Transparency Myanmar

transparency.myanmar@gmail.com

Belfasttelegraph.co.uk, By Andrew Buncombe, 19th May 2010

      မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း များက ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အံ့သြဖွယ် ဒေါသဖြင့် တုန့်ပြန်ခဲ့သည်။

      ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ယခု ရွေးကောက်ပွဲ ဥပဒေ အသစ်အရ ရွေးကောက်ပွဲ မဝင်သော ပါတီသည် ပါတီအဖြစ် ရပ်တည်ခွင့် မရှိပေ။

      ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် ရွေးကောက်ပွဲ မဝင်သင့်ကြောင်း သူမ အနေဖြင့် ယုံကြည်ကြောင်း ပြောကြားခဲ့သဖြင့် NLD အဖွဲ့ဝင်များက တညီတညွတ်တည်း ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် NLD တရားဝင် ရပ်တည်မှု ကုန်ဆုံးပြီး နောက်တစ်ရက်တွင် NLD အဖွဲ့ဝင် အချို့ သဘောမတူမှုများ လျင်မြင်စွာ ထွက်ပေါ်လာခဲ့ပြီး၊ ပါတီသစ် တစ်ခု ထောင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

      အဆိုပါ ပါတီကို NLD အဖွဲ့ဝင်ဟောင်း ဒေါက်တာ သန်းငြိမ်းက ဦးဆောင်မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force – NDF) ဟု အမည်ပေးပြီး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။

      သို့သော် အသက် ၆၄ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လုပ်ဖော်ကိုင်ဖက် အချို့၏ ဆုံးဖြတ်ချက် အပေါ် သူမက စိတ်ပျက်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

      သူမ၏ နေအိမ်သို့ ဝင်ထွက်ခွင့်ရသူ အနည်းငယ် အနက်မှ သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က အများစု တညီတညွတ်တည်း ဆုံးဖြတ်ထားမှုကို ဆန့်ကျင်၍ ပြုလုပ်သော အနည်းစု၏ လုပ်ရပ်သည် ဒီမိုကရေစီ ကျင့်စဉ်နှင့် မညီကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

      NLD ၏ ဆုံးဖြတ်ချက်ကို မတ်လ နှောင်းပိုင်းက ကြေညာခဲ့ပြီး၊ ပါတီအနေဖြင့် ပြစ်ဒဏ်ကျခံ နေရသော ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ရမည် ဖြစ်၍ ရွေးကောက်ပွဲမဝင်ရန် အဖွဲ့ဝင်များက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

      သို့သော် ထိုသို့ ဆုံးဖြတ်ချက်ကြောင့် မှတ်ပုံတင်ရန် သတ်မှတ်ထားသော နောက်ဆုံးရက် မေလ ၇ ရက် နောက်ပိုင်းတွင် NLD သည် အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။ ထို့နောက် NLD ၏ ဝါရင့် အဖွဲ့ဝင်များ ကြားတွင် ဆုံးဖြတ်မှုအတွက် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။ ၁၉၉၀ ခုနှစ်က တစ်ပြည်လုံး အတိုင်းအတာအရ အနိုင်ရရှိခဲ့မှုကို စစ်တပ်ကသာ လျစ်လျူရှုခဲ့ခြင်း ဖြစ်၍ ပါတီအနေဖြင့် ဆက်လက် ရှိနေသင့်ကြောင်း ဆိုသည်။

      ယခု အဖြစ်အပျက်များ အတွက် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စိတ်ပျက်မှုအား တဆင့် ထုတ်ဖော်ခဲ့ခြင်း အပေါ် NDF မှ အဖွဲ့ဝင်များက ၎င်းတို့၏ လုပ်ရပ် အတွက် ကာကွယ် ပြောဆိုခဲ့သည်။ NDF ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဧရာဝတီသို့ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီ ဖွဲ့စည်းခွင့်မှာ လူတစ်ဦးချင်းစီ၏ ပိုင်ခွင့်ဖြစ်သည် ဆိုသည်ကို နားလည်သင့်ကြောင်း ပြောကြားခဲ့သည်။

      "ကျွန်တော်တို့က NLD တရားဝင် ရပ်တည်မှု မရှိတော့တဲ့ အချိန်ကျမှ ပါတီထောင်ခဲ့တာပါ။ လူတစ်ဦးချင်းစီ အနေနဲ့ ကျွန်တော်တို့မှာ အဲဒီလို လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒီမိုကရေစီ ဘက်တော်သား တစ်ဦး အနေနဲ့ သူမက ကျွန်တော်တို့ကို နားလည်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။ သူနှင့် အခြား NDF ခေါင်းဆောင်များ အနေဖြင့် ဒီမိုကရေစီ ရုန်းကန်မှုများ အတွက် နိုင်ငံရေး ပါတီတစ်ခု ရှိရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

      ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်အား NLD ဝါရင့် ခေါင်းဆောင်ဟောင်း ဦးဝင်းတင်က ထောက်ခံလျက် "သူမ မှန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တုန်းက၊ ကန့်ကွက်မှု မရှိ အားလုံး သဘောတူခဲ့ကြတာပါ။ ဒါ့ကြောင့် ဒီပါတီသစ် ထောင်တာကို ကျွန်တော်တို့ ဝမ်းမသာနိုင်ပါဘူး" ဟု ဆိုသည်။

      သို့သော် ဒေါက်တာ သန်းငြိမ်းက NDF သည် NLD မှ ခွဲထွက်သော ပါတီမဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် NLD သည် ဥပဒေအရ မရှိတော့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်အထိ နိုင်ငံရေးပါတီ ၃၇ ခုက မှတ်ပုံတင်ရန် လျှောက်ထားခဲ့ကြသည်။ ရွေးကောက်ပွဲအား ဝေဖန်သူများက ရွေးကောက်ပွဲသည် စစ်တပ် အခန်းကဏ္ဍကို အမြစ်တွယ်အောင် ပြုလုပ်ခြင်းပင် ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။

      အရှေ့တောင် အာရှ၏ ဗြိတိသျှ သံတမန်ဟောင်း၊ Myanmar Network ခေါင်းဆောင် Derek Tonkin က ပြောကြားရာတွင် "NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားလို့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ဒါ့အပြင် အမြင်မတူ ကွဲပြားခြားနားမှုတွေ ရှိနေတယ် ဆိုတာကလည်း ရှင်းလင်းစွာ မြင်နေရပါတယ်" ဟု ဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment