Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချ တိုက်ဖျက်နိုင်ရန် အတွက် အချိန်တိုတွင်း ထိရောက်မှုရှိသော စွမ်းအင်အစီအစဉ်များကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက အသိပေး ကြေညာလိုက်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်မှုကို ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိ လျှော့ချ သွားမည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီက ထုတ်ပြန် ကြေညာသည်။

လာမည့် ဒီဇင်ဘာလ ကိုပင်ဟေဂင်တွင် ကျင်းပပြုလုပ်မည့် ရာသီဥတုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ တရုတ်အစိုးရက ယင်းသို့ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချမည့် အစီအစဉ်သည် တရုတ်အစိုးရ၏ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှု တစ်ရပ် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကိုလည်း ဝင်ရောက် အကူအညီပေးသည့် သဘောလည်း ဖြစ်ကြောင်း၊ ဤအစီအစဉ်ကို တရုတ်အစိုးရက အမျိုးသားရေး အခြေအနေများ ပေါ်တွင် မူတည်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီက ကြေညာချက် ထုတ်ပြန်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် လာမည့် ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ကိုပင်ဟေဂင် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ကာ ဖန်လုံအိမ်အာနိသင် ထုတ်လုပ်မှု တိုက်ဖျက်ရေးအတွက် ဝင်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ကိုပင်ဟေဂင် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေး ကို အမေရိကန် ပြည်ထောင်စုက ရည်မှန်းချက် ပန်းတိုင်အဖြစ် သတ်မှတ်ကာ ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုမည် ဖြစ်ကြောင်း အိမ်ဖြူတော်က အသိပေးလိုက်ပြီးနောက် တရုတ်ပြည်ကလည်း ယင်းသို့ ကြေညာချက်များ ထုတ်ပြန်လာခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ အနေနဲ့ ကိုပင်ဟေဂင် ထိပ်သီးဆွေးနွေးပွဲမှာ မျှတမှုရှိပြီး ကျိုးကြောင်း ဆက်ဆပ်မှုရှိတဲ့ အစီအစဉ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

"ဝန်ကြီးချုပ် ဝမ်ကျားပေါင် က ဒီရာသီဥတုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အားလုံးကို ကိုပင်ဟေဂင် ဆွေးနွေးပွဲမှာ တက်ရောက်ပြီး တရုတ်ပြည်အနေနဲ့ လုပ်နိုင်တာတွေကို အဓိက ဆွေးနွေးမှာပါ"

ဒီဇင်ဘာလ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မည့် အဆိုပါ ကိုပင်ဟေဂင် ဆွေးနွေးပွဲတွင် တိကျသော သဘောတူညီချက်များ ထွက်ပေါ်လာဖွယ် မရှိကြောင်း လေ့လာသူများက ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲ၏ မူလ ရည်မှန်းချက် ပန်းတိုင်မှာ ၁၉၉၇ ကျိုတို သဘောတူညီချက်ကို အစားထိုးနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု သဘောတူညီချက် တစ်ရပ် ထွက်ပေါ်လာရေး ဖြစ်သည်။  သို့သော် နိုင်ငံ ကိုယ်စားလှယ်များသည် သဘောတူညီချက်အတွက် အကောင်းဆုံးသော အဆိုပြုချက် မူကြမ်းများသာ ထုတ်ဖော်ဖွယ်ရှိသည် ဟု ယခု ရက်သတ္တပတ် အတွင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။ လာမည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းရောက်မှ သဘောတူညီချက် ပြုလုပ်ရန် စီစဉ်လိမ့်မည် ဟုလည်း ဆိုသည်။

အမေရိကန် သမ္မတ အိုဘားမားသည် အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် လာမည့် ၁၀ နှစ်အတွင်း ကာဗွန်ထုတ်လုပ်မှုများကို ၁၇ ရာခိုင်နှုန်းခန့် လျှော့ချပြီး နှစ် ၅၀ ခန့်မှစ၍ အပူဓာတ် ထုတ်လုပ်မှုကို ၈၀ ရာခိုင်နှုန်းထိ လျှော့ချမည်ဟု အတည်ပြုချက် ပေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

တရုတ်နိုင်ငံက မိမိတို့သည် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် တိကျပြီး စည်းနှောင်မှု ရှိသော ပစ်မှတ်များကို ရှာဖွေသွားမည်ဖြစ်သည် ဟု ထပ်ခါတလဲလဲ ထုတ်ဖော် ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နှင့် ၂၀၀ ခန့်က စတင်ခဲ့သော စက်မှုထွန်းကားရေး လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများကြောင့် ဖြစ်ကြောင်း တရုတ်နိုင်ငံက ပစ်တင်ဝေဖန်သည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်၌ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်နေသည့် နိုင်ငံတစ်ခုဖြစ်သည်။

AFP သတင်းဌာန ၏ China announces plan to boost energy efficiency ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Top news, 30 Nov 2009

          အနောက်နိုင်ငံ လွှမ်းမိုးမှုများ မပါဘဲ ဒီမိုကရေစီစနစ်ကို မိမိဘာသာ ဖော်ဆောင်မည့် မြန်မာနိုင်ငံ၏ အစီအစဉ်ကို အာဆီယံ အဖွဲ့အနေဖြင့် ခွင့်ပြုသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က အမေရိကန် - အာဆီယံ ဆက်ဆံမှု ခိုင်မာနေသည့် အချိန်မျိုးတွင် ထုတ်ဖော် ပြောကြား လိုက်ပါသည်။

          နိုင်ငံတကာ အသိုင်းအဝန်း၏ ကဏ္ဍသည် လျှင်မြန်စွာ ပြောင်းလဲနေသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမှာ အကျပ်ရိုက်သည့် အဆင့်သို့ ရောက်ရှိနေသည်ဟု ၎င်းက ဆိုပါသည်။

          မြန်မာအစိုးရက ကတိပြုထားသော ရွေးကောက်ပွဲများကို လာမည့်နှစ် မေလတွင် ကျင်းပဖွယ် ရှိပြီး နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ ၎င်းတို့နှင့်အတူ NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုရေး ကိစ္စများကို ပွက်ပွက်ညံ တောင်းဆိုနေပါသည်။

          စင်ကာပူတွင် လတ်တလော ကျင်းပခဲ့သော ပထမအကြိမ် အမေရိကန် - အာဆီယံ ထိပ်သီး ညီလာခံတွင် သမ္မတအိုဘားမားနှင့် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံခဲ့ပါသည်။ အာဆီယံ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် ဒီမိုကရေစီ လမ်းကြောင်းကို အလျှင်အမြန် အကောင်အထည် ဖော်ရန် တိုက်တွန်း ဖိအားပေးမည်ဟု အမေရိကန်အား အတိအကျ ပြောကြားခဲ့ခြင်း မရှိပါ။

          အားလုံး ပါဝင်နိုင်၍ ဖောက်ထွင်း မြင်သာသော ဒီမိုကရေစီ ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပခြင်းဖြင့် ၎င်းတို့ ကတိပြုထားသော လမ်းပြမြေပုံအတိုင်း ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ရန်သာ မိမိတို့ တိုက်တွန်းသွားမည်ဟု Natalegawa က လက်ရှိ မနီလာခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

          စစ်ဖက်က အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားစေရန် ကြိုးပမ်းမှုတွင် အမေရိကန် အဓိက ပါဝင်သည့် နိုင်ငံတကာ အသိုင်းအဝန်း၏ ကဏ္ဍကို အာဆီယံက ကြိုဆိုပါကြောင်း သို့ရာတွင် အဆိုပါနိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားရေးတွင် ဒေသတွင်း အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ ကိုယ်တိုင်ကသာ ဦးဆောင်ကဏ္ဍမှ ပါဝင်သင့်သည်ဟု ၎င်းက အလေးအနက် ပြောကြားပါသည်။

          အာဆီယံအဖွဲ့အနေဖြင့် အပြုသဘော ဆက်ဆံရေးနှင့် မြန်မာနိုင်ငံကဲ့သို့သော အဖွဲ့ဝင်များ၏ ကိစ္စတွင် ကြားဝင် စွက်ဖက်ခြင်း မပြုရေး မူဝါဒများကို ဆက်လက် ကိုင်စွဲသွားမည် ဖြစ်သော်လည်း နာဂစ်စ် သားကောင်များကို ကူညီရေးကိစ္စ ကဲ့သို့သော အရေးပေါ် အနေအထားတွင်မူ တင်းကြပ်စွာ ဖိအားပေး ဆောင်ရွက်မည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          နာဂစ်ကာလက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လက်ခံရန် မြန်မာအစိုးရက ငြင်းဆန်မှုကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက ပြင်းထန်စွာ ရှုံ့ချနေချိန်တွင် ပြင်ပ အကူအညီများကို လက်ခံရန် အာဆီယံကသာ တိုက်တွန်း စည်းရုံးနိုင်ခဲ့သည်ဟု ၎င်းက ဆိုပါသည်။

          ရွေးကောက်ပွဲများကို ဒီမိုကရေစီနည်းကျ ကျင်းပရန် တောင်းဆိုရာတွင် မြန်မာအစိုးရကို ပွင့်ပွင့်လင်းလင်း အပြင်အထန် တိုက်တွန်း အားပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး Natalegawa က ပြောကြားလိုက်ပါသည်။

          ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ပြဿနာအတွက် ဖြေရှင်းချက် အသစ်တစ်ရပ်အဖြစ် မျှော်လင့်ထားသည်ဟု ၎င်းက ဆိုပြန်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အပေါ် ချုပ်ချယ်ထားမှုများ ဖယ်ရှားရေးနှင့် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရေးစသော မျှော်လင့်ချက်များတွင် အင်ဒိုနီးရှားကလည်း အများနည်းတူ ဆန္ဒရှိပါ သည်ဟု Natalegawa က ပြောကြားလိုက်ပါသည်။

          အာဆီယံအဖွဲ့သည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများဖြင့် ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

mizzima news, 30 Nov 2009

          တပ်မတော်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ လက်ရုံး ရုပ်သေးရုပ် အရပ်ဖက် အဖွဲ့အစည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ကျောသပ်ပေးသည့် အနေဖြင့် သောကြာနေ့က မိန့်ခွန်း ပြောကြားခဲ့ရာတွင် "လွန်ခဲ့သော ၁၆ နှစ်လုံး တာဝန် ကျေပြွန်ခဲ့ကြကြောင်းနှင့် အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်စလုံး ပြီးမြောက် အောင်မြင်သည်အထိ စိတ်ဓာတ် ခွန်အားများဖြင့် ဆက်လက် ထမ်းဆောင်ကြရန် တိုက်တွန်းလိုက်ပါသည်။

          ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) နှစ်ပတ်လည် အစည်းအဝေးသည် ဗိုလ်ချုပ်မှူးကြီး ပြောကြားခဲ့သည့် မိန့်ခွန်း၌ USDA ကို အားရ ကျေနပ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ အမျိုးသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်း စောင့်ရှောက်ကြရန် တိုက်တွန်း မှာကြားခဲ့သည်ဟု စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက ၎င်းတို့သာလျှင် နိုင်ငံကို ကယ်တင်သူများ ဖြစ်ပြီး အခြားအဖွဲ့အစည်းများက နိုင်ငံပြိုကွဲအောင် လုပ်ဆောင်နေကြသည်ဟု အခိုင်အမာ ပြောကြား စောဒက တက်လျက် ရှိကာ လွန်ခဲ့သော အနှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့ခြင်းသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို ဖော်ဆောင်ရန် ဖြစ်သည်ဟု အကြောင်းပြပါသည်။

          USOA ၏ ထောက်ခံ ပံ့ပိုးသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းပြမြေပုံ ၇ ဆင့်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကြံခိုင်ဖွံ့ဖြိုးရေးအသင်း USOA က ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူများကို ထိခိုက်စေမည့် အရာမှန်သမျှကို တားဆီးသွားရမည်ဟု နှိုးဆော်ခဲ့ပါသည်။

          နိုင်ငံရေးပါတီများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီ လမ်းညွှန်မြေပုံအရ ကျင်းပပေးသွားမည် ဖြစ်ကြောင်း အစိုးရခေါင်းဆောင်က ထပ်မံ အတည်ပြုခဲ့ပါသည်။

          တရားဝင် အတည်ပြုထားသော အခြေခံဥပဒေအရ လွတ်လပ် မျှတသော ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမည် ဖြစ်ရာ အယူအဆ ကွဲပြား ခြားနားသည့် နိုင်ငံရေးပါတီများ အားလုံး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

          ဝေဖန် ဆန်းစစ်သူများက အခြေခံဥပဒေသစ်ကို အတည်ပြုရန် ၂၀၀၈ မေလက ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၏ မရိုးသားမှုကို ထောက်ပြကာ အစိုးရ ကြေညာသော လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ သံသယရှိသည်ဟု သုံးသပ်ခဲ့ကြပါသည်။

          NLD ပါတီ အပါအဝင် အတိုက်အခံ အဖွဲ့အစည်းများက လာမည့်နှစ် ရွေးကောက်ပွဲအတွက် အခြေခံအဖြစ် အသုံးပြုမည့် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ရန် တောင်းဆိုထားပါသည်။

          ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်းသည် တပ်မတော်အစိုးရက ကျောထောက် နောက်ခံပြုသော နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလိမ့်မည်ဟု မြန်မာ့နိုင်ငံရေး စောင့်ကြည်သူများနှင့် လေ့လာသူများက ကြိုတင် မှန်းဆနေကြပါသည်။ နေပြည်တော်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကမူ နိုင်ငံရေးပါတီ အသွင်ပြောင်းလဲရန် အထက်မှ တစ်စုံတစ်ရာ အမိန့်မရရှိသေးဟု ပြောဆိုပါသည်။

          ၁၉၉၃ က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသည် ၂၀၀၇ စက်တင်ဘာ ရဟန်းတော်များ ဆန္ဒပြပွဲတွင် ဆန္ဒပြသူများကို နှိမ်နင်းခြင်း အပါအဝင် အစိုးရ၏ အမိန့်ကို အကောင်အထည်ဖော် ဆောင်ရွက်သူများအဖြစ် လူသိများသော အဖွဲ့အစည်း ဖြစ်သည်။

          မြန်မာနိုင်ငံ လူဦးရေသန်း ၅၀ ၏ ထက်ဝက်နီးပါးဖြစ်သော သန်းပေါင်း ၂၀ ခန့်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ ဖြစ်သည်ဟု မြန်မာအစိုးရက အခိုင်အမာ ပြောဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

သီရိလင်္ကာ၊ အီရန်၊ မြန်မာ စသည့် နိုင်ငံအစိုးရများနှင့် အလွမ်းမသင့်သော သတင်းထောက်များသည် မကြာခဏဆိုသလို ဖမ်းဆီးခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်း ခံရလေ့ ရှိသည်။ ယခုအခါ စင်ကာပူအစိုးရသည်လည်း သတင်းသမားများအပေါ် ခပ်ကြမ်းကြမ်း ကိုင်တွယ်မည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။

စင်ကာပူ အခြေစိုက် ဗြိတိသျှလူမျိုး သတင်းစာဆရာတစ်ဦးကို စင်ကာပူအစိုးရက ဗီဇာသက်တမ်း ထပ်မံ တိုးမြှင့်ပေးခြင်း မရှိတော့ကြောင်း သိရသည်။ အရှေ့တောင်အာရှ၏ မြို့တော် နိုင်ငံငယ်ကလေးတစ်ခု ဖြစ်သော စင်ကာပူက နိုင်ငံတွင်း သတင်း လွတ်လပ်ခွင့်များ ပေးရန် အတော်အတန်ပင် တင်းတင်းကျပ်ကျပ် ပြုလုပ်လာသည်။ စင်ကာပူတွင် တစ်နှစ်တာမျှ ဗြိတိန်နိုင်ငံမှ The Guardian သတင်းစာ၏ Correspondent အဖြစ် လုပ်ကိုင်ခဲ့သူအား အစိုးရက နောက်ထပ် ဗီဇာသက်တမ်း တိုးမပေးတော့ပေ။

ဗြိတိသျှကော်မရှင် (British High Commission) က ဗီဇာသက်တမ်း ပြန်လည် တိုးပေးရေးနှင့် သက်တမ်းတိုးရန် ငြင်းပယ်ရသည့် အကြောင်းအရင်းကို ထုတ်ဖော်ရန် တောင်းဆိုသော်လည်း စင်ကာပူအစိုးရက ငြင်းပယ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် သတင်းစာဆရာများ ကာကွယ်ပေးရေးကော်မတီ (CPJ) က ယခု ဖြစ်ရပ်သည် စင်ကာပူအစိုးရက သတင်းစာ လွတ်လပ်ခွင့်နှင့် အရေးကြီးသော သတင်းပေးပို့မှုများ ပြုလုပ်ခြင်းကို လုံးဝ လိုလားခြင်း မရှိသည်ကို ထုတ်ဖော် ပြသလိုက်သကဲ့သို့ ရှိသည်ဟု ပြောကြားသည်။ စင်ကာပူနိုင်ငံတွင်း အခြေအနေများ၊ အစိုးရကိစ္စများကို နိုင်ငံခြား သတင်းထောက်များ ရေးသားဖော်ပြနေမှုအား လက်သင့် မခံနိုင်သောကြောင့် ယခုလို ပြုလုပ်ခြင်း ဖြစ်သည်ဟု CPJ က ဆိုသည်။

ဗီဇာသက်တမ်း တိုးရန် ငြင်းပယ်ခြင်း ခံခဲ့ရသူသည် စင်ကာပူနိုင်ငံတွင်း ရာဇဝတ်မှုများ တိုးပွားလာခြင်း၊ သက်ကြီးရွယ်အိုများ များပြားလာခြင်း၊ စင်ကာပူနှင့် မြန်မာစစ်အစိုးရတို့ စီပွားရေး ချိတ်ဆက် လုပ်ကိုင်နေခြင်းတို့အား ထုတ်ဖော် ရေးသားခဲ့သည်။ ၎င်းသည် စင်ကာပူ၏ ခေါင်းကိုင်ဖခင်ကြီး ဖြစ်သော လီကွမ်ယူအပါအဝင် လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်း (လီကွမ်ယူ၏သား) တို့အား တိုက်ခိုက် ဝေဖန်သည့် အရေးအသားမျိုး ပြုလုပ်ခဲ့ခြင်း မရှိပေ။

ယခုနှစ်များအတွင်း နိုင်ငံတကာ သတင်းမီဒီယာနှင့် စာစောင်ကြီးများ ဖြစ်ကြသော The Economist၊ International Herald Tribune၊ Wall Street Journal နှင့် Far Eastern Economic Review တို့မှာ စင်ကာပူအုပ်ချုပ်ရေးတွင် အဓိက ဦးဆောင်နေသော လူတန်းစားများ ဖြစ်ကြသော လီကွမ်ယူမိသားစုကို ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားခဲ့သောကြောင့် လျော်ကြေးငွေပေါင်း မြောက်မြားစွာ ပေးရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

 

နိုင်ငံတကာ သတင်း မီဒီယာကြီးများက စင်ကာပူအစိုးရနှင့် တရားရင်ဆိုင်မည့် ကိစ္စကို အရေးမစိုက်ကြသော်လည်း စင်ကာပူနိုင်ငံသား ဂျာနယ်လစ်များမှာမူ အစိုးရ၏ ခြိမ်းခြောက်မှုများကို ခါးစည်းခံနေကြရသည်။ စင်ကာပူတွင် ထုတ်ဝေသော သတင်းစာကြီးများ၊ ရုပ်သံမီဒီယာများအားလုံး၌ အစိုးရက အစုရှယ်ယာ အများဆုံး ထည့်ဝင်ထားသည်။ စင်ကာပူ မီဒီယာများမှာ အစိုးရနှင့် ပြဿနာ မဖြစ်စေရန် ကိုယ့်ဘာသာကိုယ် စိစစ် တည်းဖြတ်ကြရသည့် အလေ့အထနှင့် ယဉ်ပါးနေပြီ ဖြစ်သည်။ အာရှဒေသတွင် သြဇာကြီးသော နိုင်ငံတကာ သတင်းစာကြီးတစ်စောင်မှ စီနီယာ အယ်ဒီတာတစ်ဦးက ၎င်းအနေဖြင့် စင်ကာပူအစိုးရကို ထိခိုက်စေမည့် သတင်းမှန်သမျှကို ဂရုတစိုက် တည်းဖြတ်ရကြောင်း ပြောပြသည်။

 

စင်ကာပူ အခြေစိုက် ဝါရင့် နိုင်ငံတကာ သတင်းထောက်တစ်ဦးက မီဒီယာများ အနေဖြင့် စင်ကာပူအစိုးရနှင့် ထိပ်တိုက်တွေ့မည့် အရေးအသားမျိုး မဟုတ်ပါက ရေးသားနိုင်ကြောင်း၊ ဥပမာ အစိုးရခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေးကို မရေးသားဘဲ အစိုးရ ပေါ်လစီကို ဝေဖန် ရေးသားပါက ပြဿနာ မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

The Guardian သတင်းစာ၏ Ejected from Singapore ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 29 Nov 2009

          တရုတ်ပြည်မကြီးက မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော ထိုင်ဝမ် တံငါသည် ၄ ဦး၏ အမည်စာရင်းကို Taiwan Strait Exchange Foundation (SEF) သို့ ကြာသပတေးနေ့က လွှဲပြောင်း ပေးခဲ့သည်ဟု ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

          Taiwan Affairs Office of the State Council မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားရာတွင် တနင်္လာနေ့က ဖမ်းဆီးမှုနှင့် ပတ်သက်သော အစီရင်ခံစာကို ကြားသိပြီးနောက် တရုတ်ပြည်မကြီးက မြန်မာအာဏာပိုင်များကို ချက်ခြင်း ဆက်သွယ်ခဲ့သည်ဟု ဆိုပါသည်။

          ယခု ကိစ္စကို သင့်လျှော် မှန်ကန်စွာ ကိုင်တွယ်ရန်နှင့် တံငါလုပ်သားများ၏ ဥပဒေဆိုင်ရာ ရပိုင်ခွင့်နှင့် လုံခြုံမှုကို ထိန်းသိမ်းရန် ပြည်မကြီးက မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့သည် ဟုလည်း သိရှိရပါသည်။

          ဖမ်းဆီးခံ တံငါလုပ်သားများ၏ စာရင်းကို မြန်မာနိုင်ငံက တရုတ်ပြည်မကြီးသို့ ကြာသပတေးနေ့က ပေးပို့ခဲ့ပြီး သက်ဆိုင်ရာ တရုတ်အစိုးရဌာနက ပြည်မအခြေစိုက် Association for Relations across the Taiwan Strait (ARATS) မှတစ်ဆင့် Tawan SEF သို့ လွှဲပြောင်း ပေးခဲ့ပါသည်။

          ယခုကိစ္စကို ဆောလျှင်စွာ ဖြေရှင်းနိုင်ရေးအတွက် ပိုမို ကြိုးစားသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.chinaview.cn,30-11-2009

        ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် WTO ၏ ဖွံ့ဖြိုးဆဲအဖွဲ့ဝင် နိုင်ငံများက ဒိုဟာ ညှိနှိုင်း အစည်းအဝေး (Doha Round) မှ မပြီးပြတ်သေးသော ကိစ္စရပ်များကို ဖြေရှင်းရန် အမြန်ဆုံး ဆောင်ရွက်ရေးအတွက် တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပါသည်။ သို့မှသာ ၂၀၁၀ ခုနှစ် အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ရန် ရည်မှန်းထားချက် အထမြောက် အောင်မြင်နိုင်မည်ဟု ဆိုပါသည်။

          ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများ အုပ်စုတစ်ခုဖြစ်သည့် (G-20) က တနင်္လာနေ့တွင် ကျင်းပမည့် (၇) ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေး မတိုင်မီ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နိုင်ငံရေးနှင့် သက်ဆိုင်သော အစီရင်ခံစာများသည် ဆွေးနွေး ညှိနှိုင်းမှုအဖြစ် အကောင်အထည် ပေါ်လာရန် အရေးတကြီး လိုအပ်နေသည်ဟု ဖေါ်ပြထားပါသည်။

          လိုလားချက် သဘောထားများ ပေါင်းစည်းနိုင်ရေးအတွက် မပြီးပြတ်သေးသော ကိစ္စများအပေါ် သဘောကွဲလွဲမှုများကို ဆွဲစေ့ပေးနိုင်မည့် လုပ်ငန်းနည်းလမ်းတစ်ခု လိုအပ်နေသည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

          အိန္ဒိယ၊ ဘရာဇီး၊ တရုတ် စသော အဓိက ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်သည့် (G-20) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာကို ဒိုဟာ ကုန်သွယ်ရေး ညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သည့် ဖွဲ့ဖြိုးဆဲနိုင်ငံ (၁၀၀) ကျော်ကလည်း ထောက်ခံခဲ့ပါသည်။

          အဆိုပါကိစ္စများကို အမြန်ဆုံး အဆုံးသတ်ချင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သူမှာ (G-20) ဝန်ကြီးများ အစည်းအဝေး၏ ညှိနှိုင်းရေး တာဝန်ခံ ဘရာဇီး နိုင်ငံခြားရေးဝန်ကြီး Celso Amorin ဖြစ်ပါသည်။

          ဒိုဟာ ညှိနှိုင်း အစည်းအဝေး၏ အောင်မြင်မှု အဓိပ္ပာယ်မှာ ချစ်ခင် ရင်းနှီးစွာ အကောင်အထည်ဖေါ် ဆောင်ရွက်ရေး ဖြစ်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း Amorin က သတင်းစာ ရှင်းလင်းပွဲတွင် အလေးထား ပြောကြားခဲ့ပါသည်။

          ဖွံ့ဖြိုးရေးသို့ ဦးတည်မှု၏ အရေးကြီးပုံနှင့် တန်ဖိုးများ၊ စည်းမျဉ်း အခြေခံ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေး စနစ်များကို အလေးပေးသင့်ကြောင်း ကမ္ဘာစီးပွားရေး အကျပ်အတည်းက မီးမောင်း ထိုးပြနေသည်ဟု အစီရင်ခံစာက ဆိုပါသည်။

          ဒိုဟာ အစည်းအဝေး၏ မပြီးပြတ်မှုကို အပြီးသတ်ခြင်းဖြင့် နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစနစ်၏ ယုံကြည်စိတ်ချရမှုကို ခိုင်မြဲစေခြင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို တားဆီးခြင်း၊ ကွဲလွဲမှုများကို စေ့စပ်နေသည့် အချိန်တွင် ကမ္ဘာစီးပွားရေးကို အားဖြည့်တင်းခြင်း စသော ကိစ္စများတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

          ၂၀၀၁ ခုနှစ်က စတင်ခဲ့သော ဒိုဟာ ညှိနှိုင်း ဆွေးနွေးမှုများ၏ မူလ ရည်ရွယ်ချက်မှာ ကုန်သွယ်ရေး ဖွင့်လှစ်မှုဖြင့် ဆင်းရဲနွမ်းပါးသော နိုင်ငံများ ဖွံ့ဖြိုးလာအောင် ကူညီရန် ဖြစ်ပါသည်။ သို့ရာတွင် (၈) နှစ်ကျော် ကြာလာသည့်တိုင်အောင် အပြီးမသတ်နိုင်သေးဘဲ ခက်ခဲ ရှုပ်ထွေးသော ညှိနှိုင်းမှုများ ကျန်ရှိနေဆဲ ဖြစ်ပါသည်။ WTO အဖွဲ့ဝင်များသည် အဓိက ကိစ္စများဖြစ်သည့် လယ်ယာ ထွက်ကုန်ဆိုင်ရာ အခွန်အကောက်နှင့် ထောက်ပံ့ကြေးများ၊ စက်မှုထွက်ကုန်ဆိုင်ရာ ဈေးကွက် အခွင့်အလမ်းများတွင် ဟာကွက်များကို ပိတ်နိုင်ခြင်း မရှိသေးပါ။

          လုပ်ငန်း ပြီးဆုံးရက်ကို အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့ပြီး ယခုနောက်ဆုံး ၂၀၁၀ ခုနှစ် ညှိနှိုင်း အစည်းအဝေးတွင် လုပ်ငန်းများ အပြီးသတ်ရန် WTO အဖွဲ့ဝင်များက သတ်မှတ်ခဲ့ပါသည်။

          သို့ရာတွင် အမေရိကန် အစိုးရက လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးမှုများထက် ၎င်း၏ ပြည်တွင်းကိစ္စများ (ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်) ကို ပိုမို စိတ်ဝင်စားနေသောကြောင့် WTO ၏ လုပ်ငန်း  အပြီးသတ် အစည်းအဝေး ဖြစ်နိုင်ချေနှင့် ပတ်သက်၍ သံသယများ တိုးပွားလျက် ရှိပါသည်။

          ထို့ကြောင့် တနင်္ဂနွေနေ့က ထုတ်ပြန်သော (G-20) အစီရင်ခံစာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများက WTO ၏ ရည်ရွယ်ချက်ကို အလေးထားနေသည့် အချိန်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများကလည်း အသိအမှတ်ပြု တုန့်ပြန်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

          တနင်္လာနေ့တွင် ကျင်းပမည့် (၇) ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေးသည် ဒိုဟာ ညှိနှိုင်းရေး အစီအစဉ်နှင့် မသက်ဆိုင်ပါ။

          သို့ရာတွင် ကုန်သွယ်ရေး ဝန်ကြီးများသည် ဒိုဟာ ညှိနှိုင်းရေး အစီအစဉ်၏ လက်ရှိ အနေအထားနှင့် လာမည့်လ အနည်းငယ်တွင် မည်သို့မည်ပုံ စေ့စပ် ညှိနှိုင်းကြမည် ဆိုသည့်ကိစ္စကို ဆွေးနွေး သုံးသပ်ကြလိမ့်မည်ဟု WTO တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Calvin Woodward, From AP 29 Nov 2009

          အိုစမာ ဘင်လာဒင် (Osama Bin Laden) သည် Tora Bora တောင်များ ကြားတွင် အမေရိကန်တပ်ဖွဲ့များ၏ လက်တစ်ကမ်း အကွာတွင်သာ ရှိနေခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ဆီးနိတ် အစီရင်ခံစာက ပြောပါသည်။ သို့သော် အမေရိကန် စစ်တပ်ခေါင်းဆောင်များသည် ၎င်းအား အင်အားကြီးမားစွာ သုံးပြီး ရှင်းလင်းခြင်း မပြုရန် အရေးကြီး၍ တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။

          ၂၀၀၁ ခုနှစ် ဒီဇင်ဘာလက Bin Laden ကို အလွယ်တကူ ဖမ်းဆီး၍ သော်လည်းကောင်း သတ်ပစ်၍ သော်လည်းကောင်း အခွင့်အရေးရခဲ့စဉ်က မပြုလုပ်နိုင်ခဲ့သည့် အကျိုးဆက်သည် ယနေ့ များစွာ ပေးဆပ်နေပြီ ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက စွပ်စွဲလိုက်ပါသည်။ Bin Laden ၏ လွတ်မြောက်မှုသည် ယနေ့ အာဖဂန် နစ္စတန် ၏ သူပုန်ထမှုအား ပြန်လည် သန်စွမ်းအောင် လုပ်ပေးသလို ဖြစ်သည့်အပြင်၊ ပါကစ္စတန် ပြည်တွင်းရေး ပြဿနာများကို ပိုမို တောက်လောင်စေရန် လုပ်ပေးခဲ့ ကြောင်း ဆီးနိတ် အစီရင်ခံစာက ဆိုပါသည်။

          ဒီမိုကရက် အများစုပါဝင်သော ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ John Kerry ၏ တောင်းဆိုချက်အရ အဆိုပါ အစီရင်ခံစာကို ရေးသားခဲ့ခြင်း ဖြစ်ပြီး သမ္မတ Obama ကလည်း အဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားရန် ပြင်ဆင်လျက် ရှိပါသည်။

          ၂၀၁၀ ခုနှစ်စက်တင်ဘာ ၁၁ ရက်အကြမ်းဖက် တိုက်ခိုက်မှုအပြီး သုံးလအကြာတွင် အယ်လ်ကေဒါ ခေါင်းဆောင်နှင့် သူ၏ ထိပ်တန်း လက်ထောက်များသည် အာဖဂန်နစ္စတန် အရှေ့ဖက် တောင်များကြားတွင် ပိတ်မိနေစဉ်က အခွင့်အရေး လက်လွတ်သွားခဲ့ရမှုအပေါ် Bush အစိုးရအား Kerry က ပြစ်တင် ဝေဖန်လိုက်ပါသည်။

          ရှစ်နှစ်သာ သက်တမ်းရှိသေးသော စစ်ဆင်ရေးအတွက်  သုံးသပ်ရန် အကန့်အသတ်များ ရှိသော်လည်း၊ ယခု အစီရင်ခံစာသည် အာဖဂန်နစ္စတန်တွင် တပ်ဖွဲ့များ ပိုမို တိုးချဲ့ရန် ငြင်းဆန်နေသူများအား သတိပေးလိုက်သကဲ့သို့ ဖြစ်ပါသည်။

          ပိုမို၍ တိတိကျကျ ပြောရလျှင် စစ်တပ်ခေါင်းဆောင်များအပေါ် ယနေ့စစ်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ပြစ်တင်မှုများကို ပြန်လည် ချေပလိုက်သည့် အစီရင်ခံစာ ဖြစ်ပါသည်။ စစ်တပ်ခေါင်းဆောင် များမှာ Bush အစိုးရ လက်ထက်က ကာကွယ်ရေးဝန်ကြီး Rumsfeld နှင့် ၎င်း၏ စစ်ဦးစီးချုပ် Tommy Franks တို့ ဖြစ်ကြပါသည်။

          လွန်ခဲ့သော ရှစ်နှစ်က အယ်ကေဒါခေါင်းဆောင်ကို ဖယ်ရှားနိုင်ခဲ့မည် ဆိုလျှင်တောင် ကမ္ဘာအနှံ အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို အပြီးတိုင် ရှင်းလင်းနိုင်မည် မဟုတ်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဤသို့ Bil Laden ကို ပါကစ္စတန်သို့ လွတ်မြောက်သွားအောင် လမ်းဖွင့်ပေးလိုက်ခြင်းသည် အားကောင်းသော ဇာတ်ကောင်တစ်ခု ပေါ်လာပြီး အကြမ်းဖက်ရာတွင် သုံးရန် ငွေများ ပိုမို စီးဝင်လာစေပြီး၊ တစ်ကမ္ဘာလုံးရှိ ဘာသာရေးနှင့် နိုင်ငံရေး အစွန်းရောက်များကို အားပေးအားမြှောက် ပြုလိုက်သလို ရှိကြောင်း ဆိုပါသည်။ အဆိုပါ အခွင့်ကောင်းကို လက်လွှတ်ခဲ့ရမှုသည် အာဖဂန်နစ္စတန်၏ ပဋိပက္ခများ နှင့် နိုင်ငံတကာ အကြမ်းဖက်ဝါဒများ၏ အနာဂတ်ကို ပြောင်းလဲပေးလိုက်သလို ဖြစ်ပါသည်။

          အစီရင်ခံစာတွင် အသေအချာ ပြောထားသော ကိစ္စတစ်ရပ်မှာ အမေရိကန်တို့သည် အနည်းဆုံး ထောင်ဂဏန်းရှိ တပ်ဖွဲ့များနှင့် လျင်မြန်သော ချေမှုန်းမှုများ ပြုလုပ်ရန် စီစဉ်ခဲ့စဉ်က Bin laden သည် Tora Bora တွင် ပုန်းအောင်းနေခဲ့သည်ဟု ဆိုထားခြင်း ဖြစ်ပါသည်။ လက်ရှိနေသော စာများ၊ အတန်းအစား ခွဲမထားသော အစိုးရ မှတ်တမ်းများနှင့် အဓိက ပါဝင်သူများနှင့် အင်တာဗျူးများကို ကြည့်ခြင်းအားဖြင့် သံသယများကို ဖယ်ရှားနိုင်ပြီး ရှင်းရှင်းလင်းလင်း သိရှိရသည်မှာ Osama Bin Laden သည် မိမိတို့နှင့် လက်တစ်ကမ်း Tora Bora တွင် ရှိနေခဲ့ဖူးကြောင်းပင် ဖြစ်ပါသည်။

          ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်ခန့်က Bin Laden သည် သူ၏ ကိုယ်ရံတော်များဖြင့် Tora Bora မှ မည်သည့် တိုက်ခိုက်မှုမျှ မခံရဘဲ လမ်းလျှောက်ထွက်လာပြီး ပါကစ္စတန်၏ အစိုးရဥပဒေ မစိုးမိုးသော လူမျိုးစုများ နေထိုင်ရာ ဧရိယာအတွင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပါသည်။ အစီရင်ခံစာအရ ယနေ့တိုင် ဤဒေသတွင် အခြေချလျက် ရှိသည်ဟု ယူဆရကြောင်း သိရှိရပါသည်။

          အင်အားသုံးပြီး တိုက်ခိုက်ရမည့်အစား၊ အင်အားတစ်ရာပင် မရှိသော အမေရိကန် ကွန်မန်ဒိုများသည် အာဖဂန် စစ်သွေးကြွများနှင့် ပေါင်းပြီး၊ လေကြောင်း တိုက်ခိုက်မှုအကူအညီဖြင့် ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။ အင်အား ကြီးမားသော အမေရိကန် စစ်တပ်ကြီးကို ဘေးဖယ်ထားခဲ့ကြသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          ထိုအချိန်က Rumsfeld က ၎င်း၏ စိုးရိမ်မှုကို ဖော်ပြရာတွင် အမေရိကန် တပ်ဖွဲ့အမြောက်အများ ပို့လိုက်ပါက အများ၏ အကြီးအကျယ် ဝေဖန်မှုကို ခံရနိုင်ပြီး၊ Bin Laden ၏ နေရာမှာလည်း အတိအကျ ပြောနိုင်ခဲ့သည် မဟုတ်ကြောင်း ၎င်းက ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Associated Press, 28 - Nov - 2009

        တာလီဘန် ဆန့်ကျင်ရေး လှုပ်ရှားသူ လူမျိုးစု ခေါင်းဆောင် Shahfar Khan သည် သောကြာနေ့က လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ပါသည်။ ယခု ဗုံးပေါက်ကွဲမှုသည် ပါကစ္စတန် အနောက်မြောက်ပိုင်း အာဖဂန် နစ္စတန်နှင့် နယ်စပ်အနီးတွင် အစိုးရ လိုလားသူ စစ်သွေးကြွများအား နောက်ဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ပါသည်။

          အာဏာပိုင်များသည် တာလီဘန် ဆန့်ကျင်ရေး လူမျိုးစု အကြီးအကဲတစ်ဦး ဖြစ်သူ Ameer Saiyed ၏ ခန္ဓာကိုယ်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ ၎င်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ၎င်း၏ အိမ်မှ ဖမ်းဆီးခြင်း ခံရသူ ဖြစ်ပါသည်။

          ပါကစ္စတန် စစ်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ တာလီဘန်များကို South Waziristan နယ်တွင် တိုက်ခိုက်လျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Lankaweb.com, 28 - Nov - 2009

        အာရှနိုင်ငံများမှ ဒီမိုကရေစီ လိုလားသူ ပါလီမန် အမတ်များ အဖွဲ့က မြန်မာနိုင်ငံတွင် လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်နိုင်ရေးအတွက် မှန်ကန် မျှတသော နိုင်ငံတကာ အကဲဖြတ်သမားများဖြင့် သေချာစွာ စောင့်ကြည့်ရမည်ဟု အလေးအနက် တိုက်တွန်းခဲ့ပြီး လှည့်ဖျားထားသော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရဆိုလျှင် တရားမျှတမည် မဟုတ်ဟု ပြောကြားခဲ့ပါသည်။

          အိန္ဒိယ၊ နီပေါ၊ စင်္ကာပူ၊ အင်္ဂလန်၊ မြန်မာနှင့် တိဗက်နိုင်ငံများမှ ပါလီမန် အမတ်များ ပါဝင်သော အဖွဲ့က မြန်မာအစိုးရ ကတိပေးထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လူမျိုးစု တပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းရန်၊ အတိုက်အခံ နိုင်ငံရေးသမားများကို အာဏာသုံး ဖမ်းဆီးခြင်းကို ရပ်ဆိုင်းရန် တခဲနက် တောင်းဆိုခဲ့ကြ ပါသည်။

          နိုဝင်ဘာ (၂၇) ရက်က နယူးဒေလီတွင် ကျင်းပသော Parliamentarian's Solidarity for Struggle of Democracy in Burma ၏ ညှိနှိုင်း အစည်းအဝေးတွင် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အခြေခံ စည်းကမ်းများ သတ်မှတ်ခြင်းနှင့် စီစဉ် ပြင်ဆင်ခြင်း လုပ်ငန်းများတွင် နိုင်ငံရေး လှုပ်ရှားသူ အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် လမ်းဖွင့်ပေးရန် တိုက်တွန်း ခဲ့ကြပါသည်။

          Indian Parliamentarian's Forum for Democracy in Burma က ကမကထ ပြုလုပ်သော အစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်၌ မြန်မာတပ်မတော် အစိုးရသည် တိုင်းရင်းသား လူမျိုးစုများနှင့် အငြင်းပွားမှုကို မီးမွှေးခြင်း၊ လူမျိုးစု လက်နက်ကိုင်များအား တိုက်ခိုက်ခြင်းဖြင့် တိုင်းရင်းသား လူ့အဖွဲ့အစည်းများကို ပြင်းထန်စွာ ထိုးစစ်ဆင်ရန် ဆောင်ရွက်နေခြင်း စသဖြင့် မြန်မာ လူ့အဖွဲ့အစည်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပြီး အရပ်ဖက် ပြည်သူများအပေါ်တွင် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။

          ၎င်းတို့က ဆက်လက်၍ မြန်မာအစိုးရက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများ ကျင်းပရန် ရည်ရွယ်နေခြင်းသည် ဒီမိုကရေစီစနစ်ကို အလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်ပြီး ဖိနှိပ် ချုပ်ချယ်သော အစိုးရသာလျှင် ပြန်လည် ထုတ်ဖေါ်လာလိမ့်မည်ဟု သတိပေးထား ပါသည်။

          သို့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှ ဥပဒေကျောင်းအရ အသိအမှတ်ပြုမှုကို ရရှိရန် စစ်အစိုးရက အားထုတ် ကြိုးစားလာသောကြောင့် မိမိတို့အတွက် အာဏာရှင် အစိုးရကို ဖိအားကြီးကြီးပေးရန် အခွင့်အလမ်း ပြတင်းပေါက် ပွင့်လာခဲ့သည်ဟုလည်း ဖြည့်စွက် ပြောကြားပါသည်။

          ထို့အပြင် အာရှ ပါလီမန် အမတ်များက နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံရာတွင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု တားမြစ်သည့် ဥပဒေကို မြန်မာနိုင်ငံအပေါ် ချမှတ်ရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ ဒီမိုကရေစီ ထွန်းကားရေး ပထမ ခြေလှမ်းအဖြစ် သူမနှင့် တွေ့ဆုံ ဆွေးနွေးစေရန်အတွက် မြန်မာအစိုးရအပေါ် ဖြစ်နိုင်သမျှ ဖိအားပေါင်းစုံ အသုံးပြုရန် တိုက်တွန်းထားပါသည်။

          ထောင်ပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားများမှ မြန်မာ အကျဉ်းထောင်များအတွင်း ဒုက္ခခံစားနေရပြီး အများစုမှာ အသက်အန္တရာယ် ရှိနေသည်ဟုလည်း မှတ်ချက် ပေးထားပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် အကြီးဆုံး ဒီမိုကရေစီ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာ ဒီမိုကရေစီ အင်အားစုများကို ခိုင်မာ တောင့်တင်းစေရေးအတွက် ကျယ်ပြန့်သော မူဝါဒ ချမှတ်ထားသင့်သည် ဟုလည်း "နယူးဒေလီ" ကို တိုက်တွန်းထားပါသည်။

          အထက်ပါ မေတ္တာရပ်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သော ပါလီမန်အမတ်များမှာ Charles Chong (သဘာပတိ၊ Asean Parliamentary Myanmar Caucus, Singapore) ၊ Chandrika Yadav (Chief Whip of MPRE - နီပေါလွှတ်တော်) ၊ Baroness Barbara Cox (ဗြိတိသျှ ပါလီမန် အမတ်) ၊ ဒေါက်တာတင့်ဆွေ (အဝေးရောက် NLD အမတ်နှင့် ပြန်ကြားရေး ဝန်ကြီး) Rev. Achariya (ပြည်ပရောက် တိဗက် ပါလီမန် အမတ်) နှင့် အိန္ဒိယပါလီမန် အမတ်များဖြစ်သည့် D.Raja, Chandan Mitra, Brinda Karat, Sharad Joshi, Thomas Sangma တို့ ဖြစ်ကြပါသည်။

၎င်းတို့က မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် လမ်းခင်းပေးရန် မြန်မာအစိုးရကို တိုက်တွန်းရာတွင် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့ အတူ ပူးပေါင်းဆောင်ရွက်၊ ဆွေးနွေး နည်းလမ်း ရှာဖွေသွားရန် နယူးဒေလီ အစိုးရကို ထပ်မံ တိုက်တွန်းခဲ့ကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inter Press Service News Agency, 29 - Nov - 2009

        မြန်မာတပ်မတော် အပေါ်လွှာမှ အဆင့်မြင့် အရာရှိများ အားလုံး တက်ရောက်ခဲ့ကြသည့် လေးလပတ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် မြန်မာတပ်မတော် အစိုးရသည် ၎င်းတို့ ကတိပေးထားသည့် ၂၀၁၀ ရွေးကောက်ပွဲသို့ ရှေ့ရှု ဦးတည်သော သိသာထင်ရှားသည့် ပြောင်းလဲမှု လက္ခဏာများကို အနီးကပ် ကြည့်ရှု စစ်ဆေးခံရသည့် အချိန်သို့ ရောက်ရှိလာပါသည်။

          နေပြည်တော်တွင် ရက်သတ္တပတ် (၁) ပတ်ကြာ ကျင်းပခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံကို လွှမ်းမိုးထားသော တပ်မတော် ယန္တရားမှ အဆင့်မြင့် အရာရှိများ၏ အစီရင်ခံစာများကို အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ခံခဲ့ပြီး နောက်လေးလအတွက် မူဝါဒများ ချမှတ်ပေးခဲ့ပါသည်။

          ချင်းမိုင် ပါရမ် ယူနီဗာစီတီမှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဝင်းမင်း၏ အဆိုအရ ယခု လေးလပတ် အစည်းအဝေးသို့ တက်ရောက်သော အရာရှိများမှာ (၂၀၀) နီးပါးခန့် ရှိသည်ဟု သိရပါသည်။

          ဗိုလ်ချုပ်မှူးကြီးသည် အစိုးရအဖွဲ့ အစည်းအဝေးကို လေးလလျှင် တစ်ကြိမ်ခန့် ကျင်းပပြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဌာနချုပ် တိုင်းမှူးများ၊ တပ်မမှူးများနှင့် ဗိုလ်မှူးချုပ် အဆင့် အရာရှိများ တက်ရောက်ကြသည်ဟု ဆိုပါသည်။

          အရေးကြီး မူဝါဒ ဆုံးဖြတ်ချက်များကို ၎င်းအစည်းအဝေးတွင် ချမှတ်ပြီး စစ်ရာထူး အပြောင်းအရွှေ့များကိုလည်း ပုံမှန် ပြုလုပ်လေ့ ရှိပါသည်။

          သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးသည် ပြည်သူများ သို့လော သို့လော ဖြစ်စေရန် အရေးကြီးသော အပြောင်းအလဲများကို နောက်ဆုံး မိနစ်တွင် ကပ်၍ ပြုလုပ်လေ့ ရှိပါသည်။ ၎င်းသည် ပြည်သူများ အငိုက်မိသွားခြင်းကို နှစ်သက်တတ်ပြီး ၎င်း၏ စစ်ရေးဗျူဟာ တစ်ခု ဖြစ်ပုံရပါသည်။

          အစိုးရ၏ ထုတ်ပြန် ကြေညာချက်များအနက် မြန်မာနိုင်ငံရေးကို စိတ်ဝင်စားသော သံတမန်များ စောင့်မျှော်နေသည့် ကိစ္စမှာ တပ်မတော် အရာရှိကြီးများကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေး လောကသို့ ဝင်စေမည့် ဗိုလ်ချုပ်မှူးကြီး၏ အမိန့်ပင် ဖြစ်သည်။ ဝါရင့် တပ်မတော် အရာရှိကြီးများ ယူနီဖောင်း ချွတ်ရမည့်ကိစ္စသည် အရေးကြီး၍ အဆိုပါ စာရင်းတွင် ပါဝင်သူများကို မသိနိုင်သေးဘဲ လျှို့ဝှက်ထားဆဲ ဖြစ်သည်ဟု အမည်မဖေါ်လိုသူ အာရှ သံတမန်တစ်ဦးက ပြောဆိုပါသည်။

          များစွာ သေချာနေသော အချက်မှာ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန် ကြေညာရမည့် ကိစ္စဖြစ်သည်ဟု သံတမန်များက ဖြည့်စွက် ပြောကြားပါသည်။

          သို့ရာတွင် အစိုးရ ပြောနေကျ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို ဦးတည်သည့် လမ်းပြမြေပုံအရ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ရန် ရည်ရွယ်၍ မဲပေးပွဲများ ကျင်းပပေးမည့် ကတိကဝတ်သည် လောလောဆယ် ပါးစပ်ပြော အဆင့်တွင်ပင် ရှိနေပါသေးသည်။

          မြန်မာ့တပ်မတော် အပေါ်လွှာ၏ လေးလပတ် အစည်းအဝေးနှင့် အချိန်ကိုက်၍ ကျင်းပခဲ့သော သောကြာနေ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ညီလာခံ (နေပြည်တော်) တွင် ဗိုလ်ချုပ်မှူးကြီးက အဆိုပါ ကတိကို ထပ်မံ ပေးခဲ့ပါသည်။

          ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို လေးစားသောအားဖြင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များကို ပြောကြားခဲ့ကြောင်း တပ်မတော် အစိုးရပိုင် New Light of Myanmar သတင်းစာတွင် စနေနေ့က ဖေါ်ပြခဲ့ပါသည်။

          ထို့အပြင် ဗိုလ်ချုပ်မှူးကြီးက ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသော ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား နိုင်ငံတော် ပြိုကွဲမည့် ကိစ္စနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေမည့် ကိစ္စများကို မပြုလုပ်သင့်ပါဟု သတိပေးနေဆဲ ဖြစ်ပါသည်။

          ဗိုလ်ချုပ်မှူးကြီး ခေါင်းဆောင်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသည် တပ်မတော် အစိုးရ၏ အရပ်ဘက် လက်ရုံးတစ်ခု ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ယခု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အဓိက ကဏ္ဍမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော  ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး တပ်မတော် အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပါသည်။

          ၂၀၀၈ ခုနှစ်၊ မေလက လက်ညှိုးထိုးစရာ ချို့ယွင်းချက်များစွာဖြင့် ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၌ အတည်ပြုခဲ့သည့် အခြေခံဥပဒေတွင် တပ်မတော် အစိုးရ၏ ရွေးကောက်ပွဲ အလွန် အာဏာ ဆက်လက်ချုပ်ကိုင်ရေး အစီအစဉ်ကို အာမခံထားသည့် အချက်များ ပါဝင် နေပါသည်။ တပ်ဖွဲ့ဝင် အင်အား (၄၅၀,၀၀၀) ခန့် ရှိသော အင်အားကြီး စစ်တပ်သည် နိုင်ငံတော်အဆင့်မှ ကျေးလက်အဆင့်ထိ ပါဝင်သော ဥပဒေပြု လွှတ်တော်တွင် ကိုယ်စားလှယ် နေရာ (၂၅%) ရရှိရန် အာမခံထားသည့် အချက်ပင် ဖြစ်ပါသည်။

          အနောက်နိုင်ငံ အစိုးရများသည် အထက်ပါ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်သော သွင်ပြင်လက္ခဏာများကို သိရှိနေသော်လည်း မြန်မာအစိုးရနှင့် တိုက်ရိုက် ဆွေးနွေး ဆက်ဆံရန် တံခါးဖွင့်လှစ် ခဲ့ကြပါသည်။ သို့ရာတွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သော မူဝါဒအရ ချမှတ်ထားသော ပြင်းထန်သည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် ယခုတိုင် အပြောင်းအလဲများ မရှိသေးပါဟု ဆိုရပါမည်။

          ဥရောပ သမဂ္ဂ အထူး ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့သော အီတလီ နိုင်ငံရေး ပညာရှင် ပီယာရိုဖာစီနိုက အရှေ့တောင်အာရှ ခရီးစဉ်အပြီးတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ တိုးမရ ဆုတ်မရ ရပ်ဆိုင်းနေသော နိုင်ငံရေး ကစားပွဲတွင် အရေးကြီးသော တိုးတက်မှုများ ရရှိရန် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာသည်ဟု ဖေါ်ပြထားပါသည်။ ၎င်းက အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုကို တိုက်တွန်း အားပေးခဲ့ပါသည်။

          ဖာစီနို၏ သုံးသပ်ချက်က အိုဘားမား အစိုးရ ကျင့်သုံးနေသော ပျော့ပြောင်းသည့် နည်းလမ်းကို အားဖြည့် ထောက်ခံလိုက်ခြင်း ဖြစ်သည်။ နိုဝင်ဘာလလယ်က စင်္ကာပူတွင် ကျင်းပခဲ့သော အာရှ ပစိဖိတ် ထိပ်သီး ညီလာခံတွင် အမေရိကန် ခေါင်းဆောင်နှင့် မြန်မာဝန်ကြီးချုပ်တို့၏ မမျှော်လင့်သော တွေ့ဆုံမှုသည် မြန်မာနိုင်ငံနှင့် ဆွေးနွေးရန် အမေရိကန် မူဝါဒ ပြောင်းလဲခဲ့ခြင်းကြောင့် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

          အောက်တိုဘာလက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် အမေရိကန် သမ္မတ တစ်ဦး၏ နှစ် (၄၀) အတွင်း ပထမဆုံး အစည်းအဝေးကို စင်္ကာပူတွင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

          Campbell ၏ မြန်မာခရီးစဉ်တွင် (၁၄) နှစ်ကြာ ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာ တွေ့ဆုံမှုလည်း ပါဝင်ခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး၍ ၎င်းတို့နှစ်ဦး တွေ့ဆုံရန် ကြိုးစားခဲ့သည်ကို တွေ့ရပါသည်။ အဆိုပါ ပေးစာတွင် သူမနှင့် အစိုးရကြား တုံ့ဆိုင်းနေသော ဆက်ဆံရေးကို အဆုံးသတ်ရန် ပူးပေါင်း ဆောင်ရွက်ရေးကို လိုလားပါသည်ဟု ဖေါ်ပြထားပါသည်။

          ၎င်းတို့ (၂) ဦးသည် ၂၀၀၂ ခုနှစ်က ရန်ကုန်မြို့တော်တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်မူ အစိုးရ ဆက်ဆံရေး ဝန်ကြီးနှင့် လွန်ခဲ့သော (၂) နှစ်အတွင်း (၇) ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာလက နောက်ဆုံး တွေ့ဆုံခဲ့ပါသည်။

          လတ်တလော ပြီးဆုံးသွားသည့် တပ်မတော် အထက်လွှာ၏ လေးလပတ် အစည်းအဝေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြောင်းလဲလာသော အယူအဆများက နောက်ခံပိတ်ကားအဖြစ် အသုံးတော်ခံခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။

          အထက်ပါ ကိစ္စကို မြန်မာအစိုးရက ယခု လေးလပတ် အစည်းအဝေးတွင် လျစ်လျူရှုနိုင်ခြင်း မရှိခဲ့ဟု ပြည်ပရောက် National Coalition Government for the Union of Burma ၏ ပြန်ကြားရေး ဒါရိုက်တာ ဇင်လင်းက ပြောကြားခဲ့ပါသည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဖိအား အချို့နှင့် မျှော်လင့်ချက် ပြောင်းလဲမှုတို့ ရှိနေသည်ဟု ၎င်းက IPS သို့ ပြောကြားပါသည်။ တပ်မတော် အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သို့ ဆက်ဆံ ဆောင်ရွက်မည်၊ ရွေးကောက်ပွဲ ကျင်းပမည့် နှစ်တွင် နိုင်ငံရေး ကိစ္စများကို မည်သို့ စီမံ ဆောင်ရွက်မည် စသော အချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ရန် ရှိနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Timor News network, 27 Nov 2009

          အရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်တွင် နေရာအများစု ရယူထားသော နိုင်ငံရေးပါတီ Fretilin က ယခင်အပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အား လက်ခံခဲ့ခြင်းကို ကြိုဆိုလိုက်ပါသည်။

          ယခင်အပတ်က ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငအပေါ် ပြစ်တင် ရှုံ့ချသော ဆုံးဖြတ်ချက်ကို မဲခွဲရာ၌ မဲမပေးရန် အရှေ့တီမောအစိုးရက ဆုံးဖြတ်ခဲ့ခြင်းအား Fretilin က ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။ ယခု သီတင်းပတ် လွှတ်တော်တွင်း ဘတ်ဂျက်ရေးရာ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် Xanana Gusmao နှင့် နိုင်ငံခြားရေးဝန်ကြီး Zacarias Da Cost တို့၏ ရှေ့မှောင်၌ Fretilin ပါတီက ၂၀၀၂ မှစ၍ အလားတူ ဆုံးဖြတ်ချက်များကို မဲပေးခဲ့သော အစဉ်အလာကို ထိန်းသည့်အနေဖြင့် ကုလသမဂ္ဂ၏ ယခု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိအလင်း ပြောကြားခဲ့ပါ သည်။

          ကုလသမဂ္ဂ ဆုံးဖြတ်ချက်က မြန်မာပြည်သူများ၏ အခြေခံကျသော လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများအပေါ် စနစ်တကျ ချိုးဖောက် ကျူးလွန်မှုများ ဖြစ်ပွားနေခြင်းအား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ လိုက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ရေးသားခြင်း စာနာ ထောက်ထားရေး ဥပဒေများကို ချိုးဖောက် နေမှုများအဆုံးသတ်ရေးအတွက် အရေးပေါ်ဆောင်ရွက်ချက်များ ပြုလုပ်ရန် မြန်မာအစိုးရအား တိုက် တွန်းလိုက်ပါသည်။

          အထက်ပါ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး ထိန်းသိမ်း မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီက အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမဲ ၉၂ မဲ၊ ကန့် ကွက် ၂၆ မဲဖြင့် လက်ခံ အတည်ပြုခံခြင်း ဖြစ်ပါသည်။ အရှေ့တီမော အစိုးရသည် မဲမပေးဘဲ ကြားနေခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေသော မြန်မာအစိုးရအပေါ် ၎င်း၏ သည်းခံမှုကို နောက်တစ်ကြိမ် ပြသခဲ့ခြင်း ဖြစ်သည်။

          နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှု၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လတ်တလော ချုပ်နှောင်ထားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့် အသင်း ဖွဲ့စည်းခွင့်စသော အခွင့်အရေးများကို အစိုးရက တင်းကြပ်စွာ တားမြစ်ထားမှုများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ ကော်မတီက ဖော်ပြထားပါသည်။

          ထို့အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွင် "ကိုယ်ကျိုးစီးပွား ကာကွယ်ရန်အတွက် မတော် မတရား ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်နေခြင်း၊ အာဏာသုံး၍ ရပ်ဆိုင်းစေခြင်း၊ မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိနေခြင်း၊ နှိပ်စက် ညှင်းပန်းခြင်း၊ လူမဆန်စွာ နှိမ့်ချ ဆက်ဆံခြင်း၊ များရှိနေသော မြန်မာနိုင်ငံအပေါ် အထူးပင် စိုးရိမ် ပူပန်မိကြောင်း " ဖော်ပြထားပါသည်။ ဆက်လက်၍ အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တင်ပြလာသော အစီရင်ခံစာများအရ ဖောက်ထွင်း မြင်သာသော ထိရောက်သော၊ မျက်နှာမလိုက်သော၊ လွတ်လပ်သော အပြည့်အဝ စုံစမ်း စစ်ဆေးမှုများကို ခွင့်ပြုရန်နှင့် အဆိုပါ ရာဇဝတ်မှု မြောက်သော ချိုးဖောက်မှုများ ကျူးလွန်ခွင့် ရရှိနေခြင်းကို ရပ်တန့်စေရန် ရည်ရွယ်၍ တာဝန်ရှိသူများကို ဥပဒေအရ အရေးယူရန် မြန်မာအစိုးရအား အပြင်းအထန် တိုက်တွန်းထားပါသည်။

          အရှေ့တီမော ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ အခြေခံဥပဒေ အခန်း(၇) ပထမစာကြောင်းတွင် ဖော်ပြထားသည်မှာ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အရှေ့တီမောနိုင်ငံ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပြည်သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်ခွင့်၊ ပြည်သူ့ကဏ္ဍနှင့် သဘာဝ အရင်းအမြစ်များအပေါ် ပြည်သူတို့၏ အချုပ်အခြာ ပိုင်ဆိုင်မှု လူ့အခွင့်အရေးကို ကာကွယ်ပေးမှု စသော နိုင်ငံတော် လွတ်လပ်ရေးမူဝါဒများကို အခြေခံရန် ဟူ၍ ဖြစ်ပါသည်။ အရှေ့တီမော ပြည်သူများသည် ပြည်ပအုပ်စိုးမှု အောက်မှ လွတ်မြောက်ရန် ၂၄ နှစ်ခန့် ရုန်းကန် လှုပ်ရှားခဲ့ကြပြီး ၎င်း ရုန်းကန် လှုပ်ရှားမှုများကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေက ကြီးမားစွာ အထောက်အကူပြု၍ ကာကွယ်ပေးခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အရှေ့တီမော ပြည်သူများ၏ လူ့အခွင့်အရေးများကို အသိအမှတ်ပြု ထောက်ခံခဲ့သောကြောင့် ယခု အချိန်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

          အရှေ့တီမော ပြည်သူများသည် မည်သည့်နေရာတွင်မဆို ဖြစ်ပွားသည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများမှ ကာကွယ်၍ လူသားတို့၏ အခွင့်အရေးများကို ထိန်းသိမ်းမြှင့်တင်ရန် အလေးအနက် ကတိပြုထားကြပါသည်။ ဤအချက်ကို အခြေခံဥပဒေတွင်လည်း တရားဝင် ပြဌာန်းထားပါသည်။ ၎င်း၏ အကျိုးဆက်အဖြစ် အရှေ့တီမောသည် ကုလသမဂ္ဂ သဘောတူစာချုပ်များနှင့် ညီလာခံဥပဒေ အားလုံးကို လက်မှတ် ရေးထိုးခဲ့ပါသည်။ သို့ရာတွင် ၂၀၀၂ မေ ၂၀ ရက်နေ့ လွတ်လပ်ရေး ပြန်လည်ရရှိချိန်မှ စ၍ အရှေ့တီမော အစိုးရသည် အဆိုပါ ကတိကဝတ်များကို ထင်ဟပ် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။

          ထို့အပြင် အရှေ့တီမော လူသားထုတစ်ရပ်လုံးအပေါ်တွင် အလွန်ကြီးသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်အတွက် တရားရုံးတွင် ကြားနာ စစ်ဆေးခံရန် စောင့်ဆိုင်းနေသော အကျဉ်းသား (တပ်မတော် ခေါင်းဆောင်ဟောင်း Maternus Bere) ကို သြဂုတ်လ ၃၀ ရက်တွင် တရားမဝင် လွှတ်ပေးပြီး နိုင်ငံမှ ထွက်ခွာရန် ကူညီခဲ့သော အပြုအမူ (ဖောက်ဖျက် ကျူးလွန်ခွင့်ရသူများကို သည်းခံမှု) နှင့် လူအခွင့်အရေး ဥပဒေစည်းကမ်းများကို မထီမဲ့မြင် ပြုနေသော အရှေ့တီမောအစိုးရ၏ အပြုအမူများအပေါ်တွင် အလွန်ပင် စိတ်မကောင်းဖြစ်ရပါသည်ဟု Fretilin ပါတီက ထုတ်ပြန် ကြေညာခဲ့ပါ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.