Transparency Myanmar
transparency.myanmar@gmail.com
ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် အင်အားကြီးလုပ်ငန်းရှင်ဖြစ်လာသော တရုတ်နိုင်ငံ
Oct - 10 - 2009
By Joe MeDonald  (Associated Press)
          အမေရိကန်ပြည်ထောင်စုကို ကမ္ဘာပေါ်တွင် အဓိကကားထုတ်လုပ်သောဒေသအဖြစ် မြှင့်တင်စွမ်းဆောင်ပေးခဲ့သော မီချီဂန်ပြည်နယ်၏အလယ်ဗဟိုရှိ Troy တွင် မော်တော်ကား အစိတ်အပိုင်းများထုတ်လုပ်သော Delphi ဌာနချုပ်တည်ရှိပါသည်။
          ယခုအခါ Delphi ဘရိတ်နှင့် ဆပ်စပင်းရှင်း အစိတ်အပိုင်းများထုတ်လုပ်သောစက်ရုံ (Unit) အလုပ်သမား ၃၀၀၀ ကျော်အတွက်ပိုင်ရှင်အသစ်ပေါ်ထွက်လာပြီဖြစ်သည်။ ရောင်းအား ကျဆင်းမှုကြောင့် ယိုယွင်းလာသည့် Delphi သည် ၎င်း၏စက်ရုံခွဲအား Shougang ကော်ပရေးရှင်း ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူများကို ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။
          လက်ရှိကွန်မြူနစ်ဟုခေါ်ဆိုနေသော်လည်း ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး၊ အနာဂါတ်တွင်အရင်းရှင်စနစ်သို့ ရှေ့ရှုချီတက်နေသော တရုတ်အစိုးရက သံမဏိထုတ်လုပ်သူ Shougang ကိုပိုင်ဆိုင်ပါသည်။
          ဘီဂျင်းသုတေသနလုပ်ငန်း Dragonomics ဦးဆောင်ညွန်ကြားရေးမှူး Arthur Kreober က "ဒီမှာက ငွေကို လူတိုင်းက အာသာငမ်းငမ်းဖြစ်နေတယ်၊ တရုတ်တွေဟာ ချက်စာအုပ် (Check Book) တကိုင်ကိုင်နဲ့ ပေါ်လာတတ်ပြီး၊ "ဟုတ်ကဲ့၊ ကျေးဇူးပြုပြီးတော့" လို့ အစချီပြီးရင် ငွေရဖို့ကိစ္စကို ဦးတည်တော့တာပါဘဲ" ဟု ပြောကြားလိုက်သည်။
          ယခုရာစုနှစ်အတွင်းတိုးတက်မှုဖြစ်စဉ်များအရ ပေါက်ကွဲလုနီးနီးကြီးထွားလာသော တရုတ်နှင့်အိန္ဒိယတို့ကို ကမ္ဘာ့နံပါတ် စီးပွားရေးအင်အားကြီး ဂျပန်နှင့်တွဲပေးလိုက်ပါက စီးပွားရေးအင်အားချိန်ခွင်လျှာသည် အမေရိကန်ပြည်ထောင်စုထံမှ အာရှတိုက်ဆီသို့ ယိမ်းပါရွှေ့လျားလာနိုင်ပြီး၊ ငွေကြေးအကြပ်အတည်းများ၊ စီးပွားရေးဆုတ်ယုတ်မှုများက ၎င်းဖြစ်စဉ်ကို အရှိန်မြှင့်တင်သွားလိမ့်မည်ဟု ယူဆမျှော်လင့်မှုများလည်း ရှိနေပါသည်။
          သေချာသည်မှာ တရုတ်နိုင်ငံသည် ယခုစီးပွားရေး အကြပ်အတည်းတွင် အင်အားချည့်နဲ့ မသွားဘဲ သန်သန်မာမာနှင့် လွတ်မြောက်လာကြောင်း၊ အမေရိကန်နှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း Morgan Stanley Asia ဥက္ကဌ Stephen Roach က ပြောကြားခဲ့သည်။
          နိုင်ငံတကာဆက်ဆံရေးနှင့်ကမ္ဘာ့စီးပွားရေးနယ်ပယ်များတွင် တရုတ်နိုင်ငံအင်အားကြီး လာသည်ကို အချို့က စိုးရိမ်ပူပန်နေကြသော်လည်း လက်တွေ့တွင်မူ ဤမျှမလွယ်ကူလှပါ။ ဘီဂျင်းသည် ၎င်း၏ဗရမ်းပတာပြန့်ကျဲနေသော ဖွဲ့စည်းပုံကို အစီအစဉ်တကျပြန်လည် တည်ဆောက်နေရဆဲဖြစ်ပြီး မဝေးလှသော အနာဂါတ်အတွင်း အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဦးဆောင်နေရာကို အစားထိုးလက်လွှဲယူနိုင်ရန် မဖြစ်နိုင်သေးပါ။
          တချိန်ထဲမှာပင် ဘီဂျင်း၏ "ပါဝါ" ကို အကဲဖြတ်ရာတွင် မရေရာမှုများရှိနေဆဲဖြစ်ပြီး၊ ၎င်းနှင့် မရင်းနှီးသေးသော ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မည်သည့်အခန်းကဏ္ဍမှပါဝင်  လိုသည်ကို မည်သူမျှ သေချာမသိနိုင်ပါ။
          ပြီးခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် "ပြည်ပသို့ခေါင်းထောင်မကြည့်ရန်၊ မိမိ၏နိုင်ငံတွင်းဖွံ့ဖြိုးရေးများကို အာရုံစူးစိုက်ရန်" စသော လွန်လေပြီးသောခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ အမှာစကားများကိုလိုက်နာခဲ့သော်လည်း ယခုဆယ်စုနှစ်တွင်မူ ၎င်းတို့၏ အောင်မြင်မှုများကြောင့် ခေါင်းမော့လာခဲ့ပြီး၊ တစ်ကမ္ဘာလုံးဖြန့်ကျက်ထားသော စီးပွားရေးလုပ်ငန်း များတည်ငြိမ်မှုရှိရေးကို အရေးတယူသတိထားလာခြင်းဖြစ်ပါသည်။ ယခုအခါ ကွန်မြူနစ် ခေါင်းဆောင်များသည် ကမ္ဘာနိုင်ငံများအလယ်တွင် နိုင်ငံတကာရေးရာကိစ္စများကို စီမံချယ်လှယ်နိုင်မည့်နေရာတခုကို စတင်ဖေါ်ဆောင်နေပြီဖြစ်သည်။
          တစထက်တစ အသံကျယ်လာသော ဘီဂျင်းသည် ယခုအချိန်တွင်မူ ဂျီ တွမ်တီး (G-20) ကဲ့သို့သော ကမ္ဘာစီးပွားရေးဖိုရမ်များ၌ပင် ၎င်း၏သြဇာကို ထူထောင်နေပြီဖြစ်ပြီး၊ အီရန်နှင့် မြန်မာနိုင်ငံများကို ကာကွယ်ပေးနေသောလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် ကုလသမဂ္ဂအတွင်း နေရာယူလာသည့် တရုတ်၏သိသာသောပြောင်းလဲမှုများကို မြင်တွေ့နိုင်ပါသည်။ တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်သည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဖြစ်ပါသည်။
          တရုတ်သည်ကမ္ဘာ့ဒုတိယအင်အားကြီးနိုင်ငံတခုအဖြစ်သို့ ကြီးထွားလာနေပြီး၊ ယခု မဖြစ်နိုင်သေးသော်လည်း ဆယ်စုနှစ်တစ်စုအတွင်းဖြစ်လာလိမ့်မည်ဟု ၀ါရှင်တန် Brookings Institution's John L Thornton China Center မှ ဒါရိုက်တာ Kenneth Lieberthal က ပြောကြားခဲ့ပါသည်။
          တရုတ်အင်အားကြီးလာခြင်းသည် အမေရိကန်ပြည်ထောင်စုအတွက် ကောင်းကျိုး၊ ဆိုးကျိုးများရောထွေးနေပါသည်။ ၎င်းတို့နှစ်နိုင်ငံမှာ စီးပွားရေးကဏ္ဍတွင် အမွှာညီနောင်သဖွယ် ယှက်နွယ်နေပြီး တဦး၏အောင်မြင်မှုသည် နောက်တဦး၏အောင်မြင်မှုပေါ်တွင် အပြန်အလှန်မှီခို နေပါသည်။
          အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ ယမန်နှစ်က ၃၃၈ ဘီလီယံဒေါ်လာတန်ဖိုးရှိ တရုတ်လူသုံးကုန်ပစ္စည်းများဝယ်ယူတင်သွင်းခဲ့သည်။ တရုတ်သည် အမေရိကန်၏အကြီးဆုံးကြွေးရှင်နိုင်ငံဖြစ်ပြီး၊ အမေရိကန်အစိုးရငွေတိုက်စာချုပ်များ တွင် ဒေါ်လာဘီလျံ ၈၀၀ ကျော် ရင်းနှီးမြှပ်နှံထားပါသည်။ အမေရိကန် ကားထုတ်လုပ်သူများကလည်း တရုတ်၏ကြီးထွားလာသော ဈေးကွက်တွင် အနာဂါတ် အရောင်း မြင့်တက်လာမည့်အရေး မျှော်တွေးလျက်ရှိကြသည်။
          တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှု၏ ဆိုးကျိုးများကို ရှောင်ရှားနိုင်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၅၈၆ ဘီလျံ အထောက်အပံ့ရထားသော ၎င်း၏ဘဏ်များမှာလည်း အခြေအနေကောင်းနေပါသည်။ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုမှာ တိုးတက်လျက်ရှိပြီး တိုးတက်မှုနှုန်း ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟုဆိုပါသည်။
          တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကြီးမားမှုသည် ရေနံဈေးနှုန်းများအပေါ်တွင် သက်ရောက်မှုရှိခဲ့ပြီး တရုတ်ထုတ်ကုန်များ ကမ္ဘာတလွှားပြန့်နှံ့မှုနှင့်အတူ ၎င်း၏လွှမ်းမိုးမှုလည်း စတင်နေပြီဖြစ်သည်။ ဗြိတိန်ကားထုတ်လုပ်ရေးလုပ်ငန်းများမှသည် သြစတြေးလျား သံသတ္ထုမိုင်းများအထိပါဝင်သော အနောက်နိုင်ငံလုပ်ငန်းများသည် တရုတ်နိုင်ငံ၏၀ယ်လိုအား ပေါ်တွင် မှီခိုရပ်တည်နေရပြီဖြစ်သည်။ ၀င်နီဇွဲလားမှသည် အာရှအလယ်ပိုင်းအထိ ကျယ်ပြန့်သော ရေနံလုပ်ငန်းနယ်ပယ်တွင်လည်း တရုတ်နိုင်ငံ၏ ငွေကြေးရင်းနှီးမြှပ်နှံမှုများတိုးတက်လျက် ရှိပါသည်။
          ဧပြီလက လန်ဒန်တွင် ကျင်းပသောအစည်းအဝေးတွင် သမ္မတအိုဘားမားက တရုတ် ခေါင်းဆောင် ဟူကျင်းတောင်အား ၀ါရှင်တန်သည် ၎င်း၏ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချမည်ဟု အာမခံခဲ့ခြင်းသည် မည်သည့်အမေရိကန်ခေါင်းဆောင်မှမလုပ်ဘူးသော "ကတိ" ကိုပေးလိုက်ခြင်း ဖြစ်ပါသည်။
          မည်သို့ပင်ဆိုစေကာမူ အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံတွင် မရှိသောစွမ်းအား များစွာကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး၊ နေရာဒေသ အနှံ့အပြားမှ အတွေးအခေါ်သစ်၊ နည်းပညာသစ် များ တင်သွင်းရာ ကမ္ဘာ့အချက်အချာဒေသတခု၊ ထူးချွန်ထက်မြက်ရန် ရည်မှန်းချက်ကြီးမားသူများ ပြောင်းရွှေ့အခြေစိုက်ရန်ဆွဲဆောင်နိုင်သော ဒေသတခုအဖြစ် ပန်းပန်နေဆဲပင်ဖြစ်ပါသည်။
          စိမ်ခေါ်မှုများကို ရင်ဆိုင်ယှဉ်ပြိုင်အနိုင်ယူမည့် အမေရိကန်ပြည်သူများ၏ စွမ်းရည်ကို လုံးဝ လျှော့မတွက်လိုက်ပါနဲ့ဟု လန်ဒန် BCG Partners မှ ၀ါ ရင့်မဟာဗျူဟာအကြံပေးပညာရှင် Howard Wheeldon ကပြောကြားခဲ့ပါကြောင်း။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
0 comments:
Post a Comment