Transparency Myanmar

transparency.myanmar@gmail.com

      ပုံမှန်အားဖြင့်ဆိုပါက မြန်မာပြည် မြောက်ပိုင်းမှ ကိုးကန့် တိုင်းရင်းသားတို့ နေထိုင်ရာ ကိုးကန့်ဒေသသည် လှုပ်လှုပ်ရှားရှား ဖြစ်လေ့ မရှိပေ။ တရုတ်ပြည်မှ လာသော ပန်းသီးများကို အရောင်းအဝယ် သမားများက လက်တွန်းလှည်းများဖြင့် လောက်ကိုင်မြို့ လမ်းမများပေါ်တွင် ပုံမှန် ရောင်းချလေ့ ရှိသည်ကို တွေ့ရသလို ကာစီနို လောင်းကစားရုံများတွင် ပြည်တွင်းမှ ခရီးသွားများ လာရောက် လောင်းကစား ပြုလုပ်လေ့ ရှိသည်ကိုလည်း တွေ့နိုင်သည်။ ထိုသို့ ပုံမှန် အနေအထားမျိုးဖြင့် အေးဆေး ငြိမ်သက်စွာ ရှိခဲ့သော ကိုးကန့်ဒေသမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လက စ၍ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

       မြန်မာစစ်တပ်က ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအပေါ် တိုက်ခိုက်မှုများ စတင် ပြုလုပ်ခဲ့ရာ ကိုးကန့်တို့ကလည်း အခြားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းမှုဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ကြသည်။ သို့အတွက်ကြောင့် ကိုးကန့်ဒေသတွင် နေထိုင်သော ပြည်သူ သုံးသောင်းခန့်မှာ တရားဥပဒေ စိုးမိုးမှု မရှိသော ဒေသကို စွန့်ခွာပြီး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး ဝင်ရောက် သွားခဲ့ကြသည်။ ထိုကိုးကန့်ပြည်သူများ ဝင်ရောက်လာသော ကိစ္စကြောင့် တရုတ် အစိုးရမှာ ရတက်မအေးနိုင် ဖြစ်ခဲ့ရသည်။

      "ကိုးကန့်တွေအပေါ် သိပ်ပြီး ဖိအားမပေးဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ သတိ ပေးထားပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ပြောတာကို နားမထောင်ခဲ့ကြဘူး" ဟု တရုတ် အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

      ကိုးကန့် ဒေသတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများမှာ တမူ ထူးခြားခဲ့သည်။ အဆိုပါ ဒေသသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တည်ရှိပြီး စစ်အစိုးရက အနည်းငယ်သာ ထိန်းချုပ်ထားသည် ဖြစ်ရာ တော်လှန် ပုန်ကန်သူများ အနေဖြင့် လုပ်ချင်တာ လုပ်၍ ရသည့် အနေအထားတွင် ရှိသည်။ စစ်အစိုးရနှင့် တိုင်းရင်းသား လူနည်စုများ အကြား ထားရှိသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်မှာလည်း တဖြည်းဖြည်းချင်း ပျက်ပြားလျက် ရှိသည်။ အဆိုပါ ကိုးကန့်ဒေသ စစ်ရေး ပဋိပက္ခကြောင့် နဂိုကပင် နာမည်ပျက်လျက် ရှိသော လူ့အခွင့်အရေး အကျပ်အတည်းကို အဖတ် ဆယ်မရအောင်လည်း ဖြစ်စေခဲ့သည်။

      မြန်မာစစ်တပ်က ကိုးကန့် လက်နက်ကိုင် အုပ်စုများကို ဖိနှိပ် တိုက်ခိုက်ရုံ တင်သာမက ကိုးကန့် အရပ်ဘက်ပြည်သူများ အပေါ်ကိုလည်း ဖိနှိပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်သော Burma Border Coalition အဖွဲ့၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတစ်ခုတည်းမှာပင် ပြည်တွင်း၌ ပြောင်းရွှေ့ ထွက်ပြေးနေရသူ ဒုက္ခသည် စုစုပေါင်း ၄၅၀၀၀၀ ခန့် ရှိသည်။ ထိုဒုက္ခသည်များ အနက် အများစုမှာ အစာရေစာ ငတ်မွတ်မှုနှင့် တွေ့ကြုံ ခံစားနေရသည်။

      ဒုက္ခသည်များသည် ညှဉ်းပန်း နှိပ်စက်မှုမှ လွတ်မြောက်အောင် ပြေးလွှားရင်း အချိန်ကုန်လျက် ရှိသည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများမှာလည်း တောတွင်း နေရာများတွင် ပုန်းခိုနေကြရကာ တွေ့ရာ သစ်သီး သစ်ဥ သစ်ဖုများဖြင့် ခြိုးခြံနေရသည်ဟု ဆိုသည်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိသောကြောင့် ဒုက္ခသည်များမှာ ကူးစက်ရောဂါများ၏ နှိပ်စက်မှုဒဏ်ကိုလည်း ပြင်းထန်စွာခံ 
စားကြရသည်။ အချို့မှာ ရောဂါနှိပ်စက်၍ သေဆုံးလျက် ရှိသည်။ ထို့ပြင် မြန်မာစစ်တပ်မှ စစ်သားများက ဒုက္ခသည် အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ ကျူးလွန်လျက် ရှိရာ HIV ဗိုင်းရပ်စ် ကူးစက်မှုမှာလည်း တိုးမြင့်လျက် ရှိသည်။ အကယ်၍ စစ်ရေးတိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားဦးမည် ဆိုပါက ထောင်ပေါင်းများစွာသော ပြည်သူများမှာ ခြေသလုံး အိမ်တိုင်ဘဝဖြင့် ဒုက္ခအတိ တွေ့ကြရဦးမည်သာပင် ဖြစ်သည်။

Washington Monthly မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment