Transparency Myanmar

transparency.myanmar@gmail.com

2010-05-17
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိရေးသူ Benedict Rogers ကို RFA မှ ဒေါ်နန်းခမ်းထွေးက တွေ့ဆုံ မေးမြန်းထားပါတယ်။ (Photo: RFA)


မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းရေးဖို့ ဘာကြောင့် စိတ်ဝင်စားလာပါသလဲ။

ဖြေ။ ။ တကယ်တော့ မြန်မာအရေးလှုပ်ရှားနေသူတဦးလည်း ဖြစ်တဲ့ မိတ်ဆွေတယောက် အကြံပေး တာက စခဲ့တာပါ။ အာဏာရှင်တွေရဲ့ အတ္ထုပ္ပတ္တိတွေဟာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တနည်းတလမ်းအားဖြင့် မီးမောင်းထိုးပြနိုင်တယ်လို့ သူက ပြောပါတယ်။ Kim Jong-Il တို့ Robert Mugabe, Saddam Hussein စတဲ့ တခြား ဆိုးဝါးတဲ့ အာဏာရှင်တွေအကြောင်း ရေးသားခဲ့ပေမဲ့ ကမ္ဘာ့ အဆိုးဝါးဆုံး အာဏာရှင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိကို ရေးထားတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံအကြောင်းကို ဖော်ပြရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ချိတ်ဆက်ဖော်ပြတဲ့ သဘောပါဘဲ။

မေး။ ။ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်လို ရယူပါသလဲ။ ဘယ်လို အချက်တွေကို ရှာဖို့ အခက်ခဲဆုံး ဖြစ်ခဲ့ပါသလဲ။

ဖြေ။ ။ ကျနော့်ရဲ့ အဓိက သတင်း အရင်းအမြစ်တွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အချိန် အပိုင်းအခြား အမျိုးမျိုးမှာ အနေအထား အမျိုးမျိုးနဲ့ သိရှိခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းတွေပါ။ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘဝက သူ့လက်အောက်မှာ အမှုထမ်းခဲ့သူတွေ၊ သူနဲ့ စစ်တပ် လေ့ကျင့်ရေး သင်တန်းကျောင်းမှာ သိခဲ့သူတွေ၊ မကြာသေးခင်က သူ့ကို တွေ့ဆုံခဲ့သူတွေ၊ နောက်ပြီး နိုင်ငံတကာနဲ့ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ Australia, Britain, Japan, Thai, America က သံတမန်တွေ၊ သံအမတ်တွေကို မေးမြန်းခဲ့ပါတယ်။ အခက်ခဲဆုံးကတော့ သူ့ရဲ့ အစောပိုင်း နှစ်တွေက အခြေအနေ အသေးစိတ်ကို သိရဖို့ပါ။ သူ့ခလေးဘဝက အဖြစ်အပျက်တွေကို သိရဖို့ အတွက်သူ့မိသားစုအကြောင်း အသေးစိတ်သိတဲ့သူတွေကို ရှာလို့မရတဲ့ အခက်အခဲပါ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း သူတို့ရဲ့ပြောပြချက်တွေက ဘယ်လောက်အထိ မှန်ကန်နိုင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ ဒီလူတွေရဲ့ ပြောပြချက်တွေဟာ ယုံကြည်စိတ်ချရတယ်လို့ ထင်ပါတယ်။ ကျနော့်စာအုပ်ထဲမှာ သူ့ရဲ့ စရိုက်လက္ခဏာတွေ၊ သူ့ရဲ့ ဘဝထဲက အရေးအကြီးဆုံး အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ပုံဖော်နိုင်တယ်လို့ ထင်ပါတယ်။ တချို့အချက်တွေကတော့ သက်သေ မပြနိုင်တဲ့ ပြောဆိုချက်တွေပါ။ ဘယ်ဟာတွေကတော့ဖြင့် ခိုင်လုံတဲ့ အချက်တွေ၊ ဘယ်ဟာတွေ ကတော့ သက်သေမပြနိုင်တဲ့ အချက်တွေဆိုပြီး ကျနော့်စာအုပ်ထဲမှာ အသိပေး ဖော်ပြထားပါတယ်။

မေး။ ။ အဲဒီတော့ သူ့ကို ဘယ်လို အတိုချုပ်ပြီး ပုံဖော်နိုင်မလဲ။ သူဟာ ဘယ်လိုလူစားမျိုးလဲ။

ဖြေ။ ။ တိုတိုပြောရမယ်ဆိုရင်တော့ သူ့အောက်ကလူတွေရဲ့ ရာနှုံးပြည့် သစ္စာခံမှုကို လိုလားသူပါ။ သူ့ကို တစုံတရာ ဆန့်ကျင် ကန့်ကွက်တာ၊ သဘောထားချင်း မတိုက်ဆိုင်တာမျိုးကို လုံးဝ သည်းမခံတဲ့ သူပါ။ စစ်သားဘဝတုံးက သူ့မှာ ထူးခြားပြောင်မြောက်တဲ့ လုပ်ရပ်တွေ၊ အောင်မြင်ကျော်ကြားလိုတဲ့ သဘောမျိုးတွေကို မတွေ့ရပါဘူး။ သူ့အထက် အရာရှိတွေအတွက်လည်း သူက အန္တရာယ်မရှိတဲ့သူ တယောက်လို ဖြစ်ခဲ့တဲ့အတွက်လည်း သူ့ကို ဆက်ပြီး တင်ပေးခဲ့တာပါ။ စစ်တပ်နဲ့ ဦးနေဝင်းကို သစ္စာခံတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ စစ်မှုထမ်းဘဝမှာ အမှားအယွင်းတွေ အများကြီး လုပ်ခဲ့ပေမဲ့ အပြစ်ပေးတာ မခံခဲ့ရတဲ့အပြင် ရာထူးရာခံတွေ တိုးပေးတာ ခံခဲ့ရတာပါ။

မေး။ ။ ဒါပေမဲ့ သူအာဏာရလာတဲ့ အခါမှာတော့ အထင်နဲ့ အမြင် လွဲခဲ့ရတယ်လို့ ဆိုလိုတာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ အချုပ်အခြာ အာဏာကို ရလာတဲ့အခါမှာတော့ သူ ဘယ်လောက်အထိ အာဏာ မက်မောတယ်ဆိုတာ တွေ့လာရပါတယ်။ ထိပ်ဆုံးကို မရောက်မချင်း သူက ရေမြွေလို နေခဲ့တာပါ။ အာဏာရလာတော့ သူအရင်က သူ့အထက်အရာရှိတွေကို ကျိုးနွံခဲ့သလို သူ့ကိုလည်း ကျိုးနွံခိုင်းတာပါ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သိကျွမ်းခဲ့တဲ့သူတွေ အများကြီးကို မေးထားတယ်။ သူ့အကြောင်းကို လေ့လာ သုတေသနပြုထားတယ်ဆိုတော့ သူ့ကို ဘယ်လို မြင်ပါသလဲ။ မြန်မာပြည်ကို ဒီမိုကရေဒီနိုင်ငံဖြစ်လာအောင် ဖော်ဆောင်ပေးမယ်၊ ဒီမိုကရေစီနည်းကျတဲ့ လူမှုဘဝကို ခွင့်ပြုမယ်လို့ ထင်ပါသလား။ ရွေးကောက်ပွဲလုပ်ပေးမယ်။ နိုင်ငံကို ပြောင်းလဲမယ်လို့ ပြောတယ်။ ဒါကို ယုံကြည်ပါသလား။

ဖြေ။ ။ ကျနော် မယုံကြည်ပါဘူး။ ရွေးကောက်ပွဲဟာ သူရဲ့ အာဏာ၊ သူမိသားစုနဲ့ စစ်အုပ်ချုပ်မှုကို ကာကွယ်ဖို့ သက်သက် ပြင်ဆင်တယ်ဆိုတာ ရှင်းပါတယ်။ ဒါကိုလည်း သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြင်နိုင်ပါတယ်။ အမတ်နေရာ ၂၅ နေရာကို စစ်တပ်အတွက် ယူထားတာပါ။ ရွေးကောက်ပွဲ ဥပဒေ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံ၊ ဒါတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် ရည်ရွယ်ချက်နဲ့  လုပ်တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့မှာ စစ်တပ်က ပါဝင်နိုင်ရေးကိုသာ အဓိကထားတာပါ။ နိုင်ငံကို စစ်တပ်ကသာ ကယ်တင်နိုင်တယ်ဆိုပြီး စစ်တပ်အခြေပြု နိုင်ငံရေးနဲ့ အစိုးရတရပ် ထူထောင်ဖို့ ပြင်ဆင်တာပါ။

မေး။ ။ အရင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့ အကြားမှာ အားပြိုင်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဘာများသိထားတာ ရှိပါသလဲ။

ဖြေ။ ။ တချို့အချက်တွေကတော့ မှန်မယ် ထင်ပါတယ်။ ဒါပေမဲ့ ကျနော်မေးမြန်းခဲ့တဲ့သူ အများစုက ဗိုလ်ချုပ်ကြီးမောင်အေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တန်ပြန်အံတုဖို့ စွန့်စားမှာ မဟုတ်ဘူးလို့  ယူဆကြပါတယ်။ ဗိုလ်ချုပ်ကြီးမောင်အေးက ဒုတိယနေရာကို ရောက်နေပြီဆိုတော့ အတော့ကို ကျေနပ်နေပါပြီ။ နောက်ပြီး တန်ပြန်လို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွန့်လို အဖိနှိပ်ခံရမှာကို စိုးရိမ်ပုံရပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘယ်လို သဘောထားတယ် ထင်ပါသလဲ။ အမျိုးသားရေးခေါင်းဆောင်လည်းဖြစ်၊ စစ်ခေါင်းဆောင်တဦးလည်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး အနာဂတ်မြန်မာနိုင်ငံအတွက် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ထင်ပါသလား။

ဖြေ။ ။ အဲဒီလို ဖြစ်လာဖို့အတွက် ကျနော်တို့အားလုံးမြင်ချင်တွေ့ချင်ပေမဲ့ ဖြစ်လာလိမ့်မယ်လို့ ယူဆနိုင်ဖို့က အတော်လေး ခက်ပါတယ်။ ကျနော် မေးမြန်းခဲ့သူတဦးကဆိုရင် ၁၉၉၀ နှစ်ပိုင်းတွေက အကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။ တကြိမ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညစာစားပွဲအတွက် တွေ့ဆုံခဲ့ပါတယ်။ ကျနော့်ကို ပြောပြတဲ့သူရဲ့ အဆိုအရ ညစာစားပွဲကို ဦးဆောင်ကျင်းပတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အိမ်ရှင်အနေနဲ့ စကားပြောရမှာ ဖြစ်ပေမဲ့ ဘာတခွန်းမှ မစခဲ့ပါဘူး။ ဒီလိုနဲ့ အကြာကြီးဘဲ ဇွန်းသံ ခရင်းသံတွေဘဲ ထွက်နေခဲ့တာပါ။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးမောင်အေးက စကားစမြီ စပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွါးရေး ကိစ္စမဟုတ်ဘဲ သဘာဝဝန်းကျင် အကြောင်းပါ။ နောက်ဆုံးတော့ ညစာစားပွဲသာ ပြီးသွားတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စကားတခွန်းမှ မပြောသလို ဘာဆွေးနွေးတာမှ မရှိခဲ့တော့ ဘာရလဒ်မှလည်း ထွက်မလာခဲ့ပါဘူး။ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ထက် ငယ်တယ်၊ အမျိုးသမီးလည်း ဖြစ်တယ်ဆိုတော့ သူ့စကားကို နာခံရမယ်ဆိုတဲ့ သဘောမျိုး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထားရှိပုံရပါတယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့နေပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာမရှိတဲ့ အရည်အချင်းတွေအားလုံး ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေလို့ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရေးရာကို သိကျွမ်းနားလည်သူ၊ အတွေ့အကြုံများပြီး ခေတ်နဲ့ရင်ဘောင်တန်းနေတဲ့၊ ပညာတတ် တဦးပါ။ ဒီတော့ ကြောက်တာရယ်၊ မကျေနပ် မုန်းတီးတာရယ်၊ နောက်ပြီး ဗိုလ်ချုပ်မှူးကြီးရဲ့ မာန်မာန ထောင်လွှားမှုရယ် ပေါင်းပြီး ဖြစ်လာတဲ့ အမြင်သဘောထားမျိုး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရှိတယ်လို့ ကျနော် ယူဆပါတယ်။

မေး။ ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး ဆိုတဲ့ သဘောလား။

ဖြေ။ ။ အဲဒီလိုတော့ကျနော် မပြောလိုပါဘူး။ ဒါပေမဲ့ နိုင်ငံတကာက လေးလေးနက်နက် ဖိအားမပေးဘဲနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ သူက စစ်သား။ ဒီတော့ သံတမန်နည်းလမ်းနဲ့ သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်တာကို နားထောင်မဲ့သူ မဟုတ်ပါဘူး။ သူနားလည်တာက ဖိအားတခုထဲပါ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာပြည်မှာ အာဏာ လုံးဝချုပ်ကိုင်ထားသူလည်း ဖြစ်တော့ ဖိအားပေးတဲ့ အပေါ် သူက တုန့်ပြန်ပါ့မလား။

ဖြေ။ ။ ကိုယ်လိုချင်တဲ့ နည်းမျိုးနဲ့ တုန့်ပြန်မှုရဖို့တော့ မလွယ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာကလည်း အလေးအနက် ဖိအားပေးမယ်။ တရုတ်ကလည်း သူရဲ့ ရပ်တည်ချက်ကို နဲနဲလေး ပြောင်းလိုက်မယ်ဆိုရင်တောင် တွေ့ဆုံ စကားပြောရေး စလုပ်ဖို့ လမ်းပွင့်လာနိုင်ပါတယ်။ ဒါမှလည်း နောက်လူတွေက ဆက်လုပ်နိုင်မှာပါ။ ဒါပေမဲ့ သူအသက်ရှင်နေသ၍၊ ကိုယ်တိုင် ချုပ်ကိုင်နိုင်သေးသ၍ကတော့ အပြောင်းအလဲ ဖြစ်ဖို့ လမ်းမမြင်ပါဘူး။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးက ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော့်လေ့လာချက်တွေအရဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်ပြည်ကို သဘောကျလှတာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ သူက တရုတ်ကို အကာအကွယ်အတွက်၊ လိုအပ်တဲ့ စစ်လက်နက်တွေရဖို့အတွက် အသုံးကျတဲ့ မဟာမိတ်အဖြစ် အသုံးချနေတာပါ။ သူပြောခဲ့တဲ့ စကားရှိပါတယ်။ တရုတ်နဲ့ မြန်မာဆက်ဆံရေးဟာ ရင်ထဲက လာတာ မဟုတ်ဘူး။ အခုလတ်တလော တရုတ်က အသုံးဝင်တဲ့ မဟာမိတ် ဖြစ်နေလို့။ တရုတ်ဖက်က အပြောင်းအလဲရှိလာရင် ငါတို့ကလည်း တခြားမဟာမိတ် ရှာရုံဘဲလို့ သူပြောခဲ့ဖူးပါတယ်။ ဒီတော့ အသုံးဝင်မှုအပေါ် မူတည်ပြီး ဆက်ဆံနေတာပါ။ နိုင်ငံရေးအရ အာဏာရဖို့၊ စစ်လက်နက်ရဖို့၊ စီးပွါးကုန်သွယ်နိုင်ဖို့ အတွက် သက်သက်ပါ။

မေး။ ။ အခုတလော သတင်းတွေမှာ မြောက်ကိုရီးယားက မြန်မာကို လက်နက်ပို့တာ၊ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားအကူအညီနဲ့ အနုမြူဓါတ်ပေါင်းဖို ဆောက်တာ စသဖြင့် ကြားရပါတယ်။ ဖြစ်နိုင်ပါသလား။ အခုလက်ရှိ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေး ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အထောက်အထား အတော်များများအရ ဒီသတင်းတွေ မှန်ကန်တယ်လို့ ကျနော် ယူဆပါတယ်။ မြန်မာပြည်မှာ မြေအောက် လှိုဏ်ခေါင်းတူးနေတာ၊ အနုမြူဓါတ်ပေါင်းဖို တည်တယ်ဆိုတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ ဘယ်လောက်အထိ ခရီးရောက်နေတယ် ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။ နောက်ပြီး ဒီအနုမြူဓါတ်ပေါင်းဖိုကို စစ်ရေးအတွက် သုံးမှာလား၊ စစ်အစိုးရပြောသလို စစ်ရေးနဲ့ မပတ်သက်တဲ့ အရာတွေအတွက် သုံးမှာလားဆိုတာတွေကတော့ မသဲကွဲသေးပါဘူး။ ဘယ်လိုဘဲ ဖြစ်စေ မြောက်ကိုရီးယားနဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ ဆက်ဆံရေးက ပိုနီးကပ်လာတာတော့ အမှန်ပါဘဲ။ သူတို့က အသွင်သဏ္ဌာန်ကလည်း တူကြတော့ နှစ်ဦးနှစ်ဖက် အကျိုးအတွက် မဟာမိတ် ဖွဲ့ကြတာပါဘဲ။

မေး။ ။ တိုင်းရင်းသားတွေအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ သူ သဘောထားက အတော်လေး တင်းမာပါတယ်။ သူ့မိန်းမက ပအို့တိုင်းရင်းသူဖြစ်နေတာ အတော် အံ့ဩစရာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာက အင်မတန် ကျဉ်းမြောင်းလွန်းပြီး တဖက်စွန်း ရောက်နေတဲ့ မြန်မာ လူမျိုးကြီးဝါဒနဲ့ သူလိုသလို ဆွဲယူပြီး အသုံးချထားတဲ့ ဗုဒ္ဓဘာသာ၊ အဲဒီ ဝါဒနှစ်ခုပေါင်းက သူ့ကို ကြီးစိုး လွှမ်းမိုးနေတာပါ။ ကျနော့်အမြင်ကတော့ သူဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ သူ့လုပ်ရပ်တွေက ဗုဒ္ဓရဲ့ ဓမ္မတွေနဲ့ လုံးဝကို သွေဖီနေတာပါ။ ဗုဒ္ဓဘာသာကို လိုသလို အသုံးချနေတာပါ။ ဒါကြောင့်လည်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ သူတွေအပေါ် သူက လုံးဝ သဘောထား မကြီးနိုင် ဖြစ်နေရတာပါ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ဘာထပ်ပြောချင်ပါသလဲ။

ဖြေ။ ။ သူဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ စစ်အစိုးရကို ဦးဆောင်နေသူပါ။ ဦးနေဝင်းလက်ထက်က စတင်ခဲ့တာမှန်ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်အောက်မှာ ဒီကျူးလွန်မှုတွေက အများကြီးပိုဆိုးလာတာပါ။ မြန်မာနိုင်ငံဟာလည်း အာရှဒေသရဲ့ အချမ်းသာဆုံးနိုင်ငံ အဖြစ်ကနေ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဖြစ်သွားခဲ့ရတာပါ။ သူ့အုပ်ချုပ်မှုရဲ့ ရလဒ်ကတော့ မြန်မာပြည်သားတွေ အကြီးအကျယ် ဒုက္ခ သုက္ခ ရောက်ရတာတွေပါဘဲ။ အနှစ်ချုပ် ပြောရရင် သူဟာ စစ်ရာဇဝတ်ကောင်ပါ။ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုရဲ့ တရားခံပါ။ ဒါတွေက စစ်တပ် ဗိုလ်ချုပ်များအဖွဲ့ဆိုပြီး စုဆုံးဖြတ်ကြတာ မဟုတ်ပါဘူး။ စစ်အာဏာရှင် သန်းရွှေ တယောက်တည်း ဆုံးဖြတ်ကျူးလွန်တာပါ။ အာရှလူ့ အခွင့်အရေးလှုပ်ရှားသူ Benedict Rogers ဟာ စာရေးဆရာတဦးလည်းဖြစ်၊ လန်ဒန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Christian Solidarity
Worldwide ရဲ့ အရှေ့အာရှအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ မြန်မာ၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေက CSW ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကြည့်ကြပ်သူ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ Conservative Party Human Rights Commission ရဲ့ ဒုတိယ ဥက္ကဌလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Burma: A Captive Nation, Than Shwe: Unmasking Burma
s Tyrant နဲ့ A Land Without Evil: Stopping the Genocide of Burma Karen People စာအုပ် ၃ အုပ်ကို ရေးသားခဲ့ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment