Transparency Myanmar

transparency.myanmar@gmail.com

           နာဂစ်မုန်တိုင်းဒဏ်သင့် လပွတ္တာခရိုင်အတွင်းရှိ တန်တစ်ရာကျ ဆန်စက်ကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ လွဲပြောင်းရယူလိုက်ကြောင်း ဧရာဝတီတိုင်းအခြေစိုက် ဆန်စက် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

          အဆိုပါဆန်စက်သည် လမ်းစဉ်ပါတီခေတ်က ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည် ဆောက်ထားသည့် ဆန်စက်ဖြစ်ကြောင်း နာဂစ်မုန်တိုင်းကြောင့် ဆန်စက်ပျက်စီးခဲ့ရပြီး ပြန်လည်လည်ပတ်ခြင်း မပြုနိုင်တော့ကြောင်း ယင်းဆန်စက်ကို ဦးတေဇမှ သိန်း ၁၀၀၀ ခန့်ဖြင့် လွဲပြောင်းရယူနိုင်ခဲ့ပြီး ဆန်စက်အတွင်းရှိ အဆောက်အဦးပျက်များမှ သစ်များကို ပြန်လည်ရောင်းချလျှင်ပင် သိန်း ၆၀၀ ခန့်ရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။

          နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွား ရေးကုမ္ပဏီကြီးများကို ခွဲဝေချထားပေးရာ၌ ဦးတေဇ၏ ထူးကုမ္ပဏီသည် ဘိုကလေးမြို့နယ်တွင် တာဝန်ယူရပြီး လပွတ္တာမြို့နယ်ကိုမူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ပိုင် Max Cement ကုမ္ပဏီမှ တာန်ယူရကြောင်း ဦးဇော်ဇော်အနေဖြင့်  ပြည်ပသို့ ဆန်တင်ပို့ရောင်းချခြင်း မရှိ၍ ဆန်စက်လုပ်ကိုင်လိုပုံ မရကြောင်း ဦးတေဇ အနေဖြင့်မူ ပြီးခဲ့သည့်နှစ်က မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမီတက်နှင့်အတူ ပြည်ပသို့ ဆန်အပြိုင်အဆိုင် တင်ပို့ရောင်းချခဲ့ကြောင်း လပွတ္တာဆန်စက်ကို ပြုပြင်ပြီးလျှင် ဒေသတွင်းမှ ထွက်ရှိသည့် ဆန်များကို အထိုင်ချဝယ်ယူ တင်ပို့လာနိုင်ကြောင်း ဘုရင့်နောင်မှ ဆန်ပွဲရုံပိုင်ရှင်ကြီးတစ်ဦးက ပြောကြားသည်။

          ဆန်လောကသို့ ရင်းနှီးမြုပ်နှံမှု အသစ်များ ဝင်ရောက်လာသည်ကို ကြိုဆိုကြောင်း၊ သို့ရာတွင် ပြည်ပဆန်တင်ပို့ခွင့် ခါတော်မီ ကုမ္ပဏီများကြောင့် ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်လာပါက မိရိုးဖလာ အစဉ်တစိုက် ဆန်ရောင်းဝယ်လာသည့် ဆန်လောကသားများ အရေးယူခံရသည့် သာဓကများ လွန်ခဲ့သည့် လေးငါးနှစ်က ရှိခဲ့ဖူးကြောင်း လွန်ခဲ့သည့် နှစ်က ဆန်ကုန်သည်ကြီး အချို့အနေဖြင့် အစိုးရပိုင် ဆန်စက်အချို့နှင့် ရန်ကုန်ဆိပ်ကမ်း အနီးတစ်ဝိုက်ရှိ ဆန်ဂိုထောင်ကြီးအချို့အား ငှားရမ်းလုပ်ကိုင်ရန် တင်ပြခဲ့သော်လည်း ဈေးနှုန်းညှိနှိုင်းမရ၍ အဆင်မပြေခဲ့ကြောင်း၊ ယခု ဦးတေဇ ပေးသည့် ငွေပမာဏမျိုး  ဆန်ကုန်သည်ကြီး တော်တော်များများ အလွယ်တကူ တတ်နိုင်ကြောင်း ပြည်ပသို့ ဆန်တင်ပို့ရောင်းချနေသူ ကုန်သည်ကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။



--
Posted By icypress to Sensible Rumour at 11/06/2009 10:27:00 AM

0 comments:

Post a Comment