Transparency Myanmar

transparency.myanmar@gmail.com

(From Monsters and Critics.com)

5 - Nov - 2009

          ယခုအပတ် အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံသို့ သွားရောက်သောခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြန်မြန်ဆန်ဆန် ပိုမို ရင်းနှီးနွေးထွေးစေလိမ့်မည်ဟု မျှော်လင့်နိုင်လိမ့်မည်မဟုတ်ကြောင်း ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Scot Marciel က ကြာသပတေးနေ့က ပြောကြားလိုက်ပါသည်။

          ယခုအချိန်သည် ပြောရန်စောသေးကြောင်း၊ ယခုကိစ္စသည် အချိန်အများကြီးယူရမည်ဟု မိမိတို့ထင်ကြောင်း Marciel က ၎င်း၏ ရက်တာ မြန်မာပြည်ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ပါသည်။

          လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Compbell နှင့်  Marciel တို့သည် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး၊ အစိုးရအဆင့်မြင့်အရာရှိများ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အတိုက်အခံများနှင့် တွေ့ဆုံခဲ့ပါသည်။

          ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်သော ခရီးစဉ်သည် အမေရိကန်၏မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် ခြေလှမ်းအစ ဖြစ်ခဲ့ပါသည်။ သို့သော် အဆိုပါ လုပ်ငန်းစဉ်တွင် အခြားကြုံတွေ့စရာများစွာရှိပြီး၊ သံတမန်ရေးရာ အရ ကျရှုံးမှုလည်း ဖြစ်လာနိုင်ကြောင်း Marciel က ပြောပါသည်။

          ASEAN ဆိုင်ရာ အမေရိကန်သံအမတ်လည်းဖြစ်သူ Marciel က မိမိတို့သည် ယခုကိစ္စကို မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သတိနှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ အောင်မြင်လိမ့်မည်ဟု ပြောရန် အဝေးကြီးလိုသေးကြောင်း ပြောပါသည်။

          ယခင်က မြန်မာဗိုလ်ချုပ်များကို ၎င်းတို့၏အာဏာရှင်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် နားချသော သံတမန်ဆိုင်ရာကြိုးပမ်းအားထုတ်မှုများ အားလုံးအလုပ်မဖြစ်ခဲ့ပါ။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ချမှတ်သော အရေးယူပိတ်ဆို့မှုများသည်လည်းကောင်း၊ ASEAN အပြုသဘောဆောင်သော ဆက်ဆံရေးနည်းဗျူဟာများသည်လည်းကောင်း အသုံးမဝင်ခဲ့ပါ။

          ယခုအခါ စစ်အစိုးရသည် စည်းကမ်းရှိ၍ တိုးတက်သော ဒီမိုကရေစီ (discipline-flowrishing democracy) ဟုဆိုသော ပန်းတိုင်သို့သွားရန် လမ်းပြမြေပုံ ၇ချက်အရ လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိပါသည်။ သို့သော် ရွေးကောက်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပါအဝင် တိုင်းရင်းသားလူမျိုးစုများ ပါဝင်မှုမရှိပါက အနောက်နိုင်ငံများက လက်ခံနိုင်ဖွယ်ရှိလိမ့်မည် မဟုတ်ပါ။

          စစ်အစိုးရအနေဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်လျှင် ရွေးကောက်ပွဲသည် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်လာနိုင်ကြောင်း Marciel က ပြောပါသည်။ ပထမအဆင့်အနေဖြင့် ပြည်တွင်းရှိ အဓိက နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ပြောပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် အြားအတိုက်အခံများသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို တပ်မတော်ဦးစားပေး အခြေခံဥပဒေဖြစ်၍ ပြင်ဆင်ရန် အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး၊ ဒီမိုကရေစီ ရေးတွင် ပါဝင်သူများအတွက် အတားအဆီးများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။

          တိုင်းပြည်၏ ဒီမိုကရေစီပြောင်းလဲမှုအတွက် အခြေခံကျသော ပြောင်းလဲမှုဖြစ်လာမည့် သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေရန် တွေ့ဆုံဆွေးနွေးမှု လိုအပ်သည်ဟု မိမိထင်ကြောင်း Marciel က ထပ်လောင်းပြောကြားပါသည်။

          ဗုဒ္ဓဟူးနေ့ညက ရန်ကုန်လေဆိပ်တွင် သတင်းထုတ်ပြန်ချက်အား Campbell က ဖတ်ကြားရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုခြေလှမ်းများအတွက် လိုလားသော်လည်း မြန်မာအစိုးရ၏ အတိုက်အခံများနှင့် ပြန်လည်စည်းလုံးပေါင်းစည်းရေးကို ရည်ရွယ်၍ ခိုင်မာသော ကြိုးပမ်းမှုများအပေါ်တွင် မူတည်ပါ ကြောင်း ထည့်သွင်းသွားပါသည်။

          အရေးယူပိတ်ဆို့မှု့အချို့ဖယ်ရှားရေးသည် အမေရိကန်က အဆိုပြုရမည့် မုန့်ဝေရေး အစီအစဉ်တစ်ခုဖြစ်ပါသည်။

          နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာသည်နှင့်အမျှ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် ဆန္ဒရှိပါကြောင်း၊ သို့သော် ခိုင်မာသော တိုးတက်မှုများကို ဖြစ်ပေါ်ရန် ဆန္ဒရှိပါကြောင်း၊  Marciel က မှတ်ချက်ပြုပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့ တွေ့ဆုံခွင့်ပေးရေးအတွက်လည်း တိုက်တွန်းခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် နှစ်နာရီခန့်ကြာအောင် တွေ့ဆုံခဲ့ပြီး၊ အပြုံးပန်းများ ဝေနေသည်ကို တွေ့ခဲ့ရပါသည်။

          Campbell နှင့် Marciel သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်မူ တွေ့ဆုံခွင့် မရခဲ့ပေ။   

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment