Transparency Myanmar

transparency.myanmar@gmail.com

By Arkar Moe, From The Irrawaddy

Date: 23 - Nov - 2009

        မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (Burma Lawyers' Council - BLC) သည် နယ်သာလန်နိုင်ငံ Hague မြို့တွင် နိုဝင်ဘာလ (18) ရက် မှ (26) ရက်နေ့အထိ ကျင်းပလျက်ရှိသော နိုင်ငံတကာ ရာဇဝတ်မှုများဆိုင်ရာ တရားရုံး (International Criminal Court) Assembly of State Parties သို့ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားချင်း မစာမနာ နှိပ်စက်မှုများ၊ စစ်ပွဲနှင့် ဆိုင်သော ရာဇဝတ်မှုများနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးနိုင်ရန် တက်ရောက် နေပါသည်။

          BLC အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးသည် မြန်မာနိုင်ငံ၏ NGO ကိုယ်စားလှယ် အဖြစ် ပထမဆုံးအကြိမ် တက်ရောက်လျက် ရှိပါသည်။ ဦးအောင်ထူးသည် ပြည်ပတွင် အခြေစိုက်သူ တစ်ဦး ဖြစ်ပါသည်။

          ICC Web Site တွင် ဖော်ပြထားချက်အရ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ICC အာရှတွင် လှုပ်ရှားမှုများဖြစ်သော အာဖဂန် နစ္စတန်၊ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ စိန်ခေါ်မှုများနှင့် အလားအလာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

          "ကျွန်တော်တို့ဟာ International Criminal Court (ICC) နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာ စစ်အစိုးရကို ပိုမို အရေးယူနိုင်ဖို့ Network တစ်ခု ဖန်တီးပါမယ်။ ဒါ့အပြင် စစ်အစိုးရ၏ နှိပ်စက်မှုများ၊ ရာဇဝတ်မှု ကျူးလွန်မှု အတွေ့အကြုံများကို အားလုံး သိအောင် မျှဝေပေးလိုပါတယ်။ ဒေသတွင်း Network တစ်ခု ထူထောင်နိုင်ရေးအတွက် ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးပါ့မယ်" ဟု BLC ဥက္ကဋ္ဌ ဦးသိန်းဦးက ဧရာဝတီသို့ တနင်္လာနေ့က ပြောပါသည်။

          "Coalition for the International Criminal Court (CICC) အနေနဲ့ နိုင်ငံပါတီများကြားမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ပြီး၊ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂနှင့် ICC မှ တစ်ဆင့် ဖိအား ပိုမို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံနဲ့ အခြားကမ္ဘာ့ ပါဝါကြီးတဲ့ နိုင်ငံတွေလည်း တက်ရောက်မှာ ဖြစ်လို့ ကျွန်တော်တို့နဲ့ ခပ်ကြမ်းကြမ်း ပြောပေးကြဖို့ ပြောချင်ပါတယ်" ဟု ဦးသိန်းဦးက ဆက်ပြောပါသည်။

          CICC သည် အစိုးရ မဟုတ်သော အဖွဲ့ (၂၅ဝဝ) ကျော်နှင့် Network ထူထောင်ထားပြီး၊ ICC  နှင့် နီးကပ်စွာ အလုပ်လုပ်နေပါသည်။

          အမှန်တကယ်တွင်မူ မိမိတို့သည် စစ်အစိုးရကို ချဉ်းကပ်နိုင်မည့် အခြားနည်းလမ်းများ လိုအပ်နေပြီး၊ အစိုးရ၏ ကျူးလွန်မှုများကို ကာကွယ်ရေး နည်းလမ်းများကို ရှာဖွေရမည် ဖြစ်ကြောင်း ဦးသိန်းဦးက ပြောပါသည်။

          ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ဖြစ်သော Human Rights Education Institute of Burma မှ ဒါရိုက်တာတစ်ဦးဖြစ်သူ အောင်မျိုးမင်းက ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားရာတွင် မြန်မာအစိုးရ၏ လူသားချင်း မစာမနာ ကျူးလွန်သော ရာဇဝတ်မှုများ ကိစ္စကို ပြောရန် ခက်ခဲကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ICC တွင် လက်မှတ် မရေးထိုးရသေးသော နိုင်ငံ ဖြစ်နေခြင်းကြောင့်ဟု ဆိုပါသည်။ သို့သော် မြန်မာအစိုးရ၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အရေးယူနိုင်ကြောင်း၊ ကလေး စစ်သားများအား စေခိုင်းခြင်း၊ တိုင်းရင်းသား အမျိုးသမီးများကို စနစ်တကျ အဓမ္မပြုကျင့်မှုများသည် ICC တွင် အရေးယူ သင့်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း ၎င်းက ပြောကြားသွားပါသည်။

          မြန်မာအစိုးရသည် ပြီးခဲ့သည့် ဧပြီလက အမိန့်အမှတ် (1/2009) ဖြင့် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) ကို တရားမဝင် အသင်းအဖြစ် အမည်မည်းစာရင်းသွင်းခဲ့ပါသည်။ ထို့အပြင် BLC အား တိုင်းပြည်၏ ရန်သူဟူ၍ လည်းကောင်း၊ ICC နှင့် ပူးပေါင်း ဆောင်ရွက်နေသော BLC အဖွဲ့ဝင်များအား မြန်မာနိုင်ငံ ဥပဒေကို ချိုးဖောက်နေသူများ ဟူ၍လည်းကောင်း နိုင်ငံပိုင် သတင်းစာများတွင် မမှန်မကန် စွပ်စွဲ ရေးသားခဲ့ပါသည်။

          ICC ကို 2002 ခုနှစ်က ဖွဲ့စည်း တည်ထောင်ခဲ့ပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုများ၊ လူသားချင်း မစာမနာ ရာဇဝတ်မှု ကျူးလွန်မှုများနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများကဲ့သို့ အထူးကိစ္စများအတွက် တစ်ဦးချင်းကို တရားဝင် တရားစွဲဆိုနိုင်ရန် ဖွဲ့စည်းထားသော အမြဲတမ်း နိုင်ငံတကာ အထူးတရားရုံး ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ တရားဥပဒေ စိုးမိုးရေးအတွက် တရားရေးစနစ်သည် အထက်ပါ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် အရေးယူရန် ပျက်ကွက်ခြင်း သို့မဟုတ် မပြုလုပ်လိုပါက ICC သည် စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲ အရေးယူရန် အခွင့်အာဏာ ရှိပါသည်။

          ပြီးခဲ့သည့် ဇူလိုင်လက CICC သည် လုံခြုံရေးကောင်စီကို ဆူဒန်သမ္မတ Omar al - Bashir နှင့် အခြားပုဂ္ဂိုလ်များအား Darfur တွင် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး အရေးယူ ဖိအားပေးရန် တောင်းဆိုခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment