Transparency Myanmar

transparency.myanmar@gmail.com

The Jakata Globe, By Andrew Selth, 18th May 2010

      လွန်ခဲ့သည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံ အပေါ် နျူကလီယာ လက်နက်များ ပိုင်ဆိုင်ရန် ကြိုးစားခဲ့ကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။ ထိုကာလ အတွင်း မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နှင့် ဆက်ဆံရေး တိုးတက်လာခဲ့ခြင်းမှာ မှတ်မှတ်သားသား ရှိခဲ့ကြပြီး၊ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ သို့သော် အဆိုပါ နျူကလီယာ အစီအစဉ် အတွက် ခိုင်မာသော သက်သေ အထောက်အထားများ ထွက်ပေါ်လာခြင်း မရှိခဲ့ပါ။

      ထိုသို့ လျှို့ဝှက် နျူကလီယာ လက်နက် အစီအစဉ်မှာ ၂၀၀၀ ခုနှစ်က မြန်မာ အစိုးရက ရုရှားထံမှ သုတေသန ဓာတ်ပေါင်းဖို အသေးတစ်လုံး ဝယ်ယူရန် ကြေညာခဲ့ခြင်းမှ အစပြုခဲ့သည်။ စွပ်စွဲမှုများ ၂၀၀၃ ခုနှစ်တွင် ပြန်လည် ထွက်ပေါ်လာရာ လူလေးစားသော သတင်း မဂ္ဂဇင်း တစ်စောင်မှ မြန်မာနိုင်ငံ၏ နျူကလီယာ နည်းပညာအတွက် ပင်မ အကူအညီပေးသူမှာ ရုရှားထံမှ မြောက်ကိုရီးယားထံသို့ ရောက်ရှိသွားကြောင်း ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့နောက် ထိုကိစ္စမှာ နိုင်ငံရေး လှုပ်ရှားသူများ၏ Web Site များတွင် ကြိုကြား ကြိုကြား ထွက်ပေါ်နေခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် တစ်ကမ္ဘာလုံး အာရုံကို ဆွဲဆောင်ခဲ့သော သတင်းတစ်ပုဒ် Sydney Morning Herald (SMH) တွင် ထွက်ပေါ်လာရာ၊ သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ Des Ball နှင့် ထိုင်းနိုင်ငံ အခြေစိုက် သတင်းစာ ဆရာ Phil Thornton တို့က ရေးသားခဲ့သည်။

      SMH က မြန်မာနိုင်ငံတွင် နျူကလီယာ စီမံကိန်း နှစ်ခု ပြုလုပ်နေကြောင်း ဖော်ပြခဲ့သည်။ ပထမ တစ်ခုမှာ နိုင်ငံတကာ ကြီးကြပ်မှုဖြင့် လည်ပတ်မည့် ရုရှား သုတေသန ဗဟိုဌာန ဖြစ်သည်ဟု ဆိုသည်။ (SMH ၏ ဆန့်ကျင်ဘက် သတင်းအရ အဆိုပါ ဓာတ်ပေါင်းဖို ဆောက်လုပ်ရေးမှာ မစတင်ရသေးပါဟု ဆိုသည်။) ဒုတိယ တစ်ခုမှာ မြောက်ကိုရီးယား၏ အကူအညီဖြင့် ဆောက်လုပ်မည့် နျူကလီယာ စွမ်းအင်နှင့် ပတ်သက်သော နျူကလီးယား ဓာတ်ပေါင်းဖို လျှို့ဝှက် ဆောက်လုပ်ရေး စီမံကိန်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ SMH ၏ အဆိုအရ၊ အဆိုပါ စီမံကိန်းများ အောင်မြင်ပါက မြန်မာနိုင်ငံသည် ၂၀၁၄ တွင် နျူကလီယာ လက်နက် ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ၂၀၂၀ တွင် အဆိုပါ လက်နက် အတော်များများ ရှိနေမည်ဟု ဆိုသည်။ SMH ၏ ဖော်ပြမှုများ၏ အဓိက သတင်းရင်းမြစ်များမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ နှစ်ဦးနှင့် ကြော်ငြာ ဂြိုလ်တုမှ သံသယရှိသော အဆောက်အဦး ဓာတ်ပုံများပင် ဖြစ်သည်။

      အဆိုပါ ဖော်ပြမှုများကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အခြား အစိုးရများသည် မြန်မာနိုင်ငံ အပေါ် သေချာစွာ စောင့်ကြည့်လာ ရတော့သည်။ ထို့အပြင် ဥာဏ်ကြီးရှင် အဖွဲ့ (Think Tank) များ ဖြစ်သော လန်ဒန်မှ International Institute for Strategic Studies နှင့် ဝါရှင်တန်မှာ Institute for Science and International Security အဖွဲ့များသည် ထောင့်စုံမှ လေ့လာမှုများ ပြုလုပ်လာကြသည်။

      အမေရိကန် အစိုးရကလည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနှင့် မြောက်ကိုရီးယားကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးတက်လာခြင်း အတွက် စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ အဆိုပါ သတင်းချိတ်များက မြောက်ကိုရီးယား၏ မြန်မာနိုင်ငံအပေါ် ရိုးရိုး သာမန် လက်နက်များ ရောင်းချမှု၊ မြေအောက် အဆောက်အဦများ ဆောက်လုပ်ခြင်း အပါအဝင် မြန်မာ့ကာကွယ်ရေး အခြေခံ အဆောက်အအုံများ တိုးတက်ရေး အတွက် အကူအညီပေးမှု၊ မြန်မာနိုင်ငံတွင် လက်နက် ထုတ်လုပ်မှု အတွက် အကူအညီများ ပေးခြင်းများ၊ လေကြောင်းရန် ကာကွယ်ရေး အတွက် သင်တန်းများ ပေးခြင်းများကို ဖော်ပြကြသည်။ ၂၀၀၄ ခုနှစ်က အမေရိကန်သည် မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ တာတို ထိပ်ဖူး ဒုံးကျည် ရောင်းချမှုကို ပိတ်ဆို့ခဲ့သည်။

      Obama အစိုးရကလည်း မြောက်ကိုရီးယားမှ မြန်မာနိုင်ငံ အပေါ် နျူကလီယာ နည်းပညာများ လွှဲပြောင်းမှုများ အပါအဝင် နျူကလီယာ ပြန့်ပွားခြင်း အတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးလိုကြောင်း ဖော်ပြခဲ့သည်။ အမှန်တကယ်တွင်မူ ဝါရှင်တန် အနေဖြင့် ကွန်ဂရက် အဖွဲ့ဝင်များ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် သတင်းစာ ဆရာများထံမှ ထိရောက်သော ဖိအားပေးမှု မရှိခဲ့လျှင် ထိုကိစ္စကို ပြောဆိုရန် ငြင်းဆိုလိုဟန် ရှိပေသည်။ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံတွင် လျှို့ဝှက် နျူကလီယာ လက်နက် အစီအစဉ် မရှိဟူသော ယုံကြည်ချက်နှင့် အဆိုပါ ကိစ္စ စွပ်စွဲရန် ခိုင်မာသော အထောက်အထား မရှိခြင်းတို့၏ ထင်ဟပ်ချက်ကြောင့် ပြောဆိုရန် ငြင်းဆိုလိုဟန် ရှိပေသည်။

      အဆိုပါ အယူအဆမှာ ဗြိတိန်နှင့် သြစတြေးလျ အပါအဝင် အခြားနိုင်ငံများကပါ လက်ခံကြသည်။ ဗြိတိန်နှင့် သြစတြေးလျတို့၏ မြန်မာနိုင်ငံ၏ လျှို့ဝှက် နျူကလီယာ အစီအစဉ်များ အပေါ် သတင်းရေးသားမှုများမှာ အတည်မပြုနိုင်သော သတင်းပေးပို့မှုများ ပေါ်တွင်သာ အခြေခံရသောကြောင့် ဖြစ်သည်။ IISS နှင့် ISIS တို့ကပင် စွပ်စွဲမှု အတွက် သက်သေ အလုံအလောက် မရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဥပမာအားဖြင့် IISS က ၂၀၀၉ ခု နှောင်းပိုင်းတွင် ဖော်ပြခဲ့ရာ၌ မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် အတွက် သိသာသည့် စွမ်းဆောင်ရည် မရှိသေးကြောင်း ဖော်ပြခဲ့သည်။

      သို့တိုင်အောင် ဗြိတိန်၊ သြစတြေးလျနှင့် ဥာဏ်ကြီးရှင်အဖွဲ့များက မြန်မာနိုင်ငံ၏ ရည်မှန်းချက် အပေါ် သံသယ ရှိနေဆဲ ဖြစ်ပြီး၊ ၎င်းတို့ စောင့်ကြည့်ရမည့် အချက်များကို ထောက်ပြလျက် ရှိနေသည်။

      အရှေ့တောင် အာရှနိုင်ငံများ ကြားတွင်မူ မြန်မာနိုင်ငံမှာ နျူကလီယာ လက်နက် အစီအစဉ် အတွက် မဟာဗျူဟာအရ အားအကောင်းဆုံး အခြေအနေတွင် ရှိသည်။ ၁၉၈၈ မအောင်မြင်သော ဒီမိုကရေစီ လှုပ်ရှားမှု ပြီးကတည်းက စစ်အစိုးရသည် အမေရိကန်နှင့် မဟာမိတ်များက လက်နက်ဖြင့် ဝင်ရောက် စွက်ဖက်လာမည်ကို အကြောက်ကြီး ကြောက်ခဲ့သည်။ စစ်အစိုးရသည် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများနှင့် အခြား ပြစ်ဒဏ်ခတ်မှုများကို ခံစားခဲ့ရသည်။ မြန်မာ ဗိုလ်ချုပ်များသည် မြောက်ကိုရီးယား၏ ဖိအားများကို တွန်းလှန်နိုင်သည့် စွမ်းရည်ကို အားကျသည်။ နိုင်ငံတကာက အလျော့ပေးလာရသည့် အခြေကို သဘောကျနေကြသည်။ မြန်မာ ဗိုလ်ချုပ်များက ထိုသို့ ဖြစ်ရခြင်းမှာ ပြုံးယမ်း၏ နျူကလီယာ လက်နက် ပိုင်ဆိုင်ခြင်းကြောင့်ဟု တထစ်ချ ယုံကြည်ကြသည်။

      ဖြည့်စွက်ပြောရလျှင် မြန်မာနိုင်ငံသည် ယခုနှစ် အနည်းငယ် အတွင်း မြောက်ကိုရီးယား ရောင်းဝယ်ရေး လုပ်ငန်း နှစ်ခုနှင့် နျူကလီယာနှင့် ဒုံးကျည် နည်းပညာများ ပြန့်ပွားရေး ကိစ္စ ဆောင်ရွက်မှုများ အတွက် မှတ်တမ်းများ ရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ဥရောပနှင့် ဂျပန်မှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နှစ်မျိုးသုံးနိုင်သော ပစ္စည်း အချို့တင်သွင်းခဲ့ရာ၊ နျူကလီယာ အစီအစဉ်တွင် အသုံးပြုဖွယ် ရှိသည်ဟု မှတ်ယူရသည်။ မြန်မာနိုင်ငံသား အတော်များများကို ရုရှားသို့ နျူကလီယာ သင်တန်းများ အတွက် စေလွှတ်ခဲ့ရာ ငြိမ်းချမ်းစွာ နျူကလီယာ သုတေသန အစီအစဉ်များ ပြုလုပ်ရေး အတွက် လိုအပ်သည်ထက် ပိုမို များပြားသည်။ ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ၏ ပြောကြားချက်များက ထိုအချက်များကို ပိုမို ခိုင်မာစေသည်။

      သို့သော် အထက်ပါ အချက်များသည် မြန်မာနိုင်ငံ အနေဖြင့် နျူကလီယာ လက်နက် အစီအစဉ် လမ်းကြောင်းပေါ် ရောက်နေပြီဟု ပြောနိုင်မည့် သက်သေပြချက်များ မပါချေ။ အီရတ် စစ်ပွဲကို မှားယွင်းစွာ ဆင်နွှဲပြီးသည့် နောက်ပိုင်း မည်သည့်အစိုးရမျှ မပြည့်စုံသော၊ အတည်မပြုနိုင်သော ထောက်လှမ်းရေး သတင်းများကို အခြေခံ၍ အလျင်စလို ဆုံးဖြတ်မှုများ မပြုလုပ်လိုကြပေ။ တဖက်တွင်လည်း နှစ်အနည်းငယ်ခန့် အိပ်ငိုက်နေခဲ့ပြီးကာမှ ဆီးရီးယားသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် ဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်နေသည်ကို ဘွားကနဲ တွေ့ခဲ့ကြရသည်။ ထို့ကြောင့်ပင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ၏ လျှို့ဝှက် နျူကလီယာ အစီအစဉ်များ အတွက် ခိုင်မာသော အထောက်အထားများကို စေ့စပ် သေချာစွာ ရှာဖွေနေကြရပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment