Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်သည် လက်ရှိ မြန်မာ့သမိုင်းအတွက် အလွန်တရာမျှ အရေးကြီးသော အခြေအနေမျိုးများ ဖန်တီးခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝ ဘေးအန္တရာယ်ဆိုးများ၊ နိုင်ငံရေး ဖိနှိပ်ချုပ်ခြယ်မှုများ၊ သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဂယက်များနှင့် ရောနှော ပေါင်းစပ်နေခဲ့သော နှစ်တစ်နှစ်လည်း ဖြစ်ပေသည်။

 

လူ့အခွင့်အရေး မှတ်တမ်းရေးသည့်အဖွဲ့ (HRDU) က ၂၀၀၈ ခုနှစ် မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းစာအုပ် တစ်အုပ်ကို ထုတ်ပြန်သည်။ ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခြင်း ဖြစ်သည်။

 

အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး မှတ်တမ်းစာအုပ်က ၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခိုက်သွားသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနှင့် ပတ်သက်၍ အရေးပါသော အချက်တစ်ချက်ကို ထောက်ပြထားသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) အနေဖြင့် နာဂစ်ဆိုင်ကလုန်းကို အခွင့်အလမ်းကောင်းတစ်ခု (သို့မဟုတ်) လက်နက်တစ်ခုအဖြစ် ကိုင်စွဲကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအား လူ့အခွင့်အရေး ဆောင်ရွက်ချက်များကို ထုတ်ဖော် ပြသနိုင်ကြောင်း၊ ဤသို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံရေးအရ မတူညီဘဲ ကွဲပြား ခြားနားနေသည့် ကိစ္စအားလုံး အပရိက ဖြစ်သွားနိုင်ကြောင်း သုံးသပ် ရေးသားထားသည်။

 

မြန်မာစစ်အစိုးရ၏ တစ်ယူသန်ဆန်မှု၊ ပြဿနာအမျိုးမျိုး ဖန်တီးနေမှု နှင့် အဂတိလိုက်စားမှု တို့ကြောင့် မြန်မာပြည်သူများ၏ လူမှုဘ၀မှာ လူသူ မသိနိုင်သည့် အဆင့် ရောက်သည်အထိ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း မြန်မာ့အရေးနှင့် ပတ်သက်၍ ခြေကုန်လက်ပန်းကျအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ ထို့ပြင် မြန်မာအရေးသည် လေပြေမလာမီ မုန်တိုင်းထန်မည့် ခရီးကြမ်းမျိုး ထွက်ပေါ်ဖွယ်ရှိသည် ဟူသည့် သဘောမျိုးကို ထုတ်ဖော်ပြသနေသလို ဖြစ်နေကြောင်း အဆိုပါ မှတ်တမ်းစာအုပ်က ဆိုသည်။

 

၂၀၀၈ မြန်မာ့လူ့အခွင့်အရေး နှစ်စဉ်မှတ်တမ်း စာအုပ်တွင် စာမျက်နှာ ၁၀၉၂ မျက်နှာ ပါဝင်ပြီး မတူညီသော အကြောင်းအရာများအလိုက် အခန်းပေါင်း ၂၁ ခန်းတိတိ ရှိကာ စာလုံးရေ ငါးသိန်းခန့်မျှဖြင့် ရေးသားထားခြင်း ဖြစ်သည်။ အဆိုပါစာအုပ်သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ထွက်ရှိသမျှ စာအုပ်များထဲတွင် ဖတ်ရှုနားလည်ရန် အလွယ်ကူဆုံးနှင့် ပြည့်စုံမှုအရှိဆုံး စာအုပ်တစ်အုပ်ဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ မြန်မာ့လူ့အခွင့်အရေး အခြေအနေများကို ထင်ရှားပေါ်လွင်အောင် ရေးသားထားသည်ကို တွေ့ရသည်။

 

နာဂစ်မုန်တိုင်း ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် နိုင်ငံတကာက အကူအညီများကို အစိုးရက လက်သင့်မခံဘဲ အင်တင်တင် လုပ်နေခဲ့ခြင်းမှာ ယေဘုယျကြည့်လျှင် ကာလများစွာ အထီးကျန် ဖြစ်နေခဲ့သောကြောင့်၊ ပြည်ပနိုင်ငံ အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများကို ကြောက်လန့်သောကြောင့်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်တွင် စစ်အစိုးရက ၎င်းကိုယ်တိုင် ချမှတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ် ပြုလုပ်သည့် လူထုဆန္ဒ သဘောထား ကောက်ခံမှုကို  ထိခိုက်ပွန်းပဲ့ မခံနိုင်သောကြောင့် ဖြစ်ပါကြောင်း အဆိုပါ လူ့အခွင့်အရေး နှစ်စဉ်မှတ်တမ်းစာအုပ်က ဆိုသည်။

 

၂၀၀၈ ခုနှစ်၊ မေလက ပြုလုပ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအပေါ် လူထူဆန္ဒ သဘောထား ကောက်ခံပွဲ ကာလအတွင်း အခြေခံကျသော လွတ်လပ်ခွင့်များ မပေးဘဲ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခဲ့ခြင်းကို ကြည့်လျှင် လာမည့် ၂၀၁၀ တွင် ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည်လည်း သန့်ရှင်း လွတ်လပ်ပြီး မျှတမှု ရှိလာမည့် ရွေးကောက်ပွဲမျိုး ဖြစ်နိုင်မည် မဟုတ် ဟူသော အချက်ကို ဖော်ကျူးနေပါသည် ဟု မြန်မာ့လူ့အခွင့်အရေး နှစ်စဉ် မှတ်တမ်းစာအုပ်က ရေးသားဖော်ပြသည်။ 

 

အဆိုပါ ၂၀၀၈ မြန်မာ့လူ့အခွင့်အရေး နှစ်စဉ်မှတ်တမ်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက် ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အားလုံးကို ထင်ထင်ရှားရှား ပေါ်လွင်အောင် သက်သေ အထောက်အထားနှင့်တကွ တင်ပြထားနိုင်သည်ကို တွေ့ရပြီး အာဏာရှင်ဆန်သော စစ်အစိုးရအပေါ် မြန်မာပြည်သူလူထုက မည်မျှ အတိုင်းအတာအထိ ခေါင်းငုံ့ခံနေရသည် ဟူသည်ကိုလည်း ပြတ်ပြတ်သားသား ပေါ်လွင်စေရန် ရေးသားထားခြင်း ဖြစ်သည်။

 

နာဂစ် ဆိုင်ကလုန်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ရန် ကြိုးပမ်းချက်များအပေါ် စစ်အစိုးရက မသိကျိုးနွံ ပြုလုပ်ခြင်းနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ပြုလုပ်ခြင်းတို့ကို အဆိုပါ နှစ်စဉ်မှတ်တမ်းက အသေးစိတ် ဖော်ကျူး ရေးသားပြီး လူထုဆန္ဒ သဘောထား ကောက်ခံပွဲသည်လည်း အမှန်တကယ်တွင် အတုအယောင်မျှသာ ဖြစ်သည် ဟူသော အချက်ကို ပေါ်လွင်စေပါသည်။ ထို့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာပြည် တစ်နံတစ်လျားတွင် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ဆက်လက် ဖြစ်ပေါ်နေမည်ဟု ဆိုသည်။

 

မြန်မာအရပ်သား ပြည်သူလူထုသည် စစ်အစိုးရက စနစ်တကျ အကွက်ဆင်ထားသော ချိုးဖောက်မှုများအတွက် သားကောင်များသဖွယ် ဖြစ်နေပြီး မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မတရားသော တရားစီရင်ခံရခြင်း၊ အဓမ္မ ပြုကျင့်ခံရခြင်း၊ အဓမ္မ အလုပ်စေခိုင်းခံရခြင်း အစရှိသည်တို့ကို ခါးစည်းခံနေရကာ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့လည်း ပျောက်ဆုံးလျက် ရှိပါသည်။ ထို့အတူ မြန်မာအရပ်သား ပြည်သူများသည် ဖိအားပေး ပြောင်းရွှေ့ နေထိုင်ခြင်းမျိုးဖြင့် ကြုံတွေ့နေရသလို ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်း ဥစ္စာများ၊ ကလေးငယ်များနှင့် လူမှုဘ၀များသည်လည်း စစ်တပ်၏ မတရား သိမ်းသွင်းခြင်း ခံနေရသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူနည်းစုများအား စစ်အစိုးရက ခွဲခြား ဆက်ဆံလျက် ရှိသည်။

 

လာမည့် ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်က ဦးစီး ကျင်းပပေးမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး ဖိနှိပ် ချုပ်ခြယ်မှုများ၊ အခွင့်အရေး ချိုးဖောက်မှုများအကြောင်းကို ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်ကြရာတွင် အဆိုပါ နှစ်စဉ် မှတ်တမ်းစာအုပ်သည် အကောင်းဆုံးသော လက်နက်တစ်ခု (သို့မဟုတ်) ပလက်ဖောင်းတစ်ခုသဖွယ် ဖြစ်နေပါလိမ့်မည်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ နိုင်ငံရေးနယ်ပယ်သစ်များ ဖန်တီးမည့်ကိစ္စ၊ တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွားကိစ္စ အစရှိသည်တို့ကို ပုံဖော် ပြောဆို ဆွေးနွေးမည်ဆိုပါက အဆိုပါစာအုပ်အား မဖြစ်မနေ ဖတ်ရှုထားသင့်ပါသည်။

 

အဆိုပါ မြန်မာ့လူ့အခွင့်အရေး နှစ်စဉ်မှတ်တမ်းက မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ပြည်သူများအပေါ် မည်မျှ အတိုင်းအတာအထိ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်နေသည် ဟူသောအချက်ကို ပေါ်လွင်အောင် ရေးသားထားသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီးအချို့ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းအစရှိသော နိုင်ငံများက သဘာဝ သယံဇာတနှင့် အရင်းအမြစ်များ အပြိုင်အဆိုင် ရယူရန်အလို့ငှာ စစ်အစိုးရအား ကျောထောက်နောက်ခံ ပြုပေးလျက် ရှိပါသည်။ ထို့ကြောင့် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ အမျိုးမျိုးပြုလုပ်လျက် ရှိကြသည်။

 

မည်သို့ဆိုစေ ဤသို့သော စေ့စပ်ညှိနှိုင်းမှုများက ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုး ဖြစ်ပေါ်လာအောင် အလွယ်တကူ ဖန်တီးနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ စီးပွားရေး အကျိုးအမြတ်ကိစ္စသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးများအား ဖိနှိပ် ချုပ်ခြယ်ရန် မဟုတ်ဟူသည့် သဘောမျိုးဖြစ်သည်။

 

အဆိုပါ ၂၀၀၈ နှစ်စဉ် မှတ်တမ်းစာအုပ်သည် နှစ်ပေါင်း ၁၅ နှစ်တာ ကာလ အတွင်း ဖြတ်သန်းခဲ့ရသော မြန်မာ့လူ့အခွင့်အရေး သမိုင်းကြောင်းကို အခြေခံ ရေးသားထားခြင်း ဖြစ်သည်။ သို့သော် အဆိုပါနှစ်ကာလအတွင်း မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးအခြေအနေမှာ အနည်းငယ်မျှသာ တိုးတက်မှု ရှိလာသည်ကို တွေ့ရကြောင်း HRDU အဖွဲ့က ဆိုသည်။

 

ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ ၂၀၀၈ လူ့အခွင့်အရေး မှတ်တမ်းစာအုပ်တွင် ဖိုးကပ်စ်လုပ်ထားသမျှ အရေးကိစ္စ အားလုံးလိုလိုမှာ လွန်ခဲ့သည့် ၁၅ နှစ်က ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းစာအုပ်တွင် ပါဝင်သော အချက်များနှင့် ထပ်တူထပ်မျှ ဖြစ်နေခြင်းပင် ဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်က မြန်မာ့လူ့အခွင့်အရေး အခြေအနေနှင့် ၂၀၀၈ မြန်မာ့လူ့အခွင့်အရေး အခြေအနေမှာ ပြောင်းလဲ တိုးတက်မှု တစ်စုံတစ်ရာ မရှိဘဲ တူညီနေသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်မှု လျော့နည်းနေပြီး ဖိနှိပ် ချုပ်ခြယ်မှုများ ရှိနေသော်လည်း ဤသို့သော အခြေအနေမျိုးများက နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပိုမို အာရုံစိုက် ဖိအားပေးနိုင်အောင် တောင်းဆို ပေးနေသကဲ့သို့ ရှိပါသည်။

 

Asia Tribune မှ Burma:2008 a year characterized by natural disaster, severe political repression ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment