လို့တော့ မထင် ပါဘူး၊ သူတို့ ကလည်း ဗမာ အင်ပါယာ ချဲ့ထွင်ဖို့ ကိုပဲ လုပ်ကိုင်နေကြ တာပါ၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဗမာ စစ်တပ် အခြေစိုက် စခန်း တစ်ခု တည်ပြီ ဆိုရင် ဗမာ ဘုန်းကြီး ကျောင်း တစ်ကျောင်း အဲဒီ နားမှာ ရောက်လာ တာပဲ" ဟု ပြောကြားသည်။

အပြု သဘော ဆောင်သော ပြောင်းလဲမှု အတွက် လူ များစု ဗမာ များ အပေါ်တွင် သာ တာဝန် ရှိသည် ဟု ရွက်ဆစ်က တိုက်ရိုက် အပြစ် ပုံချ လိုက်သည်။ "ဒီ ကိစ္စက ဗမာတွေ အပေါ်မှာ တည်နေ ပါတယ်၊ သူတို့ရဲ့ ခံယူချက် သဘောထားတွေ ပြောင်းဖို့ လိုအပ် ပါတယ်။ ဒါမှသာ ရှမ်း အပါ အဝင် တခြား တိုင်းရင်းသား တွေက သူတို့ကို ယုံကြည် မှာပါ၊ တကယ်လို့ ဗမာတွေ ကသာ ပြောင်းလဲဖို့ ဆန္ဒ ရှိတယ် ဆိုရင် ဒီကိစ္စက သိပ်ကို လွယ်သွား ပါပြီ၊ သူတို့ လုပ်ဖို့ လိုတာ ကတော့ ပင်လုံ စာချုပ်ပါ အချက် ၉ ချက် ကို လိုက်နာဖို့နဲ့ ရှမ်းပြည်နယ်က သူတို့ရဲ့ တပ်တွေကို ရုတ်သိမ်း ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုအပ် တာက ယာယီ ကြားဖြတ် အစိုးရပါ။ ဒါမှသာ တိုင်းရင်းသား အုပ်စုတွေ အားလုံး တန်းတူ ညီမျှ အခွင့် အရေးတွေကို ရနိုင်မှာပါ ဟု ပြောဆို ခဲ့သော ရွက်ဆစ်က ဒီနောက်မှာ တော့ အနေ အထားက ဖြည်းဖြည်းနဲ့ မှန်မှန် တိုးတက် လာပါ လိမ့်မယ်ဟု သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment