Transparency Myanmar

transparency.myanmar@gmail.com

The Straits Times' Editorial, 11th March 2010

          မြန်မာနိုင်ငံတွင် နိုင်ငံရေးလောက အမှန်တကယ်ပြောင်းလဲလာရန် မျှော်လင့်ချက် သိပ်မရှိလှပါ။ အကြောင်းမှာ လှုပ်ရှားပြောင်းလဲမှု၏ လက္ခဏာအဖြစ် ပေါ်ထွက်လာသော ရွေးကောက်ပွဲပြင်ဆင်မှုများ နည်းပါးနေသောကြောင့် ဖြစ်သည်။

ယခုအပတ် အစိုးရ ကြေညာသော ရွေးကောက်ပွဲ ဥပဒေအရ ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ဆိုသည်။ ကျင်းပ ဖြစ်ခဲ့သည်ဆိုပါက ဆယ်စုနှစ် ၂ စုအတွင်း ပထမဆုံး အကြိမ် ဖြစ်လာလိမ့်မည် ဖြစ်သည်။

အကောင်းဖက်မှ ရှုမြင်၍ ပြောနိုင်သည့် အချက်တစ်ခုမှာ ရွေးကောက်ပွဲများ မရှိဘဲ နိုင်ငံ၏ ရှေ့ခြေလှမ်းကို စတင်နိုင်မည် မဟုတ်ခြင်း ဖြစ်သည်။ ပုံမှန်နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို စတင်ရန် အသွင်ကူးပြောင်းခြင်း မပြုမီ ဖြည့်ဆည်းရမည့် အခြေအနေများတွင် ရွေးကောက်ပွဲလည်း တစ်ခုအပါအဝင် ဖြစ်သည်ဟု ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလျက် ရှိသည်။

          "လက်ခံ ယုံကြည်ထိုက်သော၊ အားလုံးကို တံခါးဖွင့်ထားသော၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲများ" စသော စကားလုံးများအတွက် စစ်အစိုးရက ပြင်ဆင်နေပါရဲ့လား ဟူ၍ မေးခွန်းထုတ်စရာ ရှိသည်။

          ယခု အကြောင်းအရာများသည် ရမ်းသမ်းမှန်းဆ ပြောကြားခြင်း မဟုတ်ပါ။ ရွေးကောက်ပွဲ ဥပဒေပါ အချက်တစ်ချက်သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အထူးသဖြင့် ရည်ရွယ်ပုံ ရသည်။ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး ပြစ်ဒဏ်ကို ကျခံနေရသော သူမအား ဖယ်ထုတ်ရန်အတွက် သူမ၏ NLD ပါတီကို လိုအပ်သည်။ သူမ ပါဝင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲများသည် ယုံကြည်လေးစားမှုကို ရနိုင်မည် မဟုတ်ပါ။

သူမသည် ခုခံတွန်းလှန်မှု၏ သင်္ကေတတစ်ခု ဖြစ်နေဆဲဖြစ်သလို အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ဘဲ ဖယ်ထုတ်ခံရသည့် နိုင်ငံရေးခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ပါဝင်ယှဉ်ပြိုင်ခွင့် မပေးပါကလည်း အားလုံးကို တံခါးဖွင့်ပေးသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်မည် မဟုတ်ပါ။

သူမနှင့်တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှ ဖယ်ရှား ထားခဲ့ပါက မဲဆန္ဒရှင်တို့၏ ရွေးချယ်မှုကို အကြီးအကျယ် ကန့်သတ်လိုက်သလို ဖြစ်သွားပါလိမ့်မည်။ ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း အာဏာ ပိုင်များ၏ မှာကြားချက်အတိုင်း ရွေးကောက်ပွဲ ကိစ္စများနှင့် ပတ်သက်သည့် နောက်ဆုံး အဆုံးအဖြတ် စကားကို ပြောကြားရဦးမည် ဖြစ်သော်လည်း ၎င်း၏ အဖွဲ့ဝင် ၅ ဦးကို အစိုးရက အတည်ပြုပေးရဦးမည် ဖြစ်သည်။ တရားမျှတမှု ရှိရေးနှင့် ပွင့်လင်း မြင်သာမှု ရှိရေးအတွက် ဆောင်ရွက်စရာများမှာ များလှသည်။

          လက်ရှိအစိုးရသည် ၎င်းတို့တရားဝင် ရပ်တည်နိုင်ရေးနှင့် ပတ်သက်၍ ဆန္ဒခံယူပွဲအဖြစ် ဥပဒေကို ပွင့်လင်းစွာ ဖော်စပ်ထားခြင်း မဟုတ်သည်မှာ ထင်ရှားလှသည်။ စစ်အုပ်ချုပ်ရေးနှင့် ရေရှည် အသားကျလာခဲ့သည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်သည်။ စစ်ဖက်အစိုးရ ရှင်သန်ရေးသည် အရေးပါနေဆဲ ဖြစ်သည်။

၁၉၉၀ NLO အပြတ်အနိုင်ရသော ရွေးကောက်ပွဲကို လျစ်လျူရှု၍ ၎င်းတို့လွယ်ကူစွာ နေရာယူနိုင်ခဲ့ပုံကို စစ်တပ်က အတွေ့အကြုံရခဲ့ပြီး ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၎င်းတို့ လိုလားသော လမ်းကြောင်းအတိုင်း သွားမည်ဆိုသော အချက်ကို ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝန်းက သိရှိရန် လိုအပ်သည်ဟု ယခုတိုင် စွဲမြဲစွာ ယူဆထားကြသည်။

သို့သော်လည်း အာဆီယံ အဖွဲ့ဝင်များထံမှ ဖိအားအချို့ ထွက်ပေါ်လာနေသည်။ တွေ့ဆုံညှိနှိုင်းခြင်းကို အခွင့်အရေးအဖြစ် ပေးနေသော အမေရိကန်ပြည်ထောင်စု၏ စိတ်ထက်သန်မှု နှင့်အတူ မြန်မာအစိုးရ၏ သဘောထား ပျော့ပြောင်းလာရေး အခွင့်အလမ်းတစ်ချို့လည်း ရှိနေပါသေးသည်။ တစ်ချိန်တည်းတွင်ပင် တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းကို ချိန်ခွင်လျှာ ညှိရေး အတွက် အမေရိကန် ပြည်ထောင်စုကို မှီခိုရန် ရည်ရွယ်ချက်ဖြင့် မြန်မာအစိုးရက အနောက်နိုင်ငံများ၏ သဘောထားကို လက်ခံနိုင်ဖွယ်လည်း ရှိနေသည်။

          ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြပြီး ဖြစ်သည့်အတွက် ကြီးမားသော အပြောင်းအလဲများကို မြန်မာအစိုးရက ခက်ခက်ခဲခဲ စတင်စွန့်စားခြင်း မပြုမီ အချိန်အတိုင်းအတာ တစ်ခုနှင့် စည်းရုံး ဆွဲဆောင်နိုင်မှုတို့ ပိုမို လိုအပ်လျက် ရှိသည်။ အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် ယုံကြည်စိတ် ရှိလာရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရအောင် ဝင်ရောက် ယှဉ်ပြိုင်သည် ဆိုပါက နိုင်ငံရေး လောကတွင် ပါဝင် လှုပ်ရှားနိုင်လာလိမ့်မည်။ ထိုသို့ ဖြစ်လာပါက တန်ဖိုးတစ်စုံတစ်ရာ ရရှိလာနိုင်မှုနှင့်အတူ နောက်ပိုင်းတွင်မူ မျှော်လင့်ချက်များသည် လက်တွေ့နှင့် နီးစပ်လာပြီး ယခင်ကလောက် အခြေအနေဆိုးတော့မည် မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment