Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံတွင် ညှဉ်းပန်း နှိပ်စက်မှုများ ဆိုးရွားစွာ ခံခဲ့ရသောကြောင့် ထိုင်းနိုင်ငံသို့ လှေဖြင့် ထွက်ပြေး ဝင်ရောက်လာသူ ၂၀၀ ကျော်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီအား ထိုင်းအစိုးရ အနေဖြင့် အရေးပေါ် ဝင်ရောက်ခွင့် ပြုသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့ တစ်ခုက ဆိုသည်။

ထိုင်းနိုင်ငံသို့ လှေများဖြင့် ဝင်ရောက်လာသူများ အုပ်စုတွင် လူပေါင်း ၁၅၈ ဦး ပါဝင်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ပြီး မြန်မာ အစိုးရ၏ နှိပ်စက် ညှင်းပန်းမှုများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် လှေဖြင့် ထွက်ပြေး လာကြခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ဆိုသည်။

ထို့အတူ လူပေါင်း ၆၈ ဦး ပါဝင်သည့် မြန်မာနိုင်ငံမှ အခြားသော တိုင်းရင်းသား အုပ်စု တစ်စုသည်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်းသို့ လှေဖြင့် ဆိုက်ရောက်လာကြရာ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသား အဖွဲ့အား ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး နှိပ်စက် ညှင်းပန်းခံရသည့် တိုင်းရင်းသား လူနည်းစုများအဖြစ် သတ်မှတ်ဖော်ပြသည်။ ၎င်းတို့အား ထိုင်းရဲတပ်ဖွဲ့က မြန်မာပြည်သို့ နှင်လွှတ်ရန် ပြင်ဆင်လျက် ရှိသည်ဟု AFP သတင်းဌာနက ဆိုသည်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ (HRW) အဆိုအရ ဖမ်းဆီး ထိန်းသိမ်းထားသော ပြည်ပြေး ဒုက္ခသည်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဝန်ထမ်းများ တွေ့ဆုံခွင့်ကို ထိုင်းနိုင်ငံက ထပ်ခါ တလဲလဲ ငြင်းပယ် ခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ ညှင်းပန်းနှိပ်စက်ခံရတာ အတော့်ကို ဆိုးရွားတဲ့ အခြေအနေမှာ ရှိပါတယ်။ ထိုင်းအစိုးရက အဲဒီကိစ္စကို ဘာမှမဟုတ်တဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင် ဖုံးကွယ်မှုတွေ ဆက်လုပ်နေပါတယ်" ဟု HRW မှ အာရှ ဒေသ ဆိုင်ရာ ဒါရိုက်တာ Brad Adams က ပြောကြားသည်။

ထိုင်းအစိုးရ အနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသော ရိုဟင်ဂျာ မွတ်စလင်များနှင့် UNHCR ကို အမြန်ဆုံး တွေ့ဆုံ မေးမြန်းခွင့် ပြုသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။ သို့မှသာ ဒုက္ခသည် အဖြစ် ခံယူလိုသူများကို ကောင်းမွန်စွာ ဖော်ထုတ်နိုင်မည် ဖြစ်သည် ဟုဆိုသည်။ ထိုင်းနိုင်ငံသည် ရိုဟင်ဂျာ မွတ်စလင်များနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်ခဲ့ဖူးသည်။ ထိုင်းရေတပ် သည်လည်း တစ်ချိန်က ရိုဟင်ဂျာ မွတ်စလင်များကို ပင်လယ်ပြင်သို့ လှေဖြင့် ဖိအားပေး နှင်လွှတ်ခဲ့သည့် အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုအရ မြန်မာ အာဏာပိုင်များသည် လွတ်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း ရိုဟင်ဂျာ မွတ်စလင်များကို စနစ်တကျ ညှင်းပန်း နှိပ်စက်ခဲ့ကြကြောင်း သိရသည်။ မှတ်တမ်းများအရ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် အနောက်ပိုင်း ဒေသတွင် နေထိုင်သူများ ဖြစ်ကြောင်း၊ ယင်းတို့အနက်မှ လူပေါင်း သုံးသိန်းခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြကြောင်း သိရသည်။ လက်ရှိ အနေအထားတွင် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားဝင် သို့မဟုတ် ယာယီ ဒုက္ခသည် စခန်းများတွင် ဆင်းရဲ ကျပ်တည်းစွာ နေထိုင်လျက် ရှိကြပြီး ဖမ်းဆီး ထိန်းသိမ်းမှု၊ ပြည်နှင်ဒဏ် ပေးမှုတို့ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့လျက် ရှိသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment