Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ စစ်အစိုးရသည် မည်သည့်အခါမျိုးတွင်မဆို လိုက်ရောမှု ပေးနိုင်ဖွယ် မရှိကြောင်း အမေရိကန် အထူးသံတမန်နှင့် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့မာစီယဲလ်က မြန်မာနိုင်ငံခရီးစဉ် အပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

          "ကျွန်တော်တို့ မြန်မာပြည်ကို တစ်ကြိမ်လောက်သွားတာနဲ့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားမယ် လို့မမျှော်လင့်ခဲ့ကြပါဘူး" ဟု မစ္စတာ စကော့မာစီယဲလ်က ဆိုသည်။

          "ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်တဲ့ ရွေးကောက်ပွဲ တစ်ခုကို အကဲဖြတ်ဖို့ ကိစ္စဟာ အတော့်ကိုခက်ခဲပါလိမ့်မယ်" ဟု သူက မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး မှတ်ချက်ပေး ပြောကြားသည်။ မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရေး ကိစ္စကို အရိပ်အမြွက်ပင် မပြောဆိုခဲ့ကြောင်း စကော့မာစီယဲလ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အနေအထားတွင် နေအိမ်အကျယ်ချုပ် ၁၈ လကျခံနေရသည်။ သူမသည် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့် စစ်အစိုးရက ဦးဆောင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် ပါင်ခွင့်ရမည် မဟုတ်ပေ။

          "အဆုံးစွန်ဆုံးပြောရရင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးနိုင်သလို ဆက်ပြီးဖမ်းထားကောင်း ဖမ်းထားနိုင်တယ်။ သူတို့ ဒေါ်စုကို လွှတ်ပေးလိုက်ရုံနဲ့ ဇာတ်လမ်းက ပြီးပြီ" ဟု သူက ပြောသည်။

          စကော့မာစီယဲလ်သည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံသို့ နှစ်ရက်တာမျှ လာရောက်ခဲ့သည်။ အမေရိကန် အစိုးရ၏ အဆိုပါ အထူးသံတမန် အဖွဲ့သည် နှစ်ရက်တာ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒေါ် အောင်ဆန်းစုကြည် အပါအင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

          မြန်မာနိုင်ငံခရီးစဉ်ကို "မြန်မာအစိုးရ၏ သဘောထားများ ကြားနာနိုင်ရေး နှင့် အမေရိကန်အစိုးရ မူါဒရီဗျူးကို ရှင်းလင်းထုတ်ဖော်ရေးအတွက် စူးစမ်းလေ့လာမှု ပြုသော မစ်ရှင်တစ်ခု"  ဟု စကော့က သတ်မှတ်ပြောဆိုသည်။ လက်ရှိအနေအထားမျိုးတွင် မြန်မာစစ်အစိုး ရက အမေရိကန် ပြည်ထောင်စုနှင့် အဘယ့်ကြောင့် စေ့စပ်ညှိနှိုင်းလိုသည် ဟူသောအချက်ကို မိမိအနေဖြင့် မသိရှိပါကြောင်း သူကပြောသည်။ မြန်မာပြည်မှအပြန် ဘန်ကောက်တွင်ပြုလုပ် သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စကော့က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှုများ အစောတလျင် ဖြစ်ပေါ်လာမည်ဟု မမျှော်လင့်မိပါ ကြောင်းထပ်ခါတလဲလဲ ပြောဆိုသည်။

          "ဒါဟာ အချိန်အတော်ယူရမယ့် ကိစ္စတစ်ခုပါ"

          လတ်တလော ကာလများအတွင်း စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသော စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များ အကြောင်းကိုမေးမြန်းရာတွင် မစ္စတာ စကော့က အဆိုပါကိစ္စကို ဆွေးနွေးရန် အချိန်မရရှိခဲ့ကြောင်း ပြောကြား သည်။

          အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု မူဝါဒများ ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ပြီး အနာဂတ် ကာလတွင်လည်း ပိုမိုတင်းကျပ်သော မူါဒများ ကျင့်သုံးရေး၊ သို့မဟုတ် မူဝါဒသစ်များ ထပ်မံထည့်သွင်းရေး အစရှိသည်တို့ကို ချန်လှပ်ထားကြောင်း ၎င်းက ပြောသည်။ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်လွှတ်ပေးရေး၊ သန့်ရှင်းလွတ်လပ်ပြီး မျှတမှုရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပ ပေးရေး အစရှိသော အပြုသဘော ဆောင်သည့် ကြိုးပမ်းချက်များ ပြုလုပ် လာပါက ဝါရှင်တန်ကလည်း အရေးတယူပြု တုံ့ပြန်သွားမည်ဖြစ်သည်ဟု လည်း ပြောကြားသည်။

          မြန်မာခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့၊ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သတင်းဌာနများ၊ ပညာရှင်များနှင့် သံတမန်များ၏ မေးမြန်းချက်များကို မစ္စတာ စကော့က နာရီကြာမြင့်စွာ ဖြေကြားပေးခဲ့သည်။ အ မေရိကန် အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အစိုးရ၊ အတိုက်အခံ နှင့် တိုင်းရင်းသား လူမျိုးများအားလုံး ပါဝင်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒိုင်ယာလော့ခ်ဖြစ်စဉ်များကို တွေ့မြင်လိုကြောင်း လည်းပြောဆိုသည်။

          "ခိုင်မာမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ် ဘယ်လိုပုံစံမျိုးနဲ့ထွက်လာနိုင်မလဲ ဆိုတဲ့ အချက်ကို ကျွန်တော်တော့ မမြင်မိဘူး"

          ၂၀၀၈ ခုနှစ်က ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲမှုမရှိဘဲ ဒိုင်ယာလော့ခ်ချည်း သက်သက်ဖြင့် အကျိုးသက်ရောက်မှု တစ်စုံတရာ ရှိနိုင်၊မရှိနိုင်ဟူသော ကိစ္စကို ဧရာဝတီသတင်းဌာနက မေးမြန်းရာတွင် မစ္စတာစကော့ က အကျိုးထူး မရှိနိုင်ဟု ဖြေကြားသည်။ အကြောင်းမှာ အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ချို့ယွင်းချက်များရှိနေပြီး ၂၀၀၈ ခု နှစ်က ပြုလုပ်ခဲ့သော အခြေခံဥပဒေနှင့် ပတ်သက်သည့် လူထုဆန္ဒသဘောထား ကောက်ယူမှုသည်လည်း ခိုင်မာမှု လျော့နည်းနေကြောင်း ပြောသည်။

          မည်သို့ပင်ဖြစ်စေ အမျိုးသား ဒီမိုကရေစီအဖွဲ့က စစ်အစိုးရအား တောင်းဆို ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြန်လည်ရီဗျူးလုပ်ရေး ကိစ္စအပေါ် အမေရိကန် အစိုးရက ထောက်ခံမှုပြုမည်၊ မပြုမည်ဟူသည်ကို မစ္စတာ စကော့က ဖြေကြားခဲ့ခြင်းမရှိပေ။ အဆိုပါကိစ္စကို မြန်မာပြည်သူများက အမျိုးသားရေး ဒိုင်ယာလော့ခ်၏ တစ်စိတ်တစ်ပိုင်း အဖြစ်ဖြေရှင်းပါက အကောင်းဆုံးသော ရလာဒ်များ ရရှိလာမည်ဖြစ်ကြောင်းသာ ပြောဆိုသည်။

          ပြီးခဲ့သည့် ဧပြီလတွင် အမျိုးသား ဒီမိုကရေစီပါတီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးပြီး အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးခြင်း၊ ရွေးကောက်ပွဲကို နိုင်ငံတကာ၏ ကြီးကြပ်မှုအောက်တွင် လွတ်လပ်မျှတစွာ ကျင်းပပေးခြင်း အစရှိသည်များ ပြုလုပ်ပေးပါမှ ၂၀၁၀ ဒီမိုကရေစီရွေးကောက်ပွဲတွင်ပါ င်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။ ဥပဒေကျွမ်းကျင်သူများ၏ အဆိုအရ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အရပ်ဘက် အုပ်ချုပ်ရေး လက်အောက် စစ်တပ်၏ သြဇာအာဏာ ပိုမိုကြီးထွားလာစေရန်ရည် ရွယ်ကာရေးဆွဲထားခြင်းဖြစ်သည်။ Indiana University Maur Law School Center For Constitutional Democracy မှ ပရော်ဖက်ဆာ ဒေးဗစ် စီဝီလျံက "ကျွန်တော်တို့အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဖိုးကပ်လုပ်နေတာထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေးကို ပိုပြီး ဖိုးကပ်လုပ်သင့်ပါတယ်" ဟု သုံးသပ်ပြောကြားသည်။

Irrawaddy  သတင်းဌာန၏ SY Expect slow Progress in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။  


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment