Transparency Myanmar

transparency.myanmar@gmail.com

လောင်စာဆီ ယိုစိမ့်နိုင်ဖွယ် ရှိသည်ဟု ယူဆရသော ကမ္ဘာတစ်ဝန်းမှ မော်တော်ယာဉ် အစီး ၁ ဒဿမ ၇ သန်းခန့်အား ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သော တိုယိုတာ (Toyota) က ပြန်လည် သိမ်းယူသွားမည် ဖြစ်ကြောင်း ဂျပန် သတင်းဌာနများက ရေးသား ဖော်ပြသည်။

လက်ရှိ အနေ အထားတွင် ဂျပန် နိုင်ငံတွင်း ရှိသော မော်တော်ယာဉ် အစီး ၁ ဒဿမ ၂ သန်းခန့် နှင့် ဥရောပသို့ ရောက်ရှိနေသည့် Aevensis မော်ဒယ် အစီး ၁၄၀၀၀၀ အပါအဝင် ပြည်ပမှ မော်တော်ယာဉ် ၄၂၁၀၀၀ စီးအား တိုယိုတာက ပြန်လည် သိမ်းယူလျက် ရှိသည်။

ဂျပန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အဆိုအရ လောင်စာဆီ ပိုက်တွင် အက်ကြောင်းများ ဖြစ်ပေါ် လာနိုင်သောကြောင့် ယင်းသို့ ပြန်လည် သိမ်းဆည်းခြင်း ဖြစ်ကြောင်း၊ အကယ်၍ အဆိုပါ ကိစ္စကို အသေအချာ ပြင်ဆင်မှု မပြုလုပ်ပါက ဆီယိုစိမ့်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။ "မော်တော်ကား အင်ဂျင်တွင် ရှိသော လောင်စာဆီ ပိုက်များတွင် အက်ကြောင်းများ ဖြစ်ပေါ်လာဖွယ် ရှိနေသည်ကို တွေ့ရသည်။ အကယ်၍ ယင်းမော်တော်ကားကို ဆက်လက် အသုံးပြုမည် ဆိုပါက အက်ကြောင်းများ ပိုမို ကြီးမားလာပြီး လောင်စာဆီ ယိုစိမ့်မှုများ ထွက်ပေါ် လာနိုင်သည်" ဟု ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ တိုယိုတာ ကုမ္ပဏီကမူ အဆိုပါမှားယွင်းချက်ကြောင့် မတော်တဆ ဖြစ်မှု တစ်စုံတရာ မရှိသေးကြောင်း ပြောကြားသည်။ သို့သော် ဂျပန်နိုင်ငံတွင်း ဆီယိုစိမ့်မှု ဖြစ်သည့် တိုယိုတာ မော်တော်ကား အစီး ၁၄၀ ခန့် ရှိခဲ့သည်ဟု BBC သတင်းဌာနက ဆိုသည်။ တိုယိုတာ အဆိုအရ အချို့သော Lexus အမျိုးအစားမော်တော်ယာဉ်များကိုလည်း ပြန်လည်သိမ်းဆည်းသွားမည်ဟုသိရသည်။

ယခု ဖြစ်ရပ်သည် ကမ္ဘာ့ အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သော တိုယိုတာအတွက် နောက်ဆုံးပြဿနာ တစ်ရပ် ဖြစ်သည်။ တိုယိုတာသည် အပြစ် အနာအဆာ ရှိသည့် မော်တော်ယာဉ်များကို ယင်းသို့ ပြန်လည် သိမ်းဆည်းမှုမျိုး ပြုလုပ်ခဲ့ရသည့် ဖြစ်ရပ်မျိုး မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း အမေရိကန် ပြည်ထောင်စုမှ မော်တော်ယာဉ်များ ပြန်လည် သိမ်းဆည်းခဲ့သည့် အတွက် ဒေါ်လာ ၃၂ ဒဿမ ၄ သန်း လျော်ကြေးပေးရန် တိုယိုတာက သဘောတူညီခဲ့သည်။ တိုယိုတာသည် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ ရောင်းချသည့် မော်တော်ယာဉ် စီးရေ ၈ ဒဿမ ၄၂ သန်း ရှိခဲ့ကြောင်း ယခု ရက်သတ္တပတ် အစောပိုင်းတွင် ထုတ်ပြန် ကြေညာသည်။ အမေရိကန် မော်တော်ကား ကုမ္ပဏီကြီး ဖြစ်သော ဂျင်နရယ် မော်တော်က မော်တော်ကား စီးရေ ၈ ဒဿမ ၃၉ သန်း တင်ပို့ ရောင်းချခဲ့သည်။ သို့အတွက်ကြောင့် လက်ရှိ အနေအထားတွင် တိုယိုတာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီ နေရာကို ရယူထားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment