Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်နှင့် အီးယူ Sanction နှင့် ပတ်သက်၍
17th Oct, 09

ယခုတလောတွင် သတင်းအများစု၊ ဆောင်းပါးအများစုမှာ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် Sanction အပြင် တိုက်ရိုက်ဆက်ဆံမှုများပါ ပြုလုပ်မည်ဟူသော မူဝါဒအကြောင်းပင် ဖြစ်ပါသည်။ ထို သတင်းများ၊ ဆောင်းပါးများတွင် Sanction နှင့် ပတ်သက်၍ ဘဝင်မကျသော အချက်တစ်ခုကို ရင်ဖွင့်လို၍ ဤစာရေးရပါသည်။

အမေရိကန်တွင် ယခင်အစိုးရများ လက်ထက် မြန်မာနိုင်ငံအပေါ် ချမှတ်သော Sanction သည် ရည်ရွယ်ချက်ကို မထိရောက်ဘဲ မြန်မာပြည်သူများကိုသာ ထိခိုက်၍ ပြန်လည် သုံးသပ်နေခဲ့ကြသည်ဟု သိရှိရပါသည်။ အချို့ကလည်း တိုင်းပြည် ဆင်းရဲမွဲတေသွားခြင်းသည် Sanction ကြောင့်မဟုတ် စစ်အစိုးရ၏ မှားယွင်းသော အုပ်ချုပ်မှုစနစ် (Mis-management) ကြောင့်ဟု ဆိုပါသည်။ ကျွန်တော့်အမြင် ပြောရလျှင် နှစ်ချက်စလုံးမှန်ပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ Sanction ကြောင့် စက်ရုံများ ပိတ်၍လည်းကောင်း၊ ပို့ကုန်အချို့ တင်ပို့မရ၍လည်းကောင်း၊ လူအများ အများကြီး နစ်နာပါသည်။ နောက်အရေးကြီးသော အချက်တစ်ခုမှာ Sanction ကြောင့် ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia developing Bank)၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) တို့မှ အခြေခံ အဆောက်အဦအတွက်၊ အခြားစက်မှုလုပ်ငန်းများအတွက် ထောက်ပံ့သော ချေးငွေများ မရတော့ခြင်းသည် အစိုးရနှင့် မဆိုင်ဘဲ မြန်မာနိုင်ငံမှ လူအများ အများကြီး နစ်နာစေပါသည်။ (ဥပမာ - ဆိုရှယ်လစ်ခေတ်က ADB ချေးငွေကြောင့် ရန်ကုန်- ပြည်လမ်း စီမံကိန်းကြီးသည် ရန်ကုန်- ပြည်လမ်း ကောင်းသွားစေရုံသာမက နိုင်လွန်ကတ္တရာ နည်းပညာကို မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့ဖူးပါသည်။)
မြန်မာနိုင်ငံတွင် အစိုးရ၏ Mismanagementကိုမူ မပြောလိုတော့ပါ။ ပြောစရာမလို လောက်အောင် ညံ့ဖျင်းနေ၍ ဖြစ်ပါသည်။
နောက်ပိုင်းတွင် အမေရိကန်က Sanction နှင့် ပတ်သက်၍ (အများအထင် မမှားစေရန်ဟု ထင်ပါသည်) အကြောင်းပြချက်လေး တစ်ခု ပေးလာသည်ကို တွေ့ရပါသည်။
၂၀၀၈ ခုနှစ်က ချမှတ်ခဲ့သော Sanction သည် ပြည်သူများကို မရည်ရွယ်ကြောင်း၊ စစ်တပ်မှ ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အခွင့်ထူးခံ ကုန်သည်ကြီးများကို ပစ်မှတ်ထားခြင်းသာ ဖြစ်သည်ဟု ဆိုလာပါသည်။
ဤကိစ္စကို ကျွန်တော့်အမြင် ပြောရလျှင် အမေရိကန်တို့၏ အဆိုပါ ရည်ရွယ်ချက်လည်း လွဲပြန်ပြီဟု ပြောရတော့မည်။
ကျွန်တော် ရှင်းပြပါမည်။ အဆိုပါ Sanction အရ ဗိုလ်ချုပ်တွေ နိုင်ငံတကာငွေကြေးနှင့် ဆက်စပ် ပတ်သက်လို့ မရအောင်၊ သူတို့ သားသမီးတွေ ဗီဇာမရအောင် Sanction လုပ်သည်။ အမှန်ပြောရလျှင် အဆိုပါ Sanction ကြောင့် ဗိုလ်ချုပ်မှူးကြီးနှင့် အပေါင်းပါများကို လုံးဝ မထိခိုက်ပါ။ ဗိုလ်ချုပ်မှူးကြီးနှင့် အပေါင်းပါများသည် ပညာမတတ်ပါ။ အင်္ဂလိပ်လိုလည်း မပြောတတ်ပါ။ နိုင်ငံခြားသွားရန်လည်း စိတ်မကူးပါ။ နိုင်ငံခြားတွင် စီးပွားရေးလုပ်ရန် စဉ်းစားဖို့ ဦးနှောက် မရှိပါ။ သွားနေဖို့ ဆိုလျှင် ဝေလာဝေး ဖြစ်ပါသည်။ နိုင်ငံခြားဆို၍ ဘန်ကောက်၊ စင်ကာပူ ဈေးဝယ်ထွက်ရလျှင် တော်ပြီ ဖြစ်သည်။ နိုင်ငံခြားတွင် Account လည်း မဖွင့်လိုပါ။ သူတို့၏ မြန်မာပြည်ထဲတွင် သားသမီး မြေးမြစ် ဆယ်သက် စားမကုန်အောင် ချမ်းသာသွားပြီ ဖြစ်၍ ဘဝမှာ အထူးရည်မှန်းချက် ထားရန် မလိုတော့ပါ။
လူ့သဘာဝအရ မိမိအတ္တကို ထိခိုက်မှ တုန့်ပြန်ပါသည်။ ယခု အမေရိကန်နှင့် အီးယူ Sanction များသည် ဗိုလ်ချုပ်မှူးကြီး၏ အတ္တကို မထိခိုက်ပါ။ ထို့ကြောင့် ဘာမျှ တုန့်ပြန်လိမ့်မည် မဟုတ်ပါ။
နောက်တစ်ချက်မှာ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် Sanction ကို ရုတ်သိမ်းပေးရန် လူကြားကောင်းအောင်သာ ပြောနေခြင်း ဖြစ်ပါသည်။ သူ၏ စိတ်ရင်းအမှန်မှာ Sanction ကို ဆက်လက်ရှိနေစေလိုပါသည်။ ရှိနေစေချင်သည့် စိတ်ရင်းခံ အကြောင်းများစွာ ရှိသည်။ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် သူတို့ ညံ့ဖျင်းမှုတွေအားလုံး၏ အကျိုးဆက်ကို Sanction ကြောင့်ဟု လက်ညှိုးထိုးရန် လည်းကောင်း၊ အနောက်နိုင်ငံနှင့် ဆက်သွယ်ပြီး သူဋ္ဌေး ဖြစ်လာမည့်သူတွေကို မကြည့်လိုသည်ကြောင့်လည်းကောင်း၊ Sanction ကြောင့် အာဏာရှင်စနစ်က ပိုမိုတည်မြဲစေသည်ကြောင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အားလည်း Sanction အတွက် အမြဲ အပြစ်ဖို့နေစေရန်လည်းကောင်း ဖြစ်သည်။
ထို့ကြောင့် အထက်ပါ Sanction များ ချမှတ်ခြင်းမှာ မှားယွင်းသည်ဟု မပြောလိုပါ။ ထို့ထက် ပိုထိရောက်အောင် စဉ်းစားပြီးမှ လုပ်ကြပါဟု တိုက်တွန်းလိုပါသည်။
နောက်တစ်ချက်မှာ အဆိုပါ Sanction သည် စစ်အစိုးရနှင့် ပတ်သက်သော ကုန်သည်ကြီးများ (Cronies) ကို ရည်ရွယ်သည်ဟု ဆိုပါသည်။ Sanction ကြောင့် သူတို့ကို နည်းနည်းတော့ ထိခိုက်ပါသည်။ သူတို့သည် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်၍ ပို့ကုန် သွင်းကုန်အတွက် ငွေလွှဲပြောင်းမှုများ၊ ပစ္စည်းဝယ်ယူရမှုများအတွက် များစွာ အခက်အခဲ ဖြစ်ရပါသည်။ သူတို့က လူတွေ အများကြီးကို အလုပ်ပြန်ပေးထားသည် ဖြစ်ရာ အားလုံးကို ထိခိုက်ပါသည်။ သို့သော် အစိုးရက သူတို့ ထိုကိစ္စကြောင့် ထိခိုက်မှုများအတွက် အခွင့်အရေးအချို့ ပြန်ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်၊ ရုရှားကဲ့သို့သော နိုင်ငံများမှ စီးပွားရေး ခြေကုတ်ယူရန် ဝင်ရောက်လာကြခြင်းကြောင့် ဖြစ်သည်။
ကျွန်တော် ပြောလိုသည်မှာ ပုဂ္ဂလိက ကုန်သည်များကို အဆိုပါ Sanction ချမှတ်သည်မှာ မှားသည်ဟု ကျွန်တော် ပြောလိုပါသည်။ အမေရိကန်အနေဖြင့် Cronies များ နေရာမှ ဝင်ရောက် စဉ်းစားကြည့်စေလိုပါသည်။ မြန်မာနိုင်ငံတွင် စီးပွားရှာရင်း ချမ်းသာလာသောအခါ အစိုးရကို အပေါင်းအသင်းမလုပ်၍ မရသောကြောင့် ပေါင်းရပါသည်။ အစိုးရနှင့် အဆင်မပြေလျှင် အဆိုပါ ကုန်သည်များ အနေဖြင့် အလုပ်လုပ်၍ မရပါ။ ထိုထက်ပို၍ စည်းစိမ် အားလုံးကို သိမ်း၍ လူကိုထောင်ထဲမှာ ထားမည့် အာဏာရှင် ဖြစ်ပါသည်။ ထို့ကြောင့် ကုန်သည်များ အစိုးရနှင့် ပေါင်းခြင်းသည် အပြစ်မရှိဟု ကျွန်တော် ထင်ပါသည်။ မည်သူမဆို သူတို့နေရာရောက်လျှင် ထိုသို့သာ ကျင့်သုံးရမည် ဖြစ်ပါသည်။ အမေရိကန်နှင့် အီးယူတို့လည်း စဉ်းစားတတ်မည် ထင်ပါသည်။ အမေရိကန်မှ Chavron ရေနံကုမ္ပဏီနှင့် ပြင်သစ် Total တို့သည် Sanction များကြားမှ ငွေကြေးမျက်နှာတစ်ခုတည်းနှင့် စစ်အစိုးရနှင့် ပတ်သက်နေရခြင်း ဖြစ်သည်။
အစိုးရအနေနှင့်ကတော့ ရှင်းပါသည်။ အမေရိကန်နှင့် အီးယူသတ်၍ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်တို့ သေလျှင် နောက်ထပ် တေဇကလေးတွေ၊ ထွန်းမြင့်နိုင်ကလေးတွေ မွေးဦးမည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးကတော့ ပြုံးနေပါလိမ့်မည်။
Posted By icypress to Sensible Rumour at 10/21/2009 09:33:00 PM

0 comments:

Post a Comment