31 - Oct - 2009
အာရှ၏ စီးပွားရေးတိုးတက်မှုတွင် ပို့ကုန်နှင့် ကုန်သွယ်ရေးတို့၏ အခန်းကဏ္ဍကို ဂရုတစိုက် စောင့်ကြည့်လာကြရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာရှနိုင်ငံများသည် အနောက်နိုင်ငံများထက် စောစီးစွာ ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှ စတင်လွတ်မြောက်ခဲ့သည်ကို ကိန်းဂဏန်းများက ကျေနပ်ဖွယ်ပြသခဲ့ပါသည်။
ပြီးခဲ့သော လများအတွင်းက အာရှနိုင်ငံများသည် ကျဆင်းနေသော စီးပွားရေးကို အထောက်အပံ့ ပြုလုပ်ရန် ကြီးမားသော ပြည်တွင်းထောက်ပံ့မှု အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် မနှစ်က Lehman Brothers စတင်ပြိုလဲစဉ်က ဆိုးဆိုးရွားရွား ခံခဲ့ကြရသည်။ ထိုစဉ်က ကမ္ဘာ့စီးပွားရေးမှာလည်း နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရသည်။
ရှေ့ရေးကို မျှော်တွေးလျက် အာရှနိုင်ငံများသည် အနောက်နိုင်ငံများနှင့် မတူအောင် ကြိုးစားခဲ့ကြသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် Yukio Hatoyama က သူ့နိုင်ငံသည် အခြားအာရှနှင့် မတူဘဲ စီးပွားရေး နာလန်ထမှုနှုန်း နှေးကွေးသော်လည်း၊ အရှေ့အာရှသည် ကမ္ဘာတွင်ရှေ့ဆောင် လမ်းပြဖြစ်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပသော ASEAN ထိပ်သီးအစည်းအဝေး မတိုင်မီက ပြောကြားခဲ့ပါသည်။
ထိပ်သီးဆွေးနွေးပွဲ အပိတ်တွင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Surin Pitsuwan က ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အာရှတိုက်တွင် တာဝန်အများကြီးရှိကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အာရှတိုက်အပေါ် မျှော်လင့်ချက်ကင်းမဲ့မှု မရှိစေရအောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်း၏ပြောကြားမှုမှာ မှန်ကန်သည်ဟု ယူဆရသည်။ ယခုအပတ်တွင် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) သည် အာရှတိုက်ကို အာရုံစိုက်၍ ကြည့်ရှုပြီး ပြောကြားရာတွင် နယူးဇီလန်မှ အိန္ဒိယအထိ ကျယ်ပြန့်သော အသွင်သဏ္ဍာန်ကွဲပြားသည့် အာရှဒေသသည် ယခု ၂၀၀၉ တွင် ၂.၇၅ % တိုးတက်ပြီး၊ ၂၀၁၀ တွင် ၅.၇၅ % တိုးတက်လိမ့်မည် ဖြစ်ကြောင်း၊ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်က ပျှမ်းမျှ တိုးတက်မှုနှုန်း ၆.၇ % အောက်တွင် ရှိကြောင်း ပြောကြားခဲ့ပါသည်။
နှိုင်းယှဉ်ကြည့်ရန် အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နှင့် အီတလီတို့ ပါဝင်သော G-7 ၏ သေနေသော စီးပွားရေးသည် ယခုနှစ်တွင် ၂.၅ % ၏ အောက်တွင်သာ ရှိမည် ဟု ခန့်မှန်းရပြီး၊ ၂၀၁၀ တွင် ၁.၂၅ % အထက်တွင် ရှိလိမ့်မည်ဟု ဖော်ပြပါသည်။
ငွေကြေးအကျပ်အတည်းကာလအတွင်း ပေါ်ထွက်ခဲ့သော အာရှ၏ နှစ်ဦးနှစ်ဖက် ငွေဖလှယ်မှု ဘက်ပေါင်းစုံ ငွေကြေးဖလှယ်မှုဆိုင်ရာ သဘောတူညီချက်များသည် အာရှဒေသတွင် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှု ကျဆင်းလာခြင်း၏ အကောင်းဆုံး ဥပမာပင် ဖြစ်သည်ဟု အမေရိကန် Roubini Global Economics မှ အကြီးတန်းသုတေသီ Arpitha Bykere က Chiang Mai Initiative နှင့် အရှေ့တောင်အာရှငွေကြေးများကို လဲလှယ်ပေးမည့် တရုတ်၏ သဘောတူညီချက် စသောလုပ်ငန်းများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
အာရှနှင့် ပတ်သက်သော IMF ၏ အနေအထားသည် ၁၉၉၇ ဘဏ္ဍာရေး အကျပ်အတည်းကစ၍ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ထိုစဉ်က အကျပ်အတည်းကြောင့် စီးပွားရေးကျုံ့ သွားသော ထိုင်းနှင့် အင်ဒိုနီးရှားတို့ကို ပြင်းရှသော စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပါသည်။
အာရှနိုင်ငံများအတွင်း နိုင်ငံရေးနှင့် စီးပွားရေး ဖွဲ့စည်းပုံ ခြားနားမှုများ ရှိနေသည့်ကြားမှပင် အမေရိကန်၏ လွှမ်းမိုးမှုကို လျှော့ချနိုင်ရန် အာရှဒေသတွင်း အဖွဲ့အစည်းများ မဖြစ်မနေ ဖွဲ့ရပါသည်။ တရုတ်၊ ဂျပန်နှင့် သြစတြေးလျတို့သည် အာရှဒေသဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (pan-Asian economic co-operation) များ ဆက်လက် လုပ်ဆောင်နိုင်ရန် ကွဲပြားခြားနားသော ပြုလွယ်ပြင်လွယ် နည်းလမ်းများရှိထားကြပြီး ဂျပန်က ကျယ်ပြန့်သော အာရှ၏ အနာဂတ်ဖွဲ့စည်းပုံအတွင်းသို့ အမေရိကန်ကို ဆွဲသွင်းကာ တရုတ်၏ အင်အားကို ချိန်ခွင်လျှာညှိရန် ကြိုးပမ်းနေပါသည်။ ဂျပန်သည် အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ မဟာမိတ် နှောင်ကြိုးများ လျှော့ရန် ကြိုးစားနေကြောင်း ညွှန်ပြနေသည့် သင်္ကေတများအတွက်လည်း ဝါရှင်တန်ကို ယုံကြည်အောင် အာမခံချက် ပေးရပါလိမ့်မည်။
အာဆီယံ၏ သက်တမ်းသည် ဆယ်စုနှစ် ၄ စုခန့်ရှိခဲ့သော်လည်း အဖွဲ့အစည်း၏ တည်ဆောက်ပုံနှင့် ဆက်နွယ်မှုများအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ အံဝင်ခွင်ကျ ချိတ်ဆက်နိုင်မှု အားနည်း နှေးကွေးနေခြင်းနှင့် ပတ်သက်ပြီး မကြာခဏ ပြစ်တင်ဝေဖန်ခံရသည့်ကြားမှပင် အာဆီယံသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ပုံစံတစ်ခုအဖြစ် ပြသနိုင်ခဲ့ကြောင်း "ဆူရင်"က ယုံကြည်ထားပါသည်။
အာဆီယံစီးပွားရေးသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို နည်းလမ်းရှာနေဆဲ ဖြစ်၍ ပို့ကုန်ကဏ္ဍအတွက် အနောက်နိုင်ငံများကို မှီခိုနေရခြင်းကိုလျှော့ချရန် ဒေသတွင်း ဈေးကွက်ကို ချဲ့ထွင်နေပါသည်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က အာဆီယံညီလာခံတွင် "အနောက်နိုင်ငံများသို့ အကောင်းဆုံးများကို တင်ပို့ခဲ့သော်လည်း အကျိုးကျေးဇူးများ မရရှိနိုင်ဟု ခံစားမိကြောင်း" ပြောကြားသွားပါသည်။
အာဆီယံနှင့် အိန္ဒိယ၊ အာဆီယံနှင့် တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် များသည် ၂၀၁၀ တွင် စတင်တော့မည် ဖြစ်ပြီး၊ ဒေသတွင်း ကုန်သွယ်ရေးနယ်ပယ် ချဲ့ထွင်နိုင်ရန် လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ဘန်ကောက်တွင် လတ်တလော ထုတ်ပြန်ခဲ့သော အာရှပစိဖိတ်ဆိုင်ရာ UNESCO အဖွဲ့၏ အစီရင်ခံစာအရ အာရှသည် အနောက်နိုင်ငံများကို မှီခိုနေရမှုလျှော့ချရန် လုပ်ဆောင်စရာကိစ္စများစွာ ရှိနေသေးကြောင်း ပေါ်လွင်ခဲ့ပါသည်။
အာရှပစိဖိတ်ဒေသအနေနှင့် ၎င်း၏ကြီးထွားလာသော စွမ်းအားအရင်းအမြစ်များနှင့် ဒေသတွင်းဝယ်လိုအား တက်လာရန် လှုံ့ဆော်မှုတို့ကို ပြန်လည်ထိန်းညှိရန် လိုအပ်နေသည်ကို ယခုအကျပ်အတည်းက ညွှန်ပြနေပါသည်။ ယခုပုံစံအတိုင်း မည်မျှ ခရီးဆက်ဦးမည်ဆိုသည်ကို လာမည့်ကာလအတောအတွင်း စောင့်ကြည့်ရပါလိမ့်မည်။ IMF အစီရင်ခံစာက "အာရှသည် အခြားကမ္ဘာ့ဒေသများနှင့် အဆက်ပြတ်သွားခြင်း မရှိကြောင်း၊ အာရှ၏ အနာဂတ် ကံကြမ္မာသည် ကမ္ဘာ့စီးပွားရေးနှင့် နီးကပ်စွာ ဆက်စပ်ချည်နှောင်နေကြောင်း" စသဖြင့် ဖော်ပြထားပါသည်။
ကမ္ဘာဆန်လာသော ကမ္ဘာကြီးတွင် အာရှစီးပွားရေး၏ရပ်တည်မှုအနေအထားသည် အာရှနှင့် အခြားဒေသများ၏ ဆက်နွယ်မှုကို နားလည်နိုင်မည့် အရေးကြီးဆုံးအချက်ဖြစ်သည်။
New Frontiers in Free Trade : Globalization's Future and Asia's Rising Role စာအုပ်ကို ရေးသားသူ ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဥရောပ ဗဟိုဌာနမှ ညွှန်ကြားရေးမှူး Razeen Sally က မြောက်များစွာသော အာရှဒေသတွင်း ကုန်သွယ်မှု နှင့် သတင်းဆက်သွယ်ရေး နည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများသည် "နိုင်ငံအများတွင် ခွဲဝေ ထုတ်လုပ်ခြင်း"၏ ကဏ္ဍတစ်ခုဖြစ်ပြီး၊ အနောက်နိုင်ငံများသို့ အကောင်းဆုံးများ နောက်ဆုံး တွင် တင်ပို့ရန် စီစဉ်မှုများဖြစ်သည်ဟု ဧရာဝတီအား ပြောကြားခဲ့သည်။
ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုသည် အရှေ့အာရှနိုင်ငံ တစ်နိုင်ငံစီတွင် စက်ရုံခွဲများစွာ ထူထောင်ရင်းနှီးကာ ထုတ်လုပ်လိုက်သော ကုန်ပစ္စည်းအစိတ်အပိုင်းများကို သယ်ဆောင်၍ နောက်ဆုံးအဆင့်တွင် စုစည်းတပ်ဆင်လိုက်သောအခါ အမေရိကနှင့် ဥရောပသို့ တင်ပို့မည့် ကုန်ချောပစ္စည်းကို ရရှိသည်။ အရှေ့အာရှ၏ ပေါင်းစည်းမှုသည် ကမ္ဘာကြီး၏ ပေါင်းစည်းမှုနှင့် ခိုင်မာစွာ ဆက်စပ်နေပါသည်ဟု Sally က ကြာသပတေးနေ့ထုတ် World Street Journal တွင် ရေးသားဖေါ်ပြထားပါသည်။
အနောက်နိုင်ငံများတွင် စီးပွားရေး ယုံကြည်စိတ်ချမှုများ ယိမ်းယိုင်လာခြင်း၊ အလုပ်လက်မဲ့ တိုးပွားလာခြင်းတို့ကြောင့် စားသုံးသူများသည် အာရှစတိုင် ချွေတာစုဆောင်းသူများအဖြစ်သို့ အသွင်ပြောင်းလဲလာနေပါသည်။ သို့ဖြစ်၍ အာရှနိုင်ငံများသည် အနောက်နိုင်ငံများသို့ ကုန်ပစ္စည်း တင်ပို့မှုအား မှီခိုနေရခြင်းကို လျော့နည်းသွားစေရန် အာရှ၏ မူဝါဒများကို အကြီးအကျယ်ပြုပြင် ပြောင်းလဲရန် လိုအပ်ပါသည်ဟု Australian National University ၏ Crawford School of Economics and Government မှ Peter Drysdale က ပြောပါသည်။
အာရှ၏ ဒေသတွင်း ဝယ်လိုအား ကြီးထွားလာမှုကို ရှင်သန်အောင် ထိန်းသိမ်းနေသည့် ကာလ အလယ်ပိုင်းလောက်တွင် အဓိက စိမ်ခေါ်မှုများကို တွေ့ကြုံရလိမ့်မည် ဖြစ်ပြီး ကြီးမားကျယ်ပြန့်သော ဖွဲ့စည်းပုံပြောင်းလဲမှုများ ရှိလာနိုင်ကာ အဆိုပါပြောင်းလဲမှုများကို လုပ်ကိုလုပ်ရမည် ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဆိုလိုသည်မှာ အာရှနိုင်ငံများသည် အစိုးရ ရန်ပုံငွေပိုက်ဆံများကို လူမှုစောင့်ရှောက်ရေး ကိစ္စများတွင် သုံးစွဲပေးရမည်ဖြစ်သည်။ ဥပမာအားဖြင့် သုံးနိုင်စွဲနိုင်သော စားသုံးသူများကို ယခုအချိန်တွင် ငွေများများ မစုရန် အကြံပေးရမည်ဖြစ်ပြီး၊ ဝယ်လိုအား ကျဆင်းနေသော အနောက်နိုင်ငံများသို့ တင်ပို့ရန် ရုန်းကန်နေရသော စီးပွားရေးကဏ္ဍများအတွက် အစားထိုး ဈေးကွက်များ ဖန်တီးဖြည့်ဆည်းပေးရမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ထိုအစီအစဉ်များကို ယခုတိုင် မလုပ်ဆောင်သေးသော နိုင်ငံတစ်ခုဖြစ် သည်။ Morgan Stanley ၏ အာရှဒေသ ဥက္ကဋ္ဌဖြစ်သူ Stephen Roach က နိုင်ငံခြားဆက်ဆံရေး ကောင်စီနှင့် အင်တာဗျူးပြုလုပ်ရာတွင် "သူတို့က ပါးစပ်ပြောပဲ ရှိတာပါဗျာ၊ လက်တွေ့ မလုပ်ပါဘူး" ဟု မှတ်ချက်ပေးပါသည်။
ပို့ကုန်ဦးစားပေးကဏ္ဍ ကြီးထွားရန် လက်ရှိဦးတည်ထားသော မူဝါဒနှင့် ဥပဒေများကို ဖောင်ဖျက် ပြောင်းလဲပစ်ရမည်ဖြစ်ပြီး၊ လဲလှယ်ကုန်သွယ်မှု မပြုနိုင်သော ကုန်စည်များနှင့် သက်ဆိုင်သော စီးပွားရေးကဏ္ဍများကို ကြီးထွားလာစေရန် ထောက်ပံ့ပေးမည့် မူဝါဒများကို မိတ်ဆက်ပေးရမည်ဟု Drysdale က ပြောပါသည်။
သို့ရာတွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်နှင့်တကွ အခြားသူများပြောဆိုနေကြသည့် အနောက်နိုင်ငံများကို မမှီခိုရေးလမ်းကြောင်းနှင့် သက်ဆိုင်သောကိစ္စရပ်များသည် အချိန်ကာလ တစ်ခုအတွင်း လက်တွေ့မကျနိုင်သေးပါ။
အကြောင်းမှာ အာရှဒေသတွင်း ကုန်သွယ်ရေးသည် အမေရိကန်နှင့် ဥရောပဈေးကွက်၏ အမြင့်ဆုံးဝယ်လိုအားကို ကြီးမားစွာဖြည့်ဆည်းပေးနေရပြီး အာရှနိုင်ငံအများစု၏ ပြည်တွင်း ဈေးကွက်ဝယ်လိုအားမှာ အလွန်နည်းနေခြင်းပင်ဖြစ်သည်ဟု သုတေသီ Arpitha Bykere က ပြောကြားပါသည်။
၂၀၀၈ ခုနှစ်အတွက် အမေရိကန်နှင့် ဥရောပဈေးကွက်၏ ဖြုန်းအားမှာ အမေရိကန်ဒေါ်လာ ၁၉ ထရီလီယံဖြစ်၍ အာရှနိုင်ငံများ၏ ဈေးကွက်ဖြုန်းအားမှာ ဒေါ်လာ ၅ ထရီလီယံပင် မပြည့်ပါ။ သို့ဖြစ်၍ လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန်ဈေးကွက် ဝယ်လိုအားကျဆင်းမှုကို တစ်ဖက်မှ ပြန်လည်အဖတ်ဆည်ရန် ကြိုးစားခဲ့သော အာရှဒေသတွင်း ကုန်သွယ်ရေးနှင့် ဈေးကွက် တိုးတက်ရေးအစီအစဉ် ကျဆုံးသွားလိမ့်မည်ဟု ဆိုပါသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုတွင်လည်း နိုင်ငံရေးအကြောင်းရင်းများ ရှိနေပြန်ပါသည်။ အလုပ်အကိုင်နေရာများ ပင်လယ်ရပ်ခြားရှိ လုပ်ခနည်း အလုပ်သမားများထံ ရောက်ကုန်သည်ဟု တွေးတောခံစားသည့် လက်ဝဲယိမ်း ဒီမိုကရက်များ၊ ကုန်သွယ်ရေး သမဂ္ဂများ ၏ ဖိအားပေးမှုကြောင့် အာရှတိုက်နှင့် ကုန်သွယ်ဆက်ဆံမှုများ အားဖြည့်မြှင့်တင်ရန် စီစဉ်နေသော အိုဘားမားအစိုးရမှာ အခက်ကြုံနေရပါသည်။ ယခု အခြေအနေများသည် အရေးကြီးဆုံး အမေရိကန် ပို့ကုန်ဈေးကွက်ကို မှီခိုနေမှုအား လျှော့ချရန် ပိုမိုလိုအပ်နေကြောင်း အာရှဒေသကို သတိပေးသကဲ့သို့ ဖြစ်စေပါသည်။
သို့သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် အာရှစီးပွားရေး အင်အားစုတို့၏ ဆက်ဆံရေးသည် အမြွှာသဖွယ်ခွဲမရဘဲ ဆက်စပ်နေပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် အမေရိကန်က ပေးရန်ရှိသော ကြွေးမြီများ (ငွေတိုက်စာချုပ်များ) ကို ပိုင်ဆိုင်ထားပါသည်။ လာမည့်လတွင် ကျင်းပမည့် သမ္မတအိုဘားမားနှင့် တရုတ်၊ ဂျပန်ခေါင်းဆောင်များ၏ အစည်းအဝေးသည် သွားရမည့် လမ်းကြောင်းမှန်ကို ကောင်းစွာ ညွှန်ပြနိုင်ပါလိမ့်မည်။
ထို့အပြင် အိုဘားမားသည် စင်္ကာပူတွင် ကျင်းပမည့် ပထမဆုံးအကြိမ်ဖြစ်သော အမေရိကန် APEC ထိပ်သီးညီလာခံတွင် အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံဦးမည် ဖြစ်သည်။ ကြို၍ သိမြင်နိုင်သော အနာဂတ်တွင် အာရှနှင့် အမေရိကန်တို့၏ အပြန်အလှန်မှီခိုမှု ရှိနေဦးမည် ဖြစ်ပြီး အိုဘားမားအစိုးရသည် နိုင်ငံရေးယုံကြည်ချက် ပြင်းထန်သော ပြည်တွင်း အတိုက်အခံများကို ရင်ဆိုင်ဆန့်ကျင်၍ အာရှဒေသနှင့် ညီညွတ်သော စီးပွားရေး ဆက်ဆံမှုများ ရရှိအောင် ဆက်လက် ကြိုးပမ်းသွားမှာလား။ (သို့မဟုတ်) အမေရိကန်ပြည်ထောင်စု၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းတွင် အာရှကို လက်တွဲဖြုတ်ခဲ့မှာလား။ ဆိုသည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်ရပါဦးမည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---