Transparency Myanmar

transparency.myanmar@gmail.com

Mizzima news, 11th March 2010

မြန်မာ အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် NLD ပါတီကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်ပြီး ရှက်စရာကောင်းသော လုပ်ရပ် တစ်ခုသာ ဖြစ်သည်ဟု ရန်ကုန်တွင် အကျယ်ချုပ်ကျခံနေသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

သူမ၏ နေအိမ်တွင် ကြာသပတေးနေ့ နေ့လည် ၂ နာရီမှ ၄ နာရီ အတွင်း တွေ့ဆုံခဲ့သော ရှေ့နေ ၂ ဦး ဖြစ်သည့် ဦးကြည်ဝင်း နှင့် ဦးဥာဏ်ဝင်းတို့ မှတဆင့် သူမ၏ ခံစားချက်ကို အသိပေးလိုက်ခြင်း ဖြစ်သည်။

''ရွေးကောက်ပွဲ ဥပဒေက NLD ကို အကြီးအကျယ် စိန်ခေါ်လိုက်တာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အတွက် သူမ အသင့် ဖြစ်နေပါပြီ၊ ဒီစိန်ခေါ်မှုတွေကို စည်းစည်းလုံးလုံးနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကို စဉ်းစား သင့်ပြီ လို့ သူမက ပြောပါတယ်'' ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြန်လည်ပြောကြားသည်။

''ရွေးကောက်ပွဲ ဥပဒေကို ကြည့်ရင် တစ်စုံတစ်ယောက်ကိုပဲ ဦးတည်ထားပြီး ပြည်သူ တစ်ဦးချင်းရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေတယ် ဆိုတာ လူတိုင်း မြင်နိုင်ပါတယ်။ ဒီလို ပုံစံမျိုးကို မြင်ရတာ ရှက်စရာ ကောင်းပါတယ်။ ဥပမာက လူတိုင်းအတွက်ပဲ ဖြစ်သင့်ပြီး တစ်ဦး တစ်ယောက်ထဲကို ရည်ရွယ်တာမျိုး မဖြစ်သင့်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ကြောင်း ဦးဥာဏ်ဝင်းက ပြောပြသည်။

မတ်လ ၈ ရက်နေ့တွင် အစိုးရက ထုတ်ပြန် ကြေညာသော ရွေးကောက်ပွဲ ဥပဒေက သူမအား ပါတီမှ ထုတ်ပယ်ရန်နှင့် သို့မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း ဖိအားပေးမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် သူမ ပါဝင်နိုင်မည် မဟုတ်ပါ။

ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန် တရားရုံးက ပယ်ချခဲ့သော သူမ၏ အယူခံလွှာကို ဗဟိုတရားရုံးသို့ တင်သွင်းရန် ကိစ္စအား ဆွေးနွေးရန် အတွက် သူမ၏ ရှေ့နေများ လာရောက် တွေ့ဆုံကြခြင်း ဖြစ်သည်။ အမေရိကန် လူမျိုး ဂျွန်ယက်တောအား လက်ခံမှုဖြင့် သူမအား ထောင်ဒဏ် ချမှတ်ထားသော တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် သူမ ကြိုးစားနေခြင်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံမြေ အပိုင်းတစ်ခုကို ရောင်းစားတဲ့ ဦးခင်မောင်အေး (သူမနှင့် အမျိုးတော်သူ) နဲ့ ပတ်သက်တဲ့ အမှုကိစ္စကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်" ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောကြားသည်။

သူမ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်သည်ဟုလည်း ရှေ့နေများက ဆိုသည်။

တစ်ချိန်တည်းတွင်ပင် စစ်အစိုးရက နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် နိုင်ငံ တဝှမ်းမှ NLD ရုံးခွဲ ၁၀၀ ကျော်ကို ပြန်လည် ဖွင့်ခွင့်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment