Transparency Myanmar

transparency.myanmar@gmail.com


The Irrawaddy, 20th April 2010
အိုဘားမား အစိုးရ၏ မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးရေး မူဝါဒသည် အမေရိကန် အကျိုးစီးပွား ဖြစ်ထွန်းရေး အပေါ် ထိရောက်မှု ရှိမရှိကို အကဲဖြတ်ရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်အား တောင်းဆိုသည့် ဆုံးဖြတ်ချက် တစ်ရပ်ကို အမေရိကန် ဆီနိတ်တာ Judd Gregg က တင်သွင်းခဲ့သည်။
အခြား ဆီနိတ်တာ ၆ ဦးကပါ ဝိုင်းဝန်း ထောက်ခံထားသော အဆိုပါ ဆုံးဖြတ်ချက်တွင် အထိန်းသိမ်းခံ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည့် အပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ နိုင်ငံရေး လွတ်လပ်စွာ လုပ်ခွင့်ရရေး နှင့် နောင်တွင် တာဝန်ယူတတ်သော၊ တာဝန် သိတတ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို တိုးတက် ထွန်းကားစေမည့် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ သုံးသပ် ပြင်ဆင်ရေးကို တောင်းဆိုနေသည့် NLD ပါတီနှင့် မြန်မာ ပြည်သူများကို ထောက်ခံ အားပေးရန် နိုင်ငံခြားရေး ဝန်ကြီးကို တောင်းဆိုထားသည်။
အကယ်၍ မြန်မာ စစ်အစိုးရသည် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေပြီး မြန်မာ ပြည်သူတို့၏ ပြင်းပြသော ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ပျက်ကွက်နေပါက မြန်မာနိုင်ငံ အပေါ် အရေးယူမှုများကို ဆက်လက် ပြုလုပ်ရန်နှင့် ပိုမို တင်းကြပ်ရေးကို စဉ်းစားရန် အတွက်လည်း အိုဘားမား အစိုးရကို တောင်းဆိုထားသေးသည်။
ထို့အပြင် အရပ်ဖက် အုပ်ချုပ်ရေး ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွင် မြန်မာ ပြည်သူများအား အပြည့်အဝ ပါဝင်ခွင့် ရစေမည့် ဝန်းကျင် အနေအထား တစ်ရပ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရေး အတွက် တွန်းအားပေးရန် တရုတ်၊ အာဆီယံ၊ လုံခြုံရေး ကောင်စီ စသော အဖွဲ့အစည်း ပေါင်းစုံ အပါအဝင် ဒေသတွင်း အစိုးရများနှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် နိုင်ငံခြားရေး ဝန်ကြီးကို တိုက်တွန်းထားသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ဆက်လက် ဖမ်းဆီးထားခြင်းကို ပြစ်တင် ရှုတ်ချထားပြီး ၎င်းတို့ကို အမြန်ဆုံး ချွင်းချက် မရှိ လွှတ်ပေးရန် တောင်းဆိုထားသည်။ နိုင်ငံရေး လှုပ်ရှားမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည့် ကြောက်ရွံ့မှုနှင့် ခြိမ်းခြောက်မှု ကင်းစင်သည့် ဝန်းကျင် အနေအထား တစ်ခု ဖေါ်ဆောင်ရန် NLD အပါအဝင် အခြား အတိုက်အခံ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးရန် မြန်မာ စစ်ဖက် အစိုးရကို တိုက်တွန်းထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ SPDC သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအား ထောက်ခံသူများ၊ တိုင်းရင်းသား လူမျိုးများ အပါအဝင် သာမန် ပြည်သူလူထုကို ဆက်လက်၍ မတရား ဖိနှိပ်နေကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
အထက်ပါ ဆုံးဖြတ်ချက်ကို ပူးတွဲ ပါဝင် ထောက်ခံသူ ဆီနိတ်တာများမှာ Judd Gregg ၊ Mitch McConnell ၊ Bob Bennett ၊ Sam Brownback ၊ Susan M.Collins ၊ Joseph Lieberman နှင့် Patrick Leahy တို့ ဖြစ်သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment