Transparency Myanmar

transparency.myanmar@gmail.com

 

heraldsun.com, 11th March 2010

ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းချက်နှင့် မညီညွတ်ကြောင်း ရည်ညွှန်းသည့် ရွေးကောက်ပွဲ ဥပဒေသစ် ထွက်ပေါ်လာပြီးနောက် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် သူမအား ရွေးကောက်ပွဲများတွင် ပါဝင်နိုင်ရေးအတွက် လွှတ်ပေးရန် မြန်မာ အာဏာပိုင်များအား မေတ္တာရပ်ခံချက်ကို ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက ညတွင်းချင်း ထပ်မံ ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံသားများ အားလုံး လွတ်လပ်စွာ ပါဝင်နိုင်မည့် မျှတ၊ ပွင့်လင်း၊ လေးစားဖွယ် ရွေးကောက်ပွဲများ ဖြစ်လာရေးအတွက် အားလုံးကို တံခါးဖွင့် ကြိုဆိုသည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရန် မြန်မာအစိုးရကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆိုသည်ဟု ၎င်း၏ ရုံးမှ ထုတ်ပြန် ကြေညာသည်။

နိုင်ငံပိုင် သတင်းစာများတွင် ညတွင်းချင်း ပုံနှိပ်ဖော်ပြခဲ့သော ဥပဒေ၌ ထောင်ဒဏ်ကျခံနေရသူ မည်သူမဆို နိုင်ငံရေးပါတီ အဖွဲ့ဝင် ဖြစ်ခွင့်မရှိဟု စစ်ဖက် အစိုးရက သတ်မှတ်ထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယခု ထုတ်ပြန်သော စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက ဖျက်သိမ်းခံရမည့် အနေအထားတွင် ရှိနေသည်။

ယခု ရွေးကောက်ပွဲ ဥပဒေသစ်ကို သေချာစွာ လေ့လာနေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်မြောက်ရေး အတွက် မိမိတို့ မျှော်လင့်ထားသလို မြနမာအစိုးရက လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ယခုအချိန်ထိ အဖြစ်အပျက်များက ညွှန်ပြနေသည်ဟု ဆက်လက် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း အက်ဥပဒေအရ NLD ပါတီအား ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည်လား (သို့) ဖျက်သိမ်းခြင်းကို ရင်ဆိုင်မည်လား ဆိုသည်ကို ရွေးချယ် ဆုံးဖြတ်ရန် ဥပဒေ စတင် သက်ရောက်သည့် တနင်္လာနေ့မှစ၍ ရက်ပေါင်း ၆၀ မျှသာ အချိန်ပေးထားသည်။

ရက်အတိအကျ သတ်မှတ်ရခြင်း မရှိသေးသော်လည်း အောက်တိုဘာနှင့် နိုဝင်ဘာလ အတွင်း ကျင်းပဖွယ်ရှိသည့် အစိုးရ ကတိပေးထားသော ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ခြင်း ပြု၊ မပြုကို NLD က ယခုတိုင် မကြေညာသေးပါ။

ပါတီခေါင်းဆောင် အသက် ၆၄ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာမူ ယခင် ရွေးကောက်ပွဲများ ပြီးကတည်းက ဖမ်းဆီးခံထားရသည်မှာ ၁၄ နှစ်ခန့် ရှိပြီ ဖြစ်သည်။

၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံ ဥပဒေသစ်အရ နိုင်ငံခြားသားနှင့် လက်ထပ်ထားသူများ ပါဝင်ခွင့် မရှိဟူသော စည်းကမ်းဖြင့် သူမအား ကိုယ်စားလှယ်လောင်း အဖြစ် ရပ်တည်ခွင့်ကို ပိတ်ပင် ထားခဲ့ပြီး ဖြစ်သည်။ သူမ၏ ခင်ပွန်း ဗြိတိသျှလူမျိုး ပါမောက္ခ မိုက်ကယ်အဲရစ်မှာ ၁၉၉၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် သူမ၏ အင်းလျားကန်စောင်း နေအိမ်သို့ အမေရိကန် တစ်ဦး ရေကူး ဝင်ရောက်လာခြင်းကို အကြောင်းပြ စွပ်စွဲကာ ပြီးခဲ့သော သြဂုတ်လက သူမအား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပြစ်ဒဏ်ကို ၁၈ လ သို့ လျှော့ပေးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment