Transparency Myanmar

transparency.myanmar@gmail.com

Washingtonpost.com, 12th March 2010

          သမ္မတ Obama တက်လာစဉ်က အမေရိကန်ပြည်ထောင်စု ကြုံတွေ့နေရသော ပြဿနာများရှိနေသည့် နိုင်ငံခြားရေးမူဝါဒ အချို့၏ စိန်ခေါ်မှုများကို အပြုသဘောဆောင်သော ချစ်ကြည်စွာ ဆက်ဆံခြင်းဖြင့် တိုးတက်သော ရလဒ်များ ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

          ထိုအထဲတွင် မြန်မာနိုင်ငံကိစ္စလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း ၅၀ ကျော် ရှိသော အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အသိဥာဏ် ခေါင်းပါးသော စစ်အာဏာရှင် လက်အောက်တွင် မှားယွင်းစွာ အုပ်ချုပ်မှုများကြောင့် ဆင်းရဲမွဲတေလျက်၊ အဖက်ဖက်က ကျဆင်းခဲ့ပြီး၊ စစ်ပွဲများ ဖြစ်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ ထိုအချိန်တွင် သမ္မတ Obama သည် မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများကို ရုတ်သိမ်းခြင်းမပြုဘဲ ပြည်သူများအပေါ် ဖိနှိပ်မှုများ သက်သာစေရန် ရည်ရွယ်၍ နွေးထွေးသော ဆက်ဆံရေးကို ကိုင်စွဲခဲ့သည်။

          ယခုအပတ်တွင် မြန်မာအစိုးရက ဆက်ဆံရေး မအောင်မြင်ဟု အဓိပ္ပါယ်ရသော အဖြေပေးခဲ့သည်။ အစိုးရသည် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေထုတ်ပြန်ခဲ့ရာ အဓိပ္ပါယ် မရှိဟု ဆိုခြင်းထက် ပို၍ဆိုးရွားကြောင်း တွေ့ရှိရသည်။ အားလုံးက စိုးရိမ်နေသော အချက်မှာ ရွေးကောက်ပွဲတွင် မည်သူနိုင်နိုင် ပါလီမန်တွင် ဆုံးဖြတ်နိုင်သည့် အာဏာကို စစ်တပ်တွင်သာ ရှိရေးအတွက် ပြုလုပ်လိမ့်မည်ဟူသော အချက်ဖြစ်သည်။ ယခု ရွေးကောက်ပွဲဥပဒေ အသစ် ထွက်ပေါ်လာရာ ထိုအချက်မှာ တရားဝင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပြုခဲ့ပါ။

         မြန်မာနိုင်ငံ၏ ကိစ္စမှာ သီးခြား၊ ခြားနားသော ကိစ္စဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မငြင်းနိုင်သည့် အချက်တစ်ခုမှာ အတိုက်အခံသည် တရားဝင် ဖြစ်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်တိုင် သူမသည် နေအိမ်အကျယ်ချုပ်ဖြင့် နေရဆဲ ဖြစ်နေသည်။ ထို့ကြောင့် သူမနှင့် အခြား တရားဝင်နိုင်ငံရေးနှင့် ပတ်သက်သူများအား ကဏ္ဍတစ်ခုမှ ပါဝင်ခွင့် မပြုသမျှ မည်သည့် အရပ်သား အုပ်ချုပ်မှုကို ပြောင်းပြောင်း လက်ခံနိုင်ဖွယ် မရှိသေးပေ။

          အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ယခု ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသည် အသုံးမဝင်သော၊ အသုံးမကျသော (Mockery) ဒီမိုကရေစီ လုပ်ငန်းစဉ် ဖြစ်သွားစေပြီး၊ လာမည့် ရွေးကောက်ပွဲတွင် အများလက်ခံနိုင်မည့် အချက်များ မပါဝင်မှုကို ပြသနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် မေးစရာ ဖြစ်လာသည်မှာ Obama အစိုးရသည် မည်သို့ တုန့်ပြန်မည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။ အမေရိကန် အနေဖြင့်  မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ လာဘ်စားမှုများမှ ရရှိထားသော ချမ်းသာကြွယ်ဝမှုများကို ပစ်မှတ်ထားသော ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ပိုမို လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဥရောပ သမဂ္ဂနှင့် မြန်မာနိုင်ငံကို ငွေကြေးဆိုင်ရာ ကိစ္စများ ပြေလည်အောင် ဆောင်ရွက်ပေးနေသော စင်္ကာပူနိုင်ငံကဲ့သို့သော နိုင်ငံများ၏ ပူးပေါင်းပါဝင်မှု ရှိရန် လိုအပ်သည်။ ထို့အပြင် မြန်မာအစိုးရ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် ဆင်နွှဲနေသော စစ်ပွဲများနှင့် ဒုက္ခသည် ပြဿနာများအပေါ် သေချာစွာ ဖိအားပေးရန် လိုအပ်သည်။

          ယခုအပတ် ထွက်ပေါ်လာသော ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူ၏ အစီရင်ခံစာ အကြမ်းတွင် နှစ်ပေါင်းများစွာ ကျူးလွန်လာသော လူ့အခွင့်အရေးကို မှားယွင်းသော နည်းလမ်းဖြင့် စနစ်တကျ ချိုးဖောက်မှုများတွင် အစိုးရ၌ တာဝန်ရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့်ပင် အစိုးရ၏ မူဝါဒကို လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ် ကျူးလွန်မှုများတွင် အမည်းစက်များ ထင်စေသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများအတွက် ကုမသမဂ္ဂက တာဝန်ပေးထားသူ Quintana သည် အစိုးရ၏ အထက်ပါ ကျူးလွန်မှုများအတွက် စုံစမ်း စစ်ဆေးရန် ကော်မရှင်တစ်ခု ဖွဲ့၍ တာဝန်ပေးရန် တိုက်တွန်းခဲ့သည်။

          Obama က လက်ကမ်း ကြိုဆိုခဲ့သော်လည်း၊ မြန်မာအစိုးရက ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယခု နည်းလမ်း အသစ်ရှာရန် အချိန်ရောက်ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment