Transparency Myanmar

transparency.myanmar@gmail.com

ကြုံတွေ့နေကြသည့် မျက်မှောက် အခြေအနေသည်ကား လက်ရှိ တပ်မတော်အစိုးရက သူတို့ ဇာတ်သိမ်းကောင်းမည့် တဖက်သတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲထားသည့် အတွက် လာမည့် ရွေးကောက်ပွဲကို လက်မခံနိုင်ကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ အပါအဝင် ကြုံတွေ့လာမည့် အပြောင်းအလဲကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချလိုကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ၊ ထို့အတူ မထင်မှတ်လောက်အောင် ကောင်းမွန်လှသည့် နည်းဗျူဟာများနှင့် ရွေးကောက်ပွဲ စပွန်ဆာ တပ်မတော် ကလည်း သူတို့၏ ဦးတည်ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်ရန် ဇာတ်သိမ်းလှသည့် နိဂုံးဆီသို့ တစ်လှမ်းချင်း လှမ်းလျှက် သွားနေသည်များက ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းကို ရောက်နေသည့် မြန်မာ ပြဇာတ်တစ်ပုဒ်ကို ခံစားနေရသည့်အလား ရှိနေပါသည်။  

ဇာတ်သိမ်းမှာ ပျော်ကြရမည်လား၊ ငိုကြရမည်လား ယခုတိုင် သေချာမသိကြသေး။ ပညာရှင်များလည်း မှန်းဆဆဲ။ နှစ်ပေါင်းကတော့ ၅၀ နီးပါး ကြာခဲ့ချေပြီ။ လက်ရှိကာလတွင် မီဒီယာ ပွင့်လင်းလွတ်လပ်လာမှုကို အတိုင်းအတာတစ်ခုအထိ တွေ့မြင်ရသကဲ့သို့ အခြား တစ်ဘက်တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲ ရှိနေသည်ဖြစ်ရာ ယင်းနှင့် စပ်လျဉ်း၍ မြန်မာ့ လူ့အဖွဲ့အစည်း အတွက် ပြောစရာများ ရှိလာပါသည်။ 

·     ပထမဦးစွာ မြန်မာ့ လူ့အဖွဲ့အစည်း၏ ယုံကြည်ချက်၊ ဘာကို ယုံကြည်ကြသနည်း ဆိုသည်မှာ အချက်တစ်ခု ဖြစ်ပါသည်။ ယင်းယုံကြည်ချက်ပေါ်တွင် မူတည်၍ လူတစ်ဦးချင်း သော်လည်းကောင်း၊ လူ့အဖွဲ့အစည်း တစ်ခုချင်း သော်လည်းကောင်း ရပ်တည်မှု မည်သို့ရှိသည်ကို ပြောရန်လိုသည်က အချက်တစ်ခုဖြစ်ပါသည်။

·     ယင်းနောက် လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်မှု မည်သို့ ရှိခဲ့ကြသနည်း၊ ယခုရော မည်သို့ ရှိနေသနည်း၊ နောင်ရော မည်သို့ ရှိသင့်သနည်းဆိုတာ တွေးစရာဖြစ်လာသည်။

·     နောက်ဆုံးအချက်မှာ အထက်ပါ အနေအထားများ အတွက် မြန်မာ့လူ့အဖွဲ့အစည်း အနေဖြင့်ရော တစ်ဦးချင်းအနေဖြင့်ပါ ပြင်ဆင်မှု ဘယ်လောက် ရှိကြသနည်း ဆိုသောအချက်ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ ပညာရှင်ပေါင်းများစွာရှိသည့်အနက် ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုလဲပြီး ကွန်မြူနစ်စနစ် ကျဆုံးမည် ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ကြပါ။ ကွန်မြူနစ်စနစ် မအောင်မြင်ခဲ့သည်ကို သိကြသော်လည်း ယင်းအချိန်တွင် အဘယ်ကြောင့် ပြိုကွဲခဲ့ရသနည်း ဆိုသည့် အချက်ကို သိသူ မရှိသလောက် နည်းပါးခဲ့ပါသည်။ ပြိုကွဲခြင်းနှင့် ပတ်သက်၍ အကြောင်းအချက် အမျိုးစုံပြောကြပါသည်။ အဓိက အချက်ကို ရိုးရှင်းသေချာစွာ စဉ်းစားကြည့်ပါက အဖြေကို တွေ့နိုင်ပါသည်။  

ဘာလင်တံတိုင်းပြိုလဲပြီး ကွန်မြူနစ်စနစ် ကျဆုံးခြင်းသည် ယင်းစနစ်ကို ကာကွယ်သူမရှိတော့သည့် အတွက်၊ ယင်းစနစ်တွင် အကာအကွယ်မဲ့သည့် အတွက် ဖြစ်ပါသည်။ ထိုသို့ အကာအကွယ်မဲ့ခဲ့သည့် အကြောင်းအရင်း မှာလည်း ရှင်းပါသည်။ ထိုစနစ်တခုကို ကာကွယ်ပေးရမည့် သူများအနေနှင့် စနစ်ကို ကာကွယ်ပေးရန်၊ ကာကွယ်ပေးလိုစိတ် ရှိရန်အတွက် ၎င်းတို့သည် သူတို့၏ စနစ်အပေါ် ယုံကြည်မှု ရှိရန် လိုအပ်သည်။ ကာကွယ်ပေးရမည့် လူတစ်ဦး တစ်ယောက်ချင်း အနေနှင့် စနစ်ပေါ်တွင် ယုံကြည်မှု ကင်းမဲ့သွား သည့်အချိန်တွင် စနစ်တစ်ခုလုံး ပြိုလဲသွားသည်ကို တွေ့ရပါသည်။ 

မြန်မာလူအဖွဲ့အစည်းတွင် ယင်းသို့ ဖြစ်ခဲ့ဖူးပြီး ၁၉၈၈ ခုနှစ်က အဖြစ်အပျက်ကို ဥပမာအနေဖြင့် မြင်နိုင်သည်။ ယင်းအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် တင်းပြည့် ပါတီဝင် သန်းကျော်ရှိပြီး အဆိုပါတီဝင်များကသာ ထိုအချိန်က ညီညီညွတ်ညွတ် ရပ်တည်ပေးခဲ့မည်ဆိုပါက ဆိုရှယ်လစ်စနစ် ပြိုကွဲစရာ အကြောင်းမရှိပါ။ ထို့ကြောင့် စနစ်အပေါ် ယုံကြည်ချက်မရှိတော့ခြင်းကိုသာ အဓိအချက်အဖြစ်တွေ့ရသည်ကို မီးမောင်းထိုးပြလိုပါသည်။

ထိုအချက်ကြောင့်ပင် မြေကြီးကိုင်စရာမလိုဘဲ ပြောဆိုနိုင်သည်မှာ totalitarian ဟုပြောဆိုနိုင်သည့် အလုံးစုံ အာဏာရှင် စနစ်သည် အချိန်တစ်ခုရောက်ပါက စနစ်အပေါ် သူ့လူများ ကိုယ်တိုင်က လုံးဝယုံကြည်မှု ပျက်သုန်းမှု အသေအချာ ရှိလာရ မည်ဆိုသော အချက်ဖြစ်သည်။  

ဆက်စပ်စဉ်းစားကြမည်ဆိုလျှင် ယခုနှစ် ၂၀၁၀ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု အပေါ်တွင် ယုံကြည်မှု၊ မယုံကြည်မှု ပမာဏ မည်မျှရှိနေသနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ထို့ပြင်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် သူအတွက် ရွှေရောင်လွှမ်းမည့် ဇာတ်သိမ်းခန်း စနစ်ကို ကာကွယ်ကြမည့်သူများ၏ ယုံကြည်မှု အနေနှင့်ရော မည်မျှရှိသနည်းဆို သည်မှာလည်း မေးခွန်းတစ်ခု ဖြစ်လာပါသည်။

ယင်းသို့ နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့် ပတ်သက်၍ ယုံကြည်မှု ကင်းမဲ့နေပြီဟု ပြောသည့် အစိတ်အပိုင်းက ပြောနိုင်သကဲ့သို့၊ ဒီစနစ်တည်မြဲနိုင်သေးသည်ဟု ပြောသည့် သူများလဲရှိနိုင်ပါသေးသည်။ လက်တွေ့ကျကျ ပြောကြမည်ဆိုပါက

ထိုသဘောထား နှစ်မျိုး ရောနေသေးသည်ကို တွေ့ရပါသည်။ ယခုစနစ် ပြိုလဲဖို့ဆိုပါက စနစ်ပေါ်မှာ မျှော်လင့်ချက် မရှိဘူးဆိုသည့်၊ ယုံကြည်ချက်ကင်းမဲ့သည့် သူ များလာဖို့ လိုပါသည်။ 

၂၀၁၀ ကို နိုင်ငံရေးအချိုးအကွေ့တစ်ခုအနေနဲ့ မြင်မယ်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ဖို့နှင့် ခေတ်မီသည့် လူ့အဖွဲ့အစည်း တည်ထောင်ဖို့ မဖြစ်နိုင်တာတွေ များနေသည်ဟု ထင်နေသည့် မြန်မာ့ လူ့အဖွဲ့အစည်း၏ ရပ်တည်ချက်ကို ရွှေ့နိုင်ရန် နည်းလမ်းရှာ စဉ်းစားဖို့လိုပါသည်။ လူ့အဖွဲ့အစည်းရဲ့ အရွေ့ဟာ နိုင်ငံ ရဲ့ အရွေ့ပင်ဖြစ်ပါသည်။ 

ထို့အပြင် ယခုပြောနေတဲ့ ဒီမိုကရစ်တက် လူ့အဖွဲ့အစည်းတွင် လူများ၏ နိုင်ငံအရေးတွင် ပါဝင် ပတ်သက်မှု သည်လည်း အရေးကြီးပါသည်။ ယင်းသည်ပင် လူ့အဖွဲ့အစည်းများ၏ အရွေ့မှ တစ်ဆင့် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ရပ်တည်မှုကို ရရှိလာရန် မည်သို့ လုပ်ပေးမလဲ ဆိုသည်မှာ ပြင်ဆင်မှုဖြစ်ပါတယ်။ ပြင်ဆင်မှုကို ပြည်တွင်းပြည်ပ မီဒီယာမျိုးစုံက မြင်ရသလောက် အမျိုးအစား အစုံတွေ့နေရပါသည်။ 

အခြေအနေ အရပ်ရပ် အပေါ် မိမိရပ်တည်ချက်ကို သမားဂုဏ်နှင့် ချိန်ပြီး ပြတ်ပြတ်သားသား ဦးတည်ပြောဆိုနေကြသည့် သူများရှိသလို မိမိရပ်တည်ချက်ကို မပြဘဲ လိုအပ်ချက်များကိုသာ ပစ်တင်ဝေဖန်သည့် သဘောနှင့် ရေးနေသားနေ ကြတာကိုလဲ တွေ့ရပါသည်။ ပြတ်ပြတ်သားသားပြောဆို ရေးသားပြီး အတွေးအမြင်ကို ပုံဖော်ဖန်တီးကြ တဲ့သူများအနေနှင့် မောင်စူးစမ်းနှင့် အချို့တို့ကို ယျေဘုယျ တွေ့နိုင်ပါသည်။ 

အများစုမှာ အချို့က မိမိရပ်တည်မှုသည် မည်သို့ရှိသည်ကို ကိုယ်တိုင် မရှင်းသည့်အတွက် မျက်မှောက် အခြေအနေကို လက်တွေ့ကျသည့် ပုံစံမျိုးနှင့် ရှုမြင်ခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာများကို လိုက်လံဖတ်ရှုထားသည့် စံပြတန်ဖိုးများ၊ စံပြပေတံများနှင့် တိုင်း၍ အခြားလူများ၏ ရပ်တည်ချက်များကို မမီဘူး၊ မီတယ်ပြောဆိုနေသည့် အချက်ဖြစ် ပါသည်။

မြန်မာ့လူ့အဖွဲ့အစည်း၌လည်း အတိတ်က သမိုင်းဖြစ်ရပ်များကြောင့် နိုင်ငံရေးသည် ညစ်ညမ်းသည် ဆိုသည့် ပေတံအဟောင်းနှင့် တိုင်းနေတယ် ဆိုတာမျိုးကိုသာ အများစု တွေ့ရပါသည်။  

·     ဒီမိုကရေစီဟု ပြောပါက ပြည်သူများက တိုက်ရိုက်အုပ်ချုပ်ခြင်း မဟုတ်ဘဲ မိမိကိုယ်စား အုပ်ချုပ်ပေးမည့် သူများကို ရွေးလိုက်ခြင်းသာ ဖြစ်ကြောင်းကို နားလည်သဘောပေါက်ထားရန်မှာ ပထမအဆင့် လိုအပ်ပါတယ်။

·     ထိုကဲ့သို့ ရွေးချယ်ဖို့ရန်အတွက် ရွေးကောက်ပွဲရှိပြီး ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်ထားသည့် သူများက ဥပဒေပြုကြပါသည်။

·     ထို့နောက် ဗြူရိုကရေစီ ယန္တယားနဲ့ ဆုံးဖြတ်ချက်များ ချပါသည်။

·     အဆိုပါ ဆုံးဖြတ်ချက်များအပေါ်တွင် အသင်းအဖွဲ့များနှင့် Civil Society များကက သဘောတူမတူကို တုံ့ပြန်မှု ပြုပါသည်။

·     အထက်ပါအချက်များအားလုံးကို ထိန်းညှိပေးသည်မှာ တရားရေးမဏ္ဍိုင်ခိုင်မြဲမှု ဆိုသည့် အချက်နှင့် ဖြစ်ပါသည်။ အထက်ပါအချက်များမှာ တိုင်းရမယ့် ပေတံတွေ ဖြစ်ပါသည်။

 

ရွေးကောက်ပွဲလုပ်တယ်ဆိုကတည်းက နိုင်ခြင်း၊ ရှုံးခြင်းမှာ သဘာဝဖြစ်၍ သိပ်မထူးဆန်းပါ။ သို့သော် ရှုံးနိမ့်သူ၏ ခံယူချက်နှင့် ရပ်တည်ချက်သည် အဓိက ကျပြီးအရေးပါသည်။ ယခုနေရာတွင် ဘောပွဲလောင်းသလို အနိုင်အရှုံး တွက်ကြတာမျိုး မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးအတွက် အဓိက ဦးတည်ချက် "ဘာလုပ်မှာလဲ" ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။  

ထို့ကြောင့် တစ်ဘက်ကလည်း အထက်ကပြောသကဲ့သို့ တိုင်းတာကြမည့် ပေတံများအတွက် တည်ဆောက်ကြသည် ဟုဆိုရာတွင် ယှဉ်ပြိုင်မှုမှ တစ်ဆင့် ရရှိလာမည့် အနိုင်အရှုံးအပေါ်တွင် အတ္တကို ဖယ်၍ ရှုံးတဲ့သူကလည်း "ဒါဘောပွဲ အနိုင်အရှုံးမဟုတ်တဲ့အတွက် ဒီစနစ်ထဲမှာ ငါတို့ ဆက်ပါနေဦးမယ် အတိုက်အခံ၏ တန်ဖိုးသည် အရှုံးသမားမဟုတ်ဘူး" ဆိုတဲ့ စိတ်ထားမျိုးရှိရမည်ဖြစ်ပါသည်။ ပွဲက ထွက်ရန်မလိုဘဲ အတိုက်အခံအနေဖြင့် ဆက်ပါရန် ဖြစ်ပါသည်။ 

အတိုက်အခံတို့အနေနှင့် မိမိတို့သည် ယခုတစ်ပွဲတွင် အာဏာကို ထိန်းညှိပေးသည့် ကဏ္ဍမှ ရပ်တည်၍ အဓိက လှုပ်ရှားမယ့်သူ ဖြစ်သည်ဆိုခြင်းကို မြင်ဖို့လိုပါသည်။ အားလုံး၏ အမြင်တွင် စနစ်ကျသော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို အသက်သွင်းသည့် နေရာတွင် အခြေခံဥပဒေနှင့်သာ အသက်သွင်းရမည်ဆိုသည့် အချက်ဖြစ်ပါသည်။ 

၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ လုံးဝ ပြီးပြည့်စုံသည့် စံပြအခြေခံဥပဒေ မဟုတ်ဘူးဆိုခြင်းကို လူတိုင်းသိနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ယခုကဲ့သို့သော အခြေအနေကိုသာ မရဘူးသေးသည့် အခွင့်အလမ်းတစ်ခု အဖြစ် မြင်ကြည့်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဘာလုပ်ကြမယ်"ဆိုသည့် ပြင်ဆင်မှုသည် အရေးအကြီးဆုံးကိစ္စ တစ်ခု ဖြစ်သည်ကို သတိပြုမိနိုင်ပါသည်။ 

ထို့ကြောင့် နောက်က၊ ဘေးက လိုက်ပြောမနေနဲ့တော့လို့ ပြောရတော့မှာဖြစ်ပါသည်။ အနောက်က လိုက်မပြောနဲ့တော့ဟု ဆိုရာတွင် သမိုင်းကြောင်းရဲ့ အရိပ်လွှမ်းမိုးမှုကို အဓိပ္ပာယ်ဆောင်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့အပေါ်မှာ သမိုင်းအရိပ်ရဲ့ လွှမ်းမိုးမှုများ အတော်အတန်ရှိခဲ့တယ်ဆိုတာ မေးခွန်းတောင် မလိုပါဘူး ဟု ဆိုရပါမည်။ 

အဓိကက ကျွန်တော်တို့သည် လူ့အဖွဲ့အစည်း ပြောင်းလဲရေး အတွက် လုပ်နေကြတာဖြစ်ပါသည်။ နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ရန် အတွက် နိုင်ငံမျိုးစုံက ပုံစံမျိုးစုံကို ဆွဲယူသုံးစွဲမှုတွေ ရှိပါသည်။ ထိုကဲ့သို့ သုံးစွဲမှု၊ အိမ်နီးချင်း နိုင်ငံများ၏ အလားသဏ္ဍန်ကို ကြည့်ပြီး သူတို့ မော်ဒယ်များနှင့် ဒီလိုပုံစံတော့ ဖြစ်လောက်သည်ဟု ကိုယ့်နိုင်ငံနှင့် ချိန်ညှိမှုဆိုသည်မှာ အတိုင်းအတာ တစ်ခုအထိသာ ခန့်မှန်းနိုင်ပါသည်။ သေချာပေါက် ကောင်းသည် အောင်မြင်သည်ဟု ပြော၍မရပါ။

နိုင်ငံရေး နောက်ခံသမိုင်းကြောင်းများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်နေသည့် တိုးတက်မှု လမ်းကြောင်း အတိုင်းအတာသည် အနည်းငယ်သာ အသုံးတည့်နိုင်ပါသည်။ ထည့်သွင်းစဉ်းစားဖို့သာ ဖြစ်ပြီး တိုက်ရိုက်ယူရန်အတွက် အကုန်လုံးတော့ အဆင်မပြေနိုင်ပါ။ ဒါဟာ ဘာကြောင့်ပါလဲ။ 

အဖြေဆိုသည်ထက် သေချာသည်မှာ ခေတ်မတူတော့သည့် အတွက်ကြောင့်ဖြစ်ပြီး ယခုခေတ်တွင် ကြိုက်ကြိုက် မကြိုက်ကြိုက် လူတစ်ဦးချင်း ရနိုင်သည့် သတင်းအချက်အလက် အခြေအနေများသည် ကမ္ဘာပေါ်တွင် မည့်သည့်အခါကမျှ မကြုံခဲ့ဘူး၊ မရဘူးသည့် အခြေအနေမျိုးဖြစ်ပါသည်။ သတင်းခေတ် ဖြစ်သည်။။

တစ်ဘက်ကပြောနေကြသည့် ပြည်သူတွေ မညံ့ဘူးဆိုသည်မှာလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက် မသုံးတတ်တဲ့ သူတစ်ယောက်ရဲ့ အနေအထားဟာ နောက်တစ်နေ့ အင်တာနက်သုံးတတ်သွားပြီးအခါတွင် အနေထားမတူတော့ဘဲ လိုအပ်တာ လိုအပ်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ ရှာနိုင်လာတယ်ဆိုတဲ့ အနေအထားဖြစ်လာပါတယ်။ 

ယခုလက်ရှိအခြေအနေသည် မြေပုံမဆွဲရသေးသည့် တောထဲသို့ ဝင်ရမည့် သဘောဖြစ်ပါသည်။ တွေ့ကြုံရမည့် စိန်ခေါ်မှုများကို မှန်းဆရုံသာ တတ်နိုင်ပါသည်။ ဘာလုပ်ထားရမလဲ။ အခြားနိုင်ငံများ၏ နမူနာ ပုံစံများဖြင့် စဉ်းစားထားပြီး ရှေ့ကပဲလာလာ၊ ဘေးတိုက်ပဲလာလာ ဒါဖြစ်ရင် ဘာလုပ်လိုက်မယ်ဆိုသည်မှာ အသုံးတည့်ရုံကလွဲလို့ ရလာဒ်မသေချာပါ။ innovation capacity ရှိမှ တီထွင်ဖန်တီးနိုင်စွမ်းရည်ဖြည့် ထားမှုက လွဲလို့ ကျန်တာမရှိပါဘူးဟု ပြောချင်ပါသည်။ 

အချုပ်ပြောရမည်ဆိုပါလျှင် ယခု ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပြီးပေါ်လာမည့် အခင်းအကျင်းသစ်တွင် ဆရာမောင်စူးစမ်း ပြောသည့် စပွန်ဆာ တပ်မတော်၏ နိုင်ငံရေးဦးနှောက်က ခင်းကျင်းလိုက်မည့် အခင်းအကျင်း များထဲတွင် ပြည်သူများ ဘက်က အဆိုပါ ထောင်ချောက်များအားလုံးကို ကျော်လွှားနိုင်ရန် နိုင်ငံရေးဦးနှောက်ကို သုံးပြီး ပြင်ဆင်ထားမည်ဆိုပါလျှင် ထိုသို့ ပြင်ဆင်မှုများ လုပ်နိုင်သည့် ပြည်သူများ၏ လုံ့လဝီရိယကြောင့် သူ့ပွဲသည် ကိုယ်ပွဲဖြစ်သွား နိုင်ပါသည်ဟု စကား ပါးလိုက်လိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆို