Transparency Myanmar

transparency.myanmar@gmail.com

AFP News, 18th May 2010

      တရုတ် သမ္မတ ဝမ်ကျားပေါင်သည် ဘီဂျင်း အဆင့်မြင့် ခေါင်းဆောင် တစ်ဦး၏ တရားဝင် ခရီးစဉ် အဖြစ် မေလ ၃၀ ရက်တွင် ဂျပန်နိုင်ငံသို့ ၃ ရက်ကြာ လာရောက် လည်ပတ်မည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။

      ဝမ်ကျားပေါင်သည် ကိုရီးယားနိုင်ငံ ဂျီဂျူးကျွန်းတွင် ပြုလုပ်မည့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ထိပ်သီး ညီလာခံအပြီး နောက်တစ်ရက်တွင် ဂျပန်သို့ ရောက်ရှိမည် ဖြစ်ကာ ဂျပန် ဝန်ကြီးချုပ် ဟာတိုယာမ နှင့် မေ ၃၁ ရက်တွင် လည်းကောင်း၊ ဘုရင်မင်းမြတ် အကီတို၊ မိဖုရားကြီး မီချီကိုတို့နှင့် ဇွန်လ ၁ ရက်တွင် လည်းကောင်း တွေ့ဆုံရန် ရှိသည်။

      တရုတ် သမ္မတ ဟူကျင်းတောင်သည် ၂၀၀၈ မေလတွင် တိုကျိုသို့ နောက်ဆုံး သွားရောက်ခဲ့ပြီး ဝမ်ကျားပေါင်က ထိုနှစ် ဒီဇင်ဘာလတွင် ဖူကူအိုကာ၌ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီး ညီလာခံသို့ တက်ရောက်ခဲ့သည်။ ဂျပန် ဝန်ကြီးချုပ် ဟာတိုယာမက အောက်တိုဘာတွင် ဘီဂျင်းသို့ သွားရောက်ခဲ့သလို လာမည့် ဇွန်လတွင် ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည်ပြပွဲသို့ သွားရောက်ရန် စီစဉ်နေသည်။

      ဝမ်ကျားပေါင်သည် ဇွန် ၃ ရက် အထိ ၄ နိုင်ငံ ခရီးစဉ် အဖြစ် မွန်ဂိုးလီးယားနှင့် မြန်မာနိုင်ငံများ သို့လည်း သွားရောက်လိမ့်မည်ဟု ကျိုနီ သတင်းဌာနက ထုတ်ပြန်သည်။

      ဝမ်၏ ပြည်ပခရီး အစီအစဉ်များအပေါ် မှတ်ချက်ပေးရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုခဲ့သည်။

      ကမ္ဘာ့ စီးပွားရေး နံပါတ် ၂ နှင့် နံပါတ် ၃ အဖြစ် နေရာယူထားသော အာရှ ဘီလူးကြီးများ ဖြစ်သည့် ဂျပန်နှင့် တရုတ်အကြား ဆက်ဆံရေးသည် နွေးထွေးမှု ရှိသော်လည်း ၎င်းတို့၏ စစ်ပွဲ သမိုင်းကြောင်းနှင့် သိုင်နက်၊ သံယံဇာတ တို့အပေါ် အငြင်းပွားမှု ရှိနေဆဲ ဖြစ်သဖြင့် မကြာခဏ တင်းမာမှု ရှိနေသည်။

      ပြီးခဲ့သည့် စက်တင်ဘာလက အာဏာရ လာခဲ့သော လက်ဝဲယိမ်း ခေါင်းဆောင် ဟာတိုယာမသည် ဂျပန်နှင့် အရှေ့အာရှ အိမ်နီးချင်းများအကြား ရင်းနှီး ခိုင်မြဲသော ဆက်ဆံရေးရအောင် ကြိုးစားခဲ့ပြီး ဥရောပ သမဂ္ဂ ပုံစံ အာရှနိုင်ငံများ အသိုင်းအဝိုင်းကို ဖွဲ့စည်းရန် ရေရှည် ရည်မှန်းချက် ထားရှိသည်။

      ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကူဆူယာ အိုကာဒါက အင်္ဂါနေ့တွင် ကြေညာရာ၌ ဂျပန်နိုင်ငံသည် လာရောက် လည်ပတ်မည့် ခရီးသည်များ တိုးပွားစေရန် ကြိုးစားမှုအဖြစ် တရုတ် ကမ္ဘာလှည့် ခရီးသည်များ အတွက် ပြည်ဝင်နှင့် ဗီဇာ လိုအပ်ချက်များကို ယခု နွေရာသီမှ စ၍ လျော့ပေါ့ပေးမည်ဟု ဆိုသည်။

      တိုးရစ်ဗီဇာ လျှောက်ထားသည့် တရုတ် ခရီးသည်များ အတွက် ဝင်ငွေအဆင့် သတ်မှတ်ချက်ကို လျှော့ပေးခြင်း အပါအဝင် ပြောင်းလဲမှုများ၏ ရလဒ် အဖြစ် လက်ရှိလာရောက် လည်ပတ်နေသော အရေအတွက်ထက် ၁၀ ဆ တိုးလာရန် မျှော်လင့်ထားသည်ဟု အိုကာဒါက ပြောကြားသည်။

      သို့ရာတွင် တိုကျို နှင့် ဘီဂျင်း အကြား ဆက်ဆံရေးမှာ လတ်တလော သီတင်းပတ်များ အတွင်း ထပ်မံ ထိခိုက်ခဲ့ပြီး အကြောင်းရင်းမှာ သံယံဇာတ ကြွယ်ဝသော ရေပြင်ပိုင်နက်နှင့် ကျွန်းစုများ အရေးတွင် နှစ်နိုင်ငံ ရေရှည် အငြင်းပွားမှုများ ရှိနေသောကြောင့် ဖြစ်သည်။

      ယခု သီတင်းပတ်များ အတွင်း အရှေ့ တရုတ် ပင်လယ်ပြင်တွင် တရုတ် ရေတပ် သင်္ဘောစုမှ ရဟတ်ယာဉ်များက ၎င်းတို့ကို စောင့်ကြည့်နေသော ဂျပန် ရေတပ် သင်္ဘောများ အနီးသို့ ၂ ကြိမ်တိုင် ပျံ့ဝဲခဲ့သလို၊ တရုတ်ရေပြင် တိုင်းတာရေး သင်္ဘောနှင့် ဂျပန် ကမ်းခြေစောင့် သင်္ဘောတို့ ထိပ်တိုက် 'ငြိ' ခဲ့ကြသည်။

      အဆိုပါ ဖြစ်ရပ်များကြောင့် တရုတ် စစ်ရေး တည်ဆောက်မှုအပေါ် ပူပင် သောကဖြင့် အချိန်ကြာ စောင့်ကြည့်ခဲ့သည့် ဂျပန်က သံတမန်ရေးအရ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

      လတ်တလောဖြစ်ပွားခဲ့သည့် နောက်ထပ် ဖြစ်ရပ်တစ်ခုမှာ အိုကာဒါက တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီအား ဘီဂျင်း အနေဖြင့် ၎င်း၏ နျူကလီးယား လက်နက် တည်ဆောက်မှုကို ရပ်ဆိုင်းရန် (သို့) နျူကလီးယား လက်နက်များ ထပ်မံ သိုလှောင်နေမှုကို ရပ်ဆိုင်းသင့်ကြောင်း ပြောကြားခဲ့မှု ဖြစ်သည်။

      "ယန်ကျားချီက ဂျပန်နိုင်ငံ၏ တာဝန်မဲ့ မှတ်ချက်ပေးမှုကို မှားယွင်းကြောင်း ချက်ချင်း ဖြေရှင်းခဲ့ပြီး တရုတ်၏ နျူကလီးယား မဟာဗျူဟာနှင့် မူဝါဒမှာ ပွင့်လင်း မြင်သာမှု ရှိသည်ဟု ထောက်ပြခဲ့ကြောင်း" တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာကျောက်ဇူက ပြောကြားသည်။

      ပင်လယ်ပြင် အငြင်းပွားမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့သော အိုကာဒါက "တရုတ် - ဂျပန် ဆက်ဆံရေးမှာ ယေဘူယျအားဖြင့် ကောင်းမွန်ပါသည်။ မိမိ၏ သဘောထားမှာ ဂျပန် - တရုတ် ဆက်ဆံရေး ဆက်လက် ခိုင်မြဲစေရန် အတွက် သီးသန့် ပြဿနာများကို တဆင့်ပြီးတဆင့် ဖြေရှင်းသွားရေးပင် ဖြစ်သည်" ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment