Transparency Myanmar

transparency.myanmar@gmail.com

အီရန်နိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုအထိ ပစ်ခတ် တိုက်ခိုက်နိုင်သော တိုက်ချင်းပစ် ဒုံးကျည် တီထွင်ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း စီနီယာ အမေရိကန် အရာရှိကြီးတစ်ဦးက ဥပဒေပြုအမတ်များကို အသိပေးပြောကြားလိုက်သည်။

အမေရိကန် ဆီနိတ်တွင် ပြုလုပ်သော အီရန်ဒုံးကျည် စွမ်းဆောင်နိုင်မှုဆိုင်ရာ ကြားနာပွဲတွင် အမေရိကန် ကာကွယ်ရေး မူဝါဒဆိုင်ရာ ဒုတိယအတွင်းရေးမှူး James Miller က အီရန်တိုက်ချင်းပစ် ဒုံးကျည်တီထွင်မှုသည် လာမည့် ၂၀၁၅ ခုနှစ်ထက် နောက်မကျဘဲ အောင်မြင်လာဖွယ် ရှိသည်ဟု ခန့်မှန်း ပြောကြားသည်။

သို့သော်အဆိုပါ ခန့်မှန်းချက်မှာ နိုင်ငံခြားအကူအညီ အထောက်အပံ့ရယူမှုကို ထည့်သွင်း စဉ်းစားထားခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ အီရန်အနေဖြင့် ပြင်ပမှ နည်းပညာများ ရယူပါမှ တိုက်ချင်းပစ် ဒုံးကျည်ကို ၂၀၁၅ ခုနှစ်လောက်တွင် အကောင်အထည်ဖော်နိုင်ဖွယ် ရှိသည်ဟု ဆိုလိုရင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ US Air Force National Air and Space Intelligence Center က အီရန်ဒုံးကျည် တီထွင်မှုနှင့် ပတ်သက်ပြီး သုံးသပ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သုံးသပ်ချက်အရ အကယ်၍ အီရန်သည် ပြည်ပမှ နည်းပညာများ ရယူနိုင်မည် ဆိုပါက အမေရိကန်အထိ ပစ်လွှတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်ကို ၂၀၁၅ မှ ၂၀၁၈ ခုနှစ်လောက်တွင် ထုတ်လုပ်နိုင်ဖွယ် ရှိသည်ဟု ဆိုထားသည်။

အီရန်ရေးရာ စောင့်ကြည့်လေ့လာသူများက အီရန်က ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကမ္ဘာပတ်လမ်း အတွင်းသို့ Safir အာကာသယာဉ် ပစ်လွှတ်ခဲ့မှုသည် အီရန်အနေဖြင့်
တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ထုတ်လုပ်ရန် အရေးပါသော အကြောင်းအရင်း တစ်ရပ်ဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။

အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ဒုံးကျည်အစီအစဉ်များနှင့် စစ်ရေး ခြိမ်းခြောက် မှုများသည် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများ အနေဖြင့် ဒုံးကျည်ကာကွယ်ရေး စနစ်များတပ်ဆင်ရန် အဓိကတွန်းအားများဖြစ်သည်။

အီရန်နိုင်ငံသည် နျူကလီးယား လက်နက်များ တီထွင်ထုတ်လုပ်ရန် လျို့ဝှက်စွာ ကြိုးပမ်းအားထုတ်လျက် ရှိသည်ဟု အမေရိကန်အစိုးရက စွပ်စွဲပြောဆိုလျက်ရှိသည်။ အီရန်သည် ယခုနှစ်လွန်ပါက နျူကလီးယား လက်နက်များကို ကောင်းစွာ တီထွင်ထုတ်လုပ်နိုင်ဖွယ် ရှိသည်ဟူသော ယခင်က ခန့်မှန်းပြောဆိုခဲ့မှုကို မစ္စတာ James Miller က ထပ်မံအတည်ပြု ပြောဆိုသည်။  ဧပြီလ လယ်ပိုင်းလောက်တွင် အမေရိကန် ပူးတွဲကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး James Cartwright က အီရန်နိုင်ငံသည် နျူကလီယာဗုံး တီထွင်ထုတ်လုပ်နိုင်မည့် အဆင့်မြင့် ယူရေနီယံ သန့်စင်မှုများကို တစ်နှစ်အတွင်း ပြုလုပ်နိုင်ဖွယ်ရှိကြောင်း၊ သို့သော် သုံးနှစ်မှ ငါးနှစ်အတွင်း အထိ အမှန်တကယ် အသုံးပြုနိုင်သော လက်နက်အဆင့်သို့ ရောက်ရှိဦးမည်မဟုတ်ကြောင်း ဆီးနိတ်သို့ ပြောဆိုခဲ့သည်။

ဤအတောအတွင်းမှာပင် အီရန်ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် Hossein Salami က အီရန်တပ်မတော်သည် ဧပြီလ ၂၂ ရက်နေ့မှစတင်ကာ သုံးရက်တာမျှ စစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း၊ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပြည်တွင်းလုပ် ဒုံးကျည်များနှင့် အခြား လက်နက်များ စမ်းသပ်မှုများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင် Al-Alam ရုပ်သံသတင်းဌာနသို့ ပြောကြားသည်။

"အဲဒီစစ်ရေး လေ့ကျင့်မှုမှာ ကြည်း၊ရေ၊လေ တပ်ဖွဲ့တွေအားလုံး ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။ ပါရှန်ပင်လယ်ကွေ့၊ ဟောမုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့ဒေသ လုံခြုံရေးကို အဓိကရည်ရွယ်ပြီး ဒီလေ့ကျင့်မှုကိုပြုလုပ်မှာဖြစ်ပါတယ်" ဟု ၎င်းက Al-Alam ရုပ်သံသို့ ဆက်လက်ပြောဆိုသည်။

"အီရန်ရဲ့ ကာကွယ်ရေးစွမ်းအင်ကို စမ်းသပ်ရာမှာ အီရန်ဒုံးကျည်တွေနဲ့ အခြား လက်နက်တွေကို အသုံးချမှာဖြစ်ပါတယ်" ။

AFP သတင်းဌာန၏ သတင်းကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment