Transparency Myanmar

transparency.myanmar@gmail.com

ရုရှားက အီရန်အား အရေးယူရေးနှင့်ပတ်သက်၍

လတ်တလော ဆွေးနွေးရန် ငြင်းပယ်

By Tom Lasseter

MccLatchy Newspaper

          အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton သည် အီရန်၏နျူကလီးယား အစီအစဉ်များ  ရှင်းလင်းစွာဖေါ်ထုတ်နိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုများဖြင့် ဖိအားပေးရာ တွင် ရုရှား၏ထောက်ခံအားပေးမှုကိုရရှိရန် မျှော်လင့်ထားပြီး၊ အဆိုပါ ခက်ခဲသောလုပ်ငန်းစဉ်များ စတင်မည့် သူမ၏ပထမဆုံး မော်စကိုခရီးစဉ်ကို အင်္ဂါနေ့က သွားရောက်ခဲ့ပါသည်။

          ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ လက်ရှိအနေအထားတွင် စီးပွားရေးပိတ်ဆို့မှုအပါအ၀င်အလားတူ အရေးယူမှုများ သည် ဆန့်ကျင်ဘက်ရလဒ်ကိုသာ ရရှိစေလိမ့်မည်ဟု ပြောကြားခဲ့သည်။

          အမေရိကန်သည် အီရန်နှင့်တွေ့ဆုံဆွေးနွေးရေးကို ကြိုးပမ်းရန်ဆန္ဒရှိပါကြောင်း၊ သို့သော် စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်၍ အီရန်၏လိုလားမှုကို အိုဘားမားအစိုးရလက်ခံ ယုံကြည်လာစေရန် "တီဟီရန်" အနေဖြင့် ရှင်းလင်းပြတ်သားစွာ ပြသရလိမ့်မည်ဟု Clinton က သတိပေး၍ တုန့်ပြန်မှတ်ချက်ပြုခဲ့ပါသည်။

          အောင်မြင်မှုမရခဲ့သော အရေးယူဆောင်ရွက်ချက်များ၏ ထိရောက်နိုင်မှုနှင့်ဖြစ်နိုင်ချေကို မိမိတို့ အမြဲတမ်းစောင့်ကြည့်လေ့လာနေခဲ့ပြီး "နျူကလီးယားလက်နက်များ မထုတ်လုပ်ရန် အီရန်က ဆုံးဖြတ်ထားသည်" ဆိုသည့်အချက်ကို မိမိတို့အပါအ၀င်အားလုံးက လက်ခံ ယုံကြည်ရန် ခက်ခဲနေသည်ဟု Clinton က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

          Lavrov က ပြောကြားရာတွင် ယခုလဆန်းပိုင်းက ဂျာမဏီပါဝင်သော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှင့် အီရန်နိုင်ငံအကြား ကျင်းပသော ဂျီနီဗာဆွေးနွေးပွဲတွင် ပြင်းထန်သောအရေးယူမှုများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးမှုများ ရပ်ဆိုင်းထားရန် ကတိပြုခဲ့ ကြသည်ဟု ဆိုပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် အီရန်က "Qom" အနီးရှိ လျှို့ဝှက်နျူကလီးယားအဆောက်အအုံကို နိုင်ငံတကာစစ်ဆေးရေးမှူးများအား စစ်ဆေးခွင့်ပြုရန်၊ ပထမအကြိမ်စစ်ဆေးမှုကို အောက်တိုဘာ ၂၅ ရက်တွင်သတ်မှတ်ရန်နှင့် ၎င်းစုဆောင်းထားသော ယူရေနီယမ်များကို အရပ်ဖက်စွမ်းအင် ကဏ္ဍတွင် အသုံးပြုရန်အတွက် ရုရှားသို့တင်ပို့သန့်စင်ရန်စသော စည်းကမ်းများကို သဘောတူ ခဲ့ပါသည်။

          ကရင်လင်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော ပိုလန်နှင့် ချက်ရီပတ်ဗလစ်နိုင်ငံများတွင် ချထားမည့်ရေဒါစခန်းနှင့် ဒုံးခွင်းဒုံးအစီအစဉ်ကို ရပ်ဆိုင်းရန် "အိုဘားမား"က ဆုံးဖြတ်ခဲ့ပြီးချိန်တွင် ယခု Lavrov ကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဒုံးခွင်းဒုံးအစီအစဉ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်သည် အီရန်ကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ရပ်တည်မှုနှင့် ဆက်နွယ်နေသည်ဟူသော လေ့လာသူများ၏သုံးသပ်ချက်ကို နှစ်နိုင်ငံစလုံးက ငြင်းဆိုထားပါ သည်။

          ယခင်လက နယူးယောက်တွင်ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရုရှားသမ္မတ Dmitry Medvedev က "အချို့ကိစ္စရပ်များတွင် အရေးယူပိတ်ဆို့မှုများဖြင့် မဟန့်တားနိုင်ပါဟုပြောခဲ့ပြီး၊ များမကြာမီ ကျင်းပသော ပစ်စဘတ် စီးပွားရေး ထိပ်သီးညီလာခံတွင်မူ အကျပ်အတည်း ကိစ္စရပ်များကို ထိန်းချုပ်ရန် ကြိုးစားမှုများ ဖြစ်နိုင်ခြေမရှိပါက နိုင်ငံတကာအရေးယူ ဒဏ်ခတ်မှုများကျင့်သုံးနိုင်သည်ဟု ပြောခဲ့ပြန်ပါသည်။

          သို့ရာတွင် အင်္ဂါနေ့က Lavrov ပြောစကားအရ ကရင်မလင်သည် အခြားနည်းလမ်း များဖြင့် ဆောင်ရွက်မှုများဖြစ်နိုင်ခြေမရှိတော့ဟု ယူဆပုံမပေါ်သေးပါ။ မော်စကိုရှိကျွမ်းကျင်သူများ သုံးသပ်ချက်အရ ရုရှားသည် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ကျင့်သုံးရေးကို လောလောဆယ် တွင် လက်ခံမည်မဟုတ်ကြောင်း သိရှိရပါသည်။

          ရုရှားသည် အီရန်နိုင်ငံအပေါ်ပိတ်ဆို့ခြင်း ပြုလုပ်ရန်အတွက် ရွှေ့ဆိုင်းမှုများကို ဆက်၍ ဆက်၍လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှားအစိုးရနှင့် နီးစပ်မှုရှိသည့်အဖွဲ့ဖြစ်သည့် နိုင်ငံခြား ရေးရာနှင့် ကာကွယ်ရေးကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး Dmitry Suslov ကပြောကြားသွား ပါသည်။

          နျူကလီးယားစစ်ဆေးအဖွဲ့၏ ရလဒ်ကို စောင့်နေသည်သာမက၊ ရုရှားသည် အီရန်နှင့် လုပ်ငန်းများစွာကို လုပ်ကိုင်နေကြောင်းလည်း ပြောသည်။ ရုရှားသည် အီရန်၏ Bushehr နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရေးတွင် ကူညီခဲ့သည်။ ထို့အပြင် နျူကလီးယားစက်ရုံ နေရာကို ခေတ်မှီလေကြောင်းကာကွယ်စနစ်ဖြင့် ကာကွယ်ရန်အတွက် အက်စ်-၃၀၀ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ရောင်းချရန်ဆန္ဒလည်းရှိနေသည်။ အဆိုပါကိစ္စသည် အငြင်းပွားစရာကိစ္စ တစ်ရပ်ဖြစ်နေသည်။

          ကမ္ဘာပေါ်တွင်လည်း ရုရှား၏အခန်းကဏ္ဍသည် ပိုမိုကြီးထွားနေပါသည်။ ကရင်လင် အီရန်ကိစ္စတွင် ကြားခံ စေ့စပ်ပေးသူအဖြစ် ပါဝင်ခြင်းက အမေရိကန်နှင့် ဆက်ဆံရာတွင် အားသာ သည့် အနေအထားကို ဖြစ်စေပါသည်။ အကယ်၍ ရုရှားသည် အမေရိကန်က တွန်းအားပေး နေသော ကုလသမဂ္ဂပိတ်ဆို့မှုကိစ္စမှ ထွက်လိုက်ပါက ရုရှားအနေဖြင့် ပြောရေးဆိုခွင့်ရှိမည် မဟုတ်တော့ဘဲ အမေရိကန်တို့နှင့် ဆက်ဆံရာတွင် အရေးပါမှုလည်း လျော့သွားမည်ဖြစ်ကြောင်း လည်း သိရပါသည်။

          ကရင်မလင်မှ အီရန်နှင့်ပတ်သက်၍ မသေချာမရေရာသော သဘောထားများပြုလုပ်၍ လတ်တလောအနေဖြင့် အမေရိကန်ကို လျော့ပေါ့ရန် အပေးအယူလုပ်နေသ၍ကာလပတ်လုံး၊ တရုတ်နိုင်ငံအနေဖြင့် သူ၏အဓိကသဘာဝဓါတ်ငွေ့ ထောက်ပံ့သူအီရန်အပေါ် ပိတ်ဆို့မှုအတွက် စဉ်းစားရန် ဆန္ဒနည်းပါးလေဖြစ်ပေမည်။

          ဖြစ်နိုင်ခြေတစ်ခုမှာ မော်စကိုအနေဖြင့် ကုလသမဂ္ဂတွင် အီရန်အားပိတ်ဆို့ဒဏ်ခတ်ရန် အနာဂတ်ဆုံးဖြတ်ချက်များအပေါ် ဖျက်ဆီးမည့်သူတစ်ဦးမဟုတ်ကြောင်းကို ကလင်တန်ကို အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မော်စကိုတွင် အင်တာနက်ပေါ်၌ ဂျာနယ်ရေးသား ထုတ်လွှင့်နေသူ Alexandar Goltz က ပြောကြားခဲ့သည်။

          ရုရှားက အီရန်အပေါ် အရေးယူလုပ်ဆောင်မှုများမပြုမှီ တရုတ်ပြည်မှလည်း အလားတူ သဘောတူညီမည်ဖြစ်ကြောင်း တောင်းဆိုချက်အပေါ် အာမခံပေးရန်လိုကြောင်းလည်း ပြောသည်။

          အထက်ပါ အရေးယူပိတ်ဆို့မှုများသည် လက်ရှိအနေအထားအရ အဓိပ္ပာယ်မရှိကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက လွန်ခဲ့သည့်လက သတင်းထောက်များအား ပြောကြားခဲ့သည်။ ပိတ်ဆို့ဒဏ်ခတ်ခြင်းနှင့် ဖိအားပေးခြင်းသည် ပြဿနာကိုဖြေရှင်းနိုင်သည့် နည်းလမ်းများမဟုတ်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ ၀ါရှင်တန်အခြေစိုက် ပေါ်လစီ အဖွဲ့၏မော်စကိုတွင်ရှိသော Heritage Foundation မှ ပူးပေါင်းဆောင်ရွက်ရေးအရာရှိ Yevgeny Volk က ယခုကဲ့သို့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ဟာ တရုတ်အပေါ်မူတည်ကြောင်း ပြောကြားချက်ဟာ အလွန်လွယ်ကူကြောင်း၊ ရုရှားအနေဖြင့် အမေရိကန်ဆန့်ကျင်သည့် မူဝါဒကို  ရှင်းပြနေသကဲ့သို့သာ ဖြစ်ကြောင်းပြောသည်။ Volk က အင်္ဂါနေ့၊ မွန်းလွဲပိုင်းတွင် အထက်ပါကဲ့သို့ ပြောဆိုနေသည့်အချိန်တွင် ရုရှားဝန်ကြီးချုပ် Vladimir Putin  သည် ပီကင်းတွင် ဒေါ်လာ ဘီလီယံ ပေါင်းများစွာတန်သော ရုရှားမှသဘာဝဓါတ်ငွေ့ကို တရုတ်ပြည်သို့ ရောင်းချပေးပို့ရန် သဘောတူ ချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်နိုင်ငံလုံးမှ အစိုးရသတင်းဌာနများက အဆိုပါလက်မှတ် ရေးထိုးခြင်းသည် နှစ်နိုင်ငံ၏နီးကပ်သော ဆက်ဆံရေးကို ဖေါ်ပြချက်ဖြစ်ကြောင်း ချီးမွမ်းပြောကြား ခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment