Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေးတို့တွင် ကမ္ဘာ့ထိပ်တန်း အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ်များ ရှိသည် ဟူသော သက်သေ အထောက်အထားများ ရှိထားကြောင်း အီရန် သမ္မတ မာမွတ် အာမက် ဒီနေဂျက်က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့သို့ သွားရောက် လည်ပတ်မှု မပြုမီ ရက်ပိုင်းတွင် ထုတ်ဖော် ပြောကြားသည်။

"အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာ့ အကြမ်းဖက် ဝါဒရဲ့ ဇစ်မြစ် ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်တဲ့ စာရွက်စာတမ်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာ လောက်ကတည်းက အမေရိကန်ဟာ အကြမ်းဖက် အုပ်စုတွေကို အထောက်အပံ့ ပေးခဲ့သလို အားပေး အားမြှောက်လည်း လုပ်ခဲ့ပါတယ်" ဟု အီရန် သမ္မတက ဆိုသည်။

မိမိတို့ အီရန်နိုင်ငံသည် အကြမ်းဖက် ဝါဒနှင့် ဆက်နွှယ်သည့် စာရွက်စာတမ်း တစ်စုံတရာ မရှိဟု မစ္စတာ အာမက်ဒီနီဂျက်က ပြောဆိုခဲ့ကြောင်း FARS သတင်း အေဂျင်စီက ဆိုသည်။

အီရန်နိုင်ငံ၏ နျူကလီယာ အစီအစဉ် အချို့ ပယ်ဖျက်ရေးအတွက် အဆိုပြုချက်ကို တီဟီရန် အစိုးရက ငြင်းပယ်လိုက်ရာ အမေရိကန် ပြည်ထောင်စုက အီရန်အပေါ် တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန် ကြိုးပမ်းနေချိန်တွင် မစ္စတာ အာမက်ဒီနီဂျက်က ယင်းသို့ သုံးသပ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အီရန်သမ္မတ အာမက် ဒီနီဂျက်သည် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပမည့် အီရန် နျူကလီယာ မပြန့်ပွားရေး ဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီး ညီလာခံသို့ မတက်ရောက်မီ ယင်းသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

"အမေရိကန် ပြည်ထောင်စုကသာ စစ်ရေးပဋိပက္ခ ကာလအတွင်း အဏုမြူဗုံး အသုံးပြုခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အီရတ်နိုင်ငံကို စစ်ဆင်နွှဲတဲ့ အချိန်မှာ အဲဒီလို လက်နက်မျိုး အသုံးပြုခဲ့တယ် လို့တောင် သူတို့က ဝန်ခံ ပြောဆိုထားတာ ရှိတယ်" ဟု အီရန်သမ္မတ က ဆက်လက် ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုကမူ အီရန်သမ္မတ ညွှန်းဆိုသော လက်နက်မျိုးကို အီိရတ်စစ်ပွဲတွင် အသုံးပြုခဲ့ခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

မစ္စတာ အာမက် ဒီနီဂျက်သည် ကုလသမဂ္ဂ ကွန်ဖရင့်တွင် အီရန်နိုင်ငံ အနေဖြင့် နျူကလီယာ အစီအစဉ်ကို ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် အဆိုပြုလွှာကို တင်သွင်းမည် ဖြစ်ကြောင်း သူ၏ ထိပ်တန်း အကြံပေးပုဂ္ဂိုလ် Mojtaba Samareh Hashemi က IRNA သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုက အီရန်၏ နျူကလီယာ အစီအစဉ်သည် လက်နက် တပ်ဆင် ထုတ်လုပ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အီရန်က စွမ်းအင် ထုတ်လုပ်ရေး အတွက်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။

အာမက် ဒီနီဂျက်ကမူ အမေရိကန်အနေဖြင့် မိမိတို့ အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုသည်။ "အပေါင်းအသင်း မိတ်ဆွေ ဖြစ်ခြင်းသည် ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံခြင်းထက် ပိုမို ကောင်းမွန်သည်" ဟု အီရန် သမ္မတက မှတ်ချက်ပေး ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုနှင့် ပတ်သက်သော သုံးသပ် ဝေဖန်ချက်ကို အာမက်ဒီနီဂျက်က မေလ ၁ ရက် (ကမ္ဘာ့အလုပ်သမားနေ့) တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကမူ နှစ်စဉ် ကျင်းပနေကျ ဖြစ်သော အမေရိကန်- ဂျူးလူမျိုးများ ကော်မတီ အစည်းအဝေးတွင် အီရန်နိုင်ငံနှင့် သမ္မတကို အပြင်းထန်ဆုံးသော စကားလုံးများဖြင့် ထိုးနှက် ဝေဖန်ခဲ့သည်။

"အီရန် နဲ့ ဂျူးဆန့်ကျင်ရေး ဝါဒီ အီရန် သမ္မတမှာ ဦးတည်ချက်မှားနေတဲ့ နျူကလီယာ ရည်မှန်းချက်တွေ ရှိနေပါတယ်။ နောက်ပြီး အစ္စရေးကိုလည်း ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ဒေသတွင်း မတည်မငြိမ်မှုတွေ ဖြစ်အောင် ဖန်တီးတယ်။ အကြမ်းဖက် လုပ်ငန်းတွေကို စပွန်ဆာပေးတယ်" ဟု ဟီလာရီ ကလင်တန်က ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment