Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အား အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ)၏ နောက်ဆုံး တောင်းဆိုချက်မှာ ၎င်းတို့၏ ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အင်ဒိုနီးရှား နိုင်ငံ၊ အနောက် နူဆာတန်ဂါရာ ဒေသ လွန်းမ်ဘွတ်ကျွန်း (Lombok Island) ၌ ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် အာဆီယံအဖွဲ့က ထုတ်ဖော် တောင်းဆိုခဲ့သည်။

သို့သော် ယခုလို ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားမည့် ကိစ္စသည် မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အဖြေတစ်ခုဖြစ်သည် ဟူသော အချက်ကို အာဆီယံဝန်ကြီးများ အနေဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ ဝန်ကြီးများ၊ အရာရှိကြီးများ ယုံကြည် လက်ခံလာအောင် ပြောဆိုရန် လိုအပ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းမှ နိုင်ငံရေးသမားများ နှင့် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းမည် သို့မဟုတ် နိုင်ငံရေးသမားများ နားလည် လက်ခံအောင် ပြောဆိုနိုင်မည် ဟူသော အချက်မှာလည်း ၎င်းတို့အပေါ်တွင်သာ မူတည်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

"တကယ်လို့ အမေရိကန် ပြည်ထောင်စုကသာ အာဆီယံအဖွဲ့ရဲ့ တောင်းဆိုချက်ကို မလိုက်ရောနိုင်ခဲ့ဘူး ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်မှုတွေ အမြန်ဆုံး ပြုလုပ်လာတာ မြင်တွေ့ရဖို့ လွန်းမ်ဘွတ် ဆွေးနွေးပွဲမှာ အဆိုပြုလိုက်တဲ့ ကိစ္စဟာ သေးသိမ်သွားမှာ ဖြစ်ပါတယ်" ဟု အင်ဒိုနီးရှား တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Hariyadi Wirawan က Jakarta Post သတင်းစာသို့ ပြောကြားသည်။

"မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေ ဖယ်ရှားပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော် နှစ်ရပ်ကို ယုံကြည် လက်ခံလာအောင် ပြောဖို့ဆိုတာ အမေရိကန် အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက အလို ရှိနေသည့် ဒီမိုကရေစီ နိုင်ငံပုံစံမျိုး ဖြစ်လာဖွယ် မရှိကြောင်း၊ သို့သော် မလေးရှား သို့မဟုတ် စင်ကာပူ ကဲ့သို့သော နိုင်ငံများကဲ့သို့ ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Hariyadi Wirawan က သုံးသပ်သည်။

အကယ်၍ အမေရိကန်ပြည်ထောင်စုက အာဆီယံ၏ တောင်းဆိုချက်ကို ပယ်ချရန် ဆုံးဖြတ်ခဲ့မည် ဆိုလည်း မြန်မာနိုင်ငံအနေဖြင့် ထိခိုက်နစ်နာစရာ တစ်စုံတရာ ရှိလာမည် မဟုတ်ဟု ဆိုသည်။ အကြောင်းမှာ မြန်မာသည် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အစောတလျှင် အကောင်အထည် ဖော်နေသည့် နိုင်ငံ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် မြန်မာကို အနီးကပ် ကျောထောက်နောက်ခံ ပြုမည့် အာရှအင်အားကြီးနှင့် အိမ်နီးချင်း တရုတ်နိုင်ငံလည်း ရှိနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင် ပြုလုပ်မှုသည် နောက်ဆုံးတွင် အရှေ့တောင် အာရှဒေသ မတည်မငြိမ်မှုကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည် ဟုလည်း ဆိုသည်။

Parahyangan တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Bantarto Bandoro ကမူ ယခု အာဆီယံအဖွဲ့၏ အဆိုပြုချက်ကို ကြည့်လျှင် မြန်မာ့ အရေးကိစ္စများ ဖြေရှင်းရန် အခြားသော နည်းလမ်း မရှိတော့သည်မှာ ရှင်းလင်းနေကြောင်း၊ ဒဏ်ခတ်အရေးယူမှု ဖယ်ရှားရေး အပေါ်တွင်သာ မှီခိုနေရကြောင်း ပြောကြားသည်။

"တိကျထိရောက်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ ဆိုရင် ဒဏ်ခတ် အရေးယူမှုတွေဟာ အပြုသဘော ဆောင်တဲ့ အရာတွေပါ။ ဒါပေမဲ့ အဲဒီမူဝါဒတွေဆိုတာ အချိန်နဲ့လိုက်ပြီး ပြန်လည် စိစစ် သုံးသပ်ဖို့ လိုပါတယ်။ နောက်ပြီး အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ရှိလာတဲ့အခါ ဖယ်ရှားသင့်ရင် ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းက Jakarta Post သို့ ပြောကြားသည်။ "အဲဒါကြောင့် အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ နောက်ဆုံးမှာ ဖယ်ရှား ပေးလာရေးအတွက် အာဆီယံ အနေနဲ့ နိုးနိုးကြားကြားနဲ့ လုပ်ဆောင် သွားသင့်တယ်" ဟုလည်း ဆိုသည်။

လွန်းမ်ဘွတ် ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်သောကြောင့် အမေရိကန် ပြည်ထောင်စု၊ အီးယူနှင့် ကနေဒါနိုင်ငံတို့ အနေဖြင့် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးကို စဉ်းစားရန် လိုအပ်နေပြီ ဖြစ်ကြောင်း တူညီစွာ ပြောဆိုခဲ့ကြသည်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွံ့ဖြိုး တိုးတက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်မှုပေးဖို့ လိုအပ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ထွန်းအောင် ဖန်တီးနိုင်သလား ဆိုတာကို သိအောင် လုပ်ရပါမယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ဆွေးနွေးပွဲ အပြီးတွင် ပြောဆိုခဲ့သည်။

"မည်သို့ပင်ဆိုစေ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရမယ် ဆိုတာကို သိထားသင့်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

အာဆီယံ အဖွဲ့၏ အဆိုပြုချက်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ဒုတိယ လက်ထောက် ဖြစ်သူ Joseph Y Yun က "အဲဒီ တောင်းဆိုချက်တွေဟာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အကောင်းဆုံး အဆိုပြုချက်တွေပဲ ဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့ အာဆီယံက ထောက်ပြ ပြောဆိုတဲ့ အချက်တွေကို အလေးအနက် ထားပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်" ဟု မကြာသေးခင် ရက်ပိုင်းအတွင်း သုံးသပ် ပြောဆိုသည်။

အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဆိုပြု တောင်းဆိုချက်များ အားလုံးကို မြန်မာ အစိုးရက လုပ်ဆောင်မည် ဆိုပါက အပြုသဘော ဆောင်သည့် တုံ့ပြန်မှု ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကျွမ်းကျင်သူ Joseph Y Yun က ဆက်လက် ပြောဆိုသည်။

"ဒီကိစ္စက ရှင်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် တိုးတက် ဖြစ်ထွန်းမှု ရှိလာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တုံ့ပြန်မှုတွေ အသေအချာ လုပ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ယင်းက ဆက်လက် ပြောခဲ့သည်။

Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment