Transparency Myanmar

transparency.myanmar@gmail.com

Associated Press News, 17th May 2010

      ပိုမို တင်းကျပ်သော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် ဖိအားပေးခံနေရသော အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ် အပေါ် နိုင်ငံတကာ၏ သဘောထား တင်းမာမှု ပြေလျော့စေမည့် နျူကလီယာ လောင်စာ လဲလှယ်ရေး အစီအစဉ်အရ သန့်စင်ပြီး ယူရေနီယံများကို တူရကီသို့ ပို့ဆောင်ရန် အီရန်က တနင်္လာနေ့တွင် သဘောတူ လိုက်သည်။

      အီရန်၏ နျူကလီယာ ဆောင်ရွက်ချက်များ အပေါ် အငြင်းပွားမှုတွင် ပထမဆုံး အကြိမ် ကြားဝင် စေ့စပ်သူများ ဖြစ်သည့် ဘရာဇီး၊ တူရကီတို့နှင့် ဆွေးနွေးရာတွင် သဘောတူညီမှု ရခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း ညှိနှိုင်းမှုများကို ဦးဆောင်ခဲ့သော အမေရိကန်နှင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများထံမှ ယခု သဘောတူညီချက် အပေါ် ကျေနပ်မှု ရှိ၊ မရှိနှင့် ၄ ချီမြောက် အရေးယူ ပိတ်ဆို့ရေး အစီအစဉ်များ ဆိုင်းငံ့ခြင်း ရှိ၊ မရှိတို့နှင့် ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါ။

      ဝါရှင်တန်နှင့် မဟာမိတ်များက အီရန်နိုင်ငံအား ၎င်းသိုလှောင်ထားသည့် အဆင့်နိမ့် သန့်စင်ပြီး ယူရေနီယမ်များကို ပြည်ပသို့ ပို့ဆောင်ကာ ဓာတ်ပေါင်းဖို အဆင်သင့်သုံး လောင်စာတောင့်များနှင့် လဲလှယ်ရန် ကုလသမဂ္ဂ ရေးဆွဲထားသော အစီအစဉ်ကို လက်ခံအောင် ဖိအား ပေးခဲ့ကြသည်။ နျူကလီယာ လက်နက် အစီအစဉ် အတွက် ကျောရိုးအဖြစ် အချို့က စိုးရိမ်ပူပန် နေကြသော အီရန်၏ ယူရေနီယမ် သန့်စင်မှု စွမ်းရည်ကို အနောက်နိုင်ငံများက ထိန်းချုပ်လိုကြခြင်း ဖြစ်သည်။

      အီရန်၊ တူရကီနှင့် ဘရာဇီး ခေါင်းဆောင်များ၏ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် သဘောတူညီမှု ရခဲ့ခြင်း ဖြစ်ပြီး အီရန်၏ သန့်စင်ပြီး ယူရေနီယံများကို လောင်စာတောင့်များနှင့် လဲလှယ်ရမည့် နေရာမှာ တူရကီ ဖြစ်လိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာမင်မီဟမ်းပါရတ်က တနင်္လာနေ့တွင် နိုင်ငံပိုင် ရုပ်သံမှ ပြောကြားခဲ့သည်။

      အီရန်သည် အနောက်နိုင်ငံများ၏ အလိုကို လိုက်လျောသော နျူကလီယာ သဘောတူညီချက် များများ ရရှိမည့် အပေါင်းလက္ခဏာ ဆောင်သော အလားအလာကို ယခင်က ပြသခဲ့သော်လည်း နောက်ပိုင်းတွင် သံတမန်ရေးအရ အချိန်ဆွဲသည့် နည်းဗျူဟာကို သိသိသာသာ ကျင့်သုံးလာခဲ့သည်။

      ယခု သဘောတူညီချက်သည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် လိုအပ်သော အဆင့်မြင့် ယူရေနီယမ် သန့်စင်လိုသည့် အီရန်အား အနည်းဆုံး ယာယီမျှ တားဆီးထားနိုင်လိမ့်မည်။ အီရန်က ပြန်လည် ရရှိမည့် လောင်စာတောင့်များကို ၎င်း၏ အဆင့်နိမ့် နည်းပညာ အဆင့်အတန်းအရ အဆင့်မြင့် သန့်စင်နိုင်မည် မဟုတ်ပါ။ ကင်ဆာရောဂါ ကုသရေး အတွက် အိုင်ဆိုတုပ်များ ထုတ်လုပ်နေသော တီဟီရန်ရှိ သက်တမ်းရင့် ဆေးသုတေသန ဓာတ်ပေါင်းဖိုတွင် အသုံးပြုရန် အဆိုပါ လောင်စာတောင့်များကို အီရန်က လိုအပ်နေသည်။

      ယခု သဘောတူညီချက်က အီရန်၏ နျူကလီယာ ဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုကို သက်သာရာ ရစေလိမ့်မည်။ အစောပိုင်း စေ့စပ် ညှိနှိုင်းမှုများကို ဦးဆောင်ခဲ့သည့် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်) နှင့် ဂျာမဏီတို့က အီရန်၏ ယူရေနီယမ် သန့်စင်မှုကို ရပ်ဆိုင်းရန် ကြိုးစားခဲ့ကြပြီး နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလားအလာ ရှိသော လမ်းကြောင်းကို တားဆီးခဲ့ကြခြင်း ဖြစ်သည်။

      တီဟီရန်တွင် ဘရာဇီး သမ္မတ လူလာဒါဆဲလ်ဗား၊ တူရကီ ဝန်ကြီးချုပ် တေရစ်ပ်အာဒိုဂန် နှင့် အီရန် သမ္မတ အာမက်ဒီနီဂျက် တို့အကြား ဆွေးနွေးပွဲ ကျင်းပပြီးနောက် တနင်္လာနေ့ သဘောတူညီချက်ကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

      အီရန် နျူကလီယာ စွမ်းအင် အဖွဲ့အစည်း၏ အကြီးအကဲ ဒုတိယ သမ္မတ အလီအက်ကဘာ၊ ဆာလီဟီ က တနင်္လာနေ့ သဘောတူညီချက်သည် သမိုင်းဝင် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

      "ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ မလိုတော့ပါဘူး" ဟု တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမက် ဒါဗူတိုဂလူးက တီဟီရန်တွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်းကို တူရကီ ပုဂ္ဂလိက ရုပ်သံ NTV က ထုတ်လွှင့်ခဲ့သည်။

      အီရန်က ရှုပ်ထွေးသော လက္ခဏာ အချို့ ကနဦးတွင် ပြသကာ လုံးဝ ပယ်ချခဲ့သော ကုသမဂ္ဂက အောက်တိုဘာလတွင် ရေးဆွဲခဲ့သည့် အစီအစဉ်ကို ပြန်လည် သက်ဝင်စေရန် ယခု သဘောတူညီချက်က မျှော်မှန်းထားသည်။ များစွာသော အသေးစိတ် အချက်များအရ အလားတူပင် ယူဆနိုင်သည်။

      ဆေးသုတေသန ဓာတ်ပေါင်းဖို အတွက် လိုအပ်သော သန့်စင်ပြီး လောင်စာတောင့်များ ရရှိရန် အတွက် အီရန်က အဆင့်နိမ့် သန့်စင်ထားသော ယူရေနီယမ် ပေါင် ၂၆၀၀ (သို့) ၁၂၀၀ ကီလိုဂရမ် ခန့်ကို တင်ပို့ပေးရမည်ဟု "မီဟမ်းပါရတ်" က ပြောကြားခဲ့သည်။

      အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA တို့ အပါအဝင် အဓိက စေ့စပ် ညှိနှိုင်းသူများနှင့် အီရန်နိုင်ငံ အကြား နောက်ဆုံး သဘောတူညီချက် လက်မှတ် ရေးထိုးအပြီး တစ်လအကြာတွင် လဲလှယ်ရေး လုပ်ငန်းစဉ်ကို စတင်ဖွယ် ရှိသည်။

      အီရန်က ၎င်းစုဆောင်းထားသော ယူရေနီယမ်များကို တခေါက်ထဲ ပို့ဆောင်ရခြင်းထက် လောင်စာတောင့် လဲလှယ်ရေးကို အဆင့်ဆင့် ပြုလုပ်သွားရန် အစောပိုင်း တောင်းဆိုမှုကို စွန့်လွှတ်လိုက်သည့် လက္ခဏာရှိပြီး လဲလှယ်ခြင်းကို အီရန်နိုင်ငံတွင် ဆောင်ရွက်လိုကြောင်းနှင့် တချိန်ထဲတွင် လောင်စာတောင့်များ ရရှိလိုသော တောင်းဆိုမှုများကိုလည်း စွန့်လွှတ်ခဲ့သည်။

      ကုလသမဂ္ဂ၏ အစီအစဉ်တွင် ပြင်သစ်၌ လောင်စာတောင့်များ ထုတ်လုပ်ရန် တစ်နှစ် ခွင့်ပြုမည့် ဟာကွက်တစ်ခု ရှိနေသည်။

      အီရန်က လောင်စာတောင့်များ လက်ခံ မရရှိခင် တူရကီ၌ နိုင်ငံတကာ ကြီးကြပ်မှုအောက်တွင် ထားရှိမည့် ယူရေနီယမ်များကို အီရန်ပိုင်ပစ္စည်းအဖြစ် ယူဆမည်ဟု နိုင်ငံခြားရေး ဝန်ကြီး Manouchehr Mottaki က ပြောကြားသည်။

      အီရန်က တူရကီ၊ ဘရာဇီးတို့နှင့် သဘောတူညီခဲ့ခြင်းသည် ယူရေနီယမ် သန့်စင်မှုကို ရပ်ဆိုင်းရန် ငြင်းပယ်ခြင်းကြောင့် ကုလသမဂ္ဂက ချမှတ်မည် အရေးယူ ပိတ်ဆို့မှုများကို ရှောင်ရှားရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။ ဘရာဇီးနှင့် တူရကီသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်များ ဖြစ်သည်။

      အဆိုပါ တနင်္လာနေ့ သဘောတူညီချက်ကို ၃ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။

      အီရန်က ၎င်း၏ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ပြီး ဓာတ်ပေါင်းဖို အတွက် လောင်စာ ထုတ်လုပ်ခြင်းသာ ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။

      နောက်ဆုံး သဘောတူညီချက် ရရှိရေး အတွက် တစ်ပတ်အတွင်း IAEA သို့ စာတစ်စောင် ပေးပို့မည်ဟု မီဟမ်းပါရတ်က ပြောကြားသည်။

      "ကျွန်တော်တို့နဲ့ သူတို့အုပ်စု အကြား လက်မှတ်ရေးထိုးမယ့် သဘောတူညီချက် အတွက် သူတို့ အဆင်သင့် ဖြစ်သင့်ပါတယ်" ဟု ၎င်းက အမေရိကန်၊ ပြင်သစ်၊ ရုရှားနှင့် IAEA တို့ကို ရည်ညွှန်း ပြောဆိုလိုက်သည်။

      နောက်တစ်လခန့် အကြာတွင် လက်ရှိ ၃.၅ % သန့်စင်ထားသော ယူရေနီယမ်များကို IAEA နှင့် အီရန်တို့၏ ကြီးကြပ်မှုအောက်တွင် ထားရှိမည့် တူရကီသို့ ပို့ဆောင်နိုင်ဖွယ် ရှိပါသည်ဟု မီဟမ်ပါရတ်က ပြောကြားခဲ့ပြီး ပြန်လည် ရရှိမည့် လောင်စာတောင့်များမှာ ၂၀ % နီးပါး သန့်စင်ထားသော ပစ္စည်းများ ဖြစ်သည်ဟု ဆိုသည်။

      နျူကလီယာ လက်နက် ထိပ်ဖူး ထုတ်လုပ်ရန် ၉၀ % အဆင့်မြင့် သန့်စင်ထားသော ယူရေနီယမ် လိုအပ်သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment