Transparency Myanmar

transparency.myanmar@gmail.com


Lawi Weng, The Irrawaddy, 20th April 2010
မွန်ပြည်သစ် ပါတီ (NMSP) မှ အချို့ခေါင်းဆောင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စစ်သားများသည် ပြီးခဲ့သည့် အပတ် အကုန်က မော်လမြိုင်တွင် နှုတ်ဆက်ပွဲများ လျှို့ဝှက် ပြုလုပ်ခဲ့သည်ဟု မော်လမြိုင်မှ လာသော သတင်းတစ်ရပ်က ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။ ၎င်းတို့သည် မြန်မာ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားမှုနှင့် ပတ်သက်၍ အခြေအနေများ ပြောင်းလဲသွားတော့မည် ဖြစ်ပြီး တောထဲရှိ ၎င်းတို့၏ ဌာနချုပ်သို့ ပြန်ရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။
အဆိုပါ သတင်းက ပြောကြားရာတွင် NMSP ခေါင်းဆောင်များနှင့် မြန်မာ စစ်တပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ အကြားတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ မအောင်မြင်သောကြောင့် တောထဲသို့ ပြန်ရန် ပြင်ဆင်မှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"ကျွန်တော့် သူငယ်ချင်း တစ်ယောက်က သူတို့ မကြာခင် တောထဲကို ပြန်တော့မယ်တဲ့။ သူ့ကလေးတွေကို စောင့်ရှောက်ဖို့ ကျွန်တော့်ကို ပြောပါတယ်။ သူနဲ့ ကျွန်တော် ပေါင်းလာတာ ကြာတော့ စိတ်မကောင်းဘူး" ဟု သတင်းပေးသူက ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူရှိ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် အချို့ထံမှ ရရှိသော သတင်းများအရ ဧပြီလ ၂၂ ရက်နေ့တွင် မြန်မာ စစ်တပ်နှင့် ဆွေးနွေးရန် ရှိကြောင်း၊ အကယ်၍ ညှိနှိုင်းမှု အဆင်မပြေခဲ့ပါက ၎င်းတို့ နေအိမ်များကို စွန့်ခွာ၍ တောထဲသို့ ပြန်ရန် ပြင်ဆင်ထားကြောင်း သိရှိရသည်။
တရားဝင် စာရင်းများအရ မွန်ပြည်သစ် ပါတီတွင် အဖွဲ့ဝင် ၃၅၀၀ ခန့် ရှိပြီး၊ ထိုအထဲမှ ၇၀၀ ခန့်မှာ စစ်သားများ ဖြစ်ကြသည်။
ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားရာတွင် အကယ်၍ တောထဲသို့ ပြန်ပါက အဖွဲ့ဝင် အများစု လိုက်ပါနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ပထမ အစတွင် ကြမ်းတမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အချို့ လေ့လာသူများက ခန့်မှန်းရာတွင် NMSP အချို့ အဖွဲ့ဝင်များသည် ၎င်းတို့၏ ပစ္စည်းများနှင့် လူနေမှု ဘဝကို စွန့်လွှတ်နိုင်လိမ့်မည်ဟု မထင်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်နေကြသော မွန် ဒုက္ခသည်များကမူ မွန်စစ်တပ်သို့ ဝင်ရောက်ဖွယ် ရှိကြောင်း ပြောဆိုခဲ့သည်။
NMSP ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်ဟောင်း နိုင်တင်အောင်က ပြောကြားရာတွင် မြန်မာ အစိုးရသည် NMSP အား တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုခဲ့သည်။
"သူတို့ မွန်ကို တိုက်ခဲ့ရင်၊ သူတို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှာပေါ့၊ ဒါ့ကြောင့် နယ်ခြားစောင့်တပ် လုပ်ဖို့ မွန်တွေကို ဖိအားပေးနေတာပေါ့" ဟု ၎င်းက ပြောသည်။
အစိုးရက နယ်ခြားစောင့်တပ် ပြောင်းလဲရေးနှင့် ပတ်သက်၍ ဧပြီလ ၂၈ ရက်နေ့အား နောက်ဆုံးနေ့ အဖြစ် သတ်မှတ်ထားပြီး မဟုတ်ပါက တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာမည်ဟု ဆိုသည်။
ဧပြီလ ၇ ရက်နေ့က မော်လမြိုင် တိုင်း စစ်ဌာနချုပ်တွင် မွန်ပြည်သစ် ပါတီမှ ခေါင်းဆောင် ၄ ဦးသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နယ်ခြားစောင့်တပ် ကိစ္စ တွေ့ဆုံခဲ့သည်။
NMSP ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ချေမွန်က ဧရာဝတီသို့ အင်္ဂါနေ့က ပြောကြားရာတွင် ဧပြီလ ၇ ရက်နေ့က တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ခေါင်းဆောင်များသို့ အကယ်၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောမတူပါက၊ စစ်တပ်ကဲ့သို့ ဖွဲ့စည်းထားသော အဖွဲ့ အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည်ဟု ဆိုသည်။ ပါတီ ခေါင်းဆောင်များသည် အဆိုပါ အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးကြမည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်က အစိုးရ အဆိုပြုသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို မွန်တို့က လက်မခံသောကြောင့် နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။
ပြီးခဲ့သည့် မတ်လက NMSP သည် ၎င်း၏ အုပ်ချုပ်ရေး အချို့နှင့် လက်နက်များကို လူမသိသော နေရာသို့ ရွှေ့ပြောင်းထားခဲ့ကြောင်း NMSP နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လာသော သတင်းများက ပြောကြားခဲ့သည်။
အကယ်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ပါက မြန်မာ စစ်တပ်အား ပြောက်ကျားစစ် ဆင်နွှဲမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်ပိုင်းမှ ပြောကြားခဲ့သည်။
မွန်ပြည်သစ် ပါတီသည် အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။ ငြိမ်းချမ်းရေး မယူမီက မွန်ပြည်နယ်တွင် အစိုးရ စစ်တပ် တပ်ရင်း ၁၀ ခု ခန့်သာ ရှိသော်လည်း ယခုအခါ မွန်ပြည်နယ်တွင် တပ်ရင်း ၃၀ ခန့် ရှိနေပြီ ဖြစ်သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment