Transparency Myanmar

transparency.myanmar@gmail.com

www.relifweb.com, 18th May 2010

      မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ နာဂစ်စ် ဆိုက်ကလုံး ဒဏ်ခံ ပြည်သူများ အတွက် နေအိမ် ဆောက်လုပ်ပေးမည့် IOM ၏ အစီအစဉ်ကို အမေရိကန် ဒေါ်လာ ၂သိန်း ဆက်လက် ကူညီရန် စင်ကာပူနိုင်ငံက ကတိပြုလိုက်သည်။

      ယခုလ ဝင်ရောက်တော့မည့် မုတ်သုံရာသီ မတိုင်မီ ဖျာပုံမြို့နယ် ကျေးလက် ဒေသမှ ပျက်ဆီးမှု အများဆုံး အိမ်ယာများကို ရာသီဥတု ဒဏ်ခံနိုင်ရေး အတွက် ပြုပြင်ရာတွင် ထောက်ပံ့ရန် စင်ကာပူနိုင်ငံက အစောပိုင်း လှူဒါန်းခဲ့သော ဒေါ်လာ တစ်သိန်း၏ နောက်ဆက်တွဲ အဖြစ် ယခု ဆက်လက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

      ဝါးများ၊ ဝါးထရံများ၊ ဓနိမိုးများ အပါအဝင် အိမ်ဆောက် ပစ္စည်းများ အတွက် သုံးစွဲရန် အလှူငွေ ပေးအပ်ခြင်း ဖြစ်သည်။ အိမ်ထောင်စုတိုင်းသည် လုံခြုံ စိတ်ချရသော နေအိမ် ဆောက်လုပ်ရာတွင် အထောက်အကူ ရရန် ကျေးလက်နေအိမ် လမ်းညွှန် စာအုပ် တစ်အုပ်စီ လက်ခံရရှိလိမ့်မည် ဖြစ်သည်။

      ၂၀၀၈ မေလတွင် နာဂစ်စ် ဆိုက်ကလုံး မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့ရာ ရေလမ်းခရီးဖြင့်သာ အများစု သွားလာနိုင်သော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူပေါင်း ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဒုက္ခများ ရင်ဆိုင်ခဲ့ရသည်။

      "နာဂစ်စ် ဆိုက်ကလုံးမှာ အသက်ရှင် ကျန်ရစ်သူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးကို ကူညီဖို့ စင်ကာပူ အစိုးရက ကတိပေးခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ IOM နဲ့ ကျွန်တော်တို့ မိတ်ဆွေတွေဟာ နာဂစ်စ် ဒဏ်ခံ ဒေသက ဆောက်လုပ်ဆဲ အိမ်ယာတွေမှာ ကြီးကြီးမားမား လိုအပ်နေတဲ့ အရာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီးတော့ နာဂစ်စ် အလွန် ပြန်လည် ထူထောင်ရေးနဲ့ ကြိုတင် ပြင်ဆင်မှု အစီအစဉ်နဲ့ ဦးစားပေး ဆောင်ရွက်မှု အစီအစဉ်တွေကို ဆက်လက် ဦးဆောင် လမ်းညွှန်ပေးနေပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး ရောဘတ်ချူးက ပြောကြားသည်။

      IOM သည် ဆိုက်ကလုံး အပြီးတွင် မြစ်ဝကျွန်းပေါ်မှ မိသားစု ၆၈,၀၀၀ ကျော်ကို နေအိမ်များ ပြန်လည်ပြုပြင် ဆောက်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ကူညီခဲ့ပြီး ဖြစ်သည်။ IOM ၏ နာဂစ်စ် အလွန် အိမ်ယာ အစီအစဉ်ကို ကူညီအားဖြည့်သူများတွင် ယူကေနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျား၊ ဂျပန်နှင့် ECHO တို့လည်း ပါဝင်သည်။

      သို့ရာတွင် ဆိုက်ကလုံး အပြီး ၂ နှစ်ကြာသည့် တိုင်အောင် ထောင်ပေါင်းများစွာသော သနားစရာ မိသားစုများမှာ လုံလောက်သော ခိုကိုးရာမဲ့နေဆဲ ဖြစ်သည်ဟု IOM မြန်မာနိုင်ငံ မစ်ရှင် အကြီးအကဲ မာရီကို တိုမီယာမာ ၏  အဆိုအရ သိရှိရသည်။ "အခုအချိန် အထိ ဒုက္ခ ရောက်နေတဲ့ သနားစရာ မိသားစု ၅၀,၀၀၀ အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အမေရိကန် ဒေါ်လာ ၁၂.၅ သန်း ဆက်လက် ကူညီကြပါလို့ IOM က လတ်တလော မေတ္တာရပ်ခံနေပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment