Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By SAW YAN NAING, 12th March 2010

ပြီးခဲ့သည့် သောကြာနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခေါင်းဆောင် ရှစ်ဦးနှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ နယ်ခြားစောင့်တပ် ပြောင်းရေးအတွက် ဆုံးဖြတ်ရန် တွေ့ဆုံခဲ့ကြောင်း KIO နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သတင်းများအရ သိရှိရသည်။

မြန်မာဗိုလ်ချုပ်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး သဘောတူ၊ မတူ အဖြေကိုသာ သိလိုကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

သို့သော် KIO က ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်လိုသေးကြောင်း KIO နှင့် နီးစပ်သော မာလ ၏ အဆိုအရ သိရှိရသည်။

KIO အဖွဲ့ကို KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်ဆိုင်းက ခေါင်းဆောင်သည်ဟု သတင်းများက ဆိုသည်။

KIO ခေါင်းဆောင်များ အနေဖြင့် ယခု အစည်းအဝေးတွင် သဘောတူညီမှု မရှိပါက မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပေါ် တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း သတင်းများ အဆိုအရ သိရှိရသည်။ မြန်မာစစ်တပ်သည် KIO ဋ္ဌာနချုပ် လိုင်ဇာနှင့် အနီးဝန်းကျင်တွင် ရွေ့လျားမှုများ ပြုလုပ်လျက် ရှိနေကြောင်း မြစ်ကြီးနားနှင့် လိုင်ဇာမှ လာသော သတင်းများအရ သိရှိရသည်။

အစိုးရဘက်မှ လာသော သတင်းများ အရ တိုင်းရင်းသား လက်နက်ကိုင်များ ရှိရာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မြန်မာစစ်တပ် အင်အား (၇၀၀၀၀) ကျော် ပို့ထားကြောင်း သိရှိရသည်။

စစ်တပ် ဖြည့်တင်းမှုကို မြင်တွေ့သော မျက်မြင် ကိုယ်တွေ့တစ်ဦးက စစ်ဖြစ်လာမည်ကို ကြောက်ရွံ့ကြောင်း ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။

အစိုးရသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် မတ်လ (၁၅) ရက် နေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားသည်။ ထိုနေ့ ကျော်လွန်၍ သဘောတူညီမှု မရပါက မြန်မာစစ်တပ်သည် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။

ဝေဖန်သုံးသပ်သူများ၏ အဆိုအရ အစိုးရသည် လာမည့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခကို ပြီးဆုံးလိုကြောင်း သိရှိရသည်။

တစ်ချိန်တည်းတွင် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းကလည်း မွန်ပြည်သစ် ပါတီ (NMSP) အား ယခု အပတ်အတွင်း နယ်ခြားစောင့်တပ် ကိစ္စ စကားပြောရန် ဖိတ်ခေါ်ထားသည်။

မွန်ပြည်သစ် ပါတီသည် ယခု အခါ ၎င်း၏ ဋ္ဌာနချုပ်တွင် ၎င်းတို့၏ စစ်တပ် ခေါင်းဆောင်များနှင့် အခြား ပုဂ္ဂိုလ်များကြား တစ်လကြာ အစည်းအဝေး ပြုလုပ်နေသည်။

မြန်မာ အစိုးရက NMSP အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လက အမိန့်ထုတ်ပြန်ခဲ့သော်လည်း NMSP က ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့်လများအတွင်း NMSP နှင့် မြန်မာတပ်များအကြား တင်းမာမှုများ ဖြစ်လာခဲ့ပြီး မြန်မာတပ်ရင်း နှစ်ခုကို NMSP ထိန်းချုပ်ထားသော ဒေသများ အနီးတွင် ချထားခဲ့သည်ဟု သတင်းများ အဆိုအရ သိရှိရသည်။

KIO ၏ စစ်ရေးဋ္ဌာနခွဲ ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အသေအချာ လေ့ကျင့်ထားသော စစ်သားများ အပါအဝင် အင်အား ၂၀၀၀၀ ကျော် ရှိ သည်ဟု ဆိုပါသည်။ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သော ဝ တပ် (UWSA) သည် အင်အား ၂၅၀၀၀ ခန့် ရှိပြီး၊ မွန်ပြည်သစ် ပါတီ NMSP သည် အင်အား (၇၀၀) သာ ရှိပါသည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment