Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်သည် ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖိနှိပ် ချုပ်ခြယ်မှု အများဆုံး ပြုလုပ်သည့် မြန်မာနိုင်ငံတို့ မဟာဗျူဟာ ချစ်ကြည် ရင်းနှီးမှု တိုးပွားလာခြင်းကို ဖော်ကျူးလိုက်ခြင်းပင် ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ ခရီး သွားလာမှု အလွန် နည်းပါးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အိန္ဒိယ အစိုးရက ကော်ဇောနီ ခင်းကျင်းကာ ကြိုဆို ဧည့်ခံမှုသည် အိန္ဒိယ ဒီမိုကရေစီ အရည်အသွေး ဖောက်ပြန်မှု တစ်ခုဖြစ်ပြီး မြန်မာ စစ်အစိုးရအပေါ် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကို သွယ်ဝိုက် ဖော်ပြရာ ရောက်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငါးရက်တာ ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံပြီး စီးပွားရေးနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ စာချုပ်များကိုလည်း ချုပ်ဆိုမည်ဟု ခန့်မှန်းရသည်။

အိန္ဒိယသည် တစ်ချိန် တစ်ခါက မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မမှိတ်မသုံ ထောက်ခံသော နိုင်ငံ ဖြစ်ခဲ့သော်လည်း လုံခြုံရေး၊ စွမ်းအင် လောင်စာ ဖူလုံရေး၊ မဟာဗျူဟာ ဆိုင်ရာ ဦးစားပေးမှုများ ပြုလုပ်ရေး အစရှိသည်တို့နှင့် ရင်ဆိုင် လာရသောကြောင့်
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးတို့ကို ဘေးချိတ်ကာ ၁၉၉၀ ပြည့် နှစ်လယ်လောက်မှ စ၍ မြန်မာ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် အိန္ဒိယသည် နှစ်နိုင်ငံ ထိစပ်နေသော နယ်နိမိတ် ဒေသတွင် ထကြွ သောင်းကျန်းလျက် ရှိသော ခွဲထွက်ရေး သူပုန်များကို နှိမ်နင်းရာ၌ မြန်မာ စစ်အစိုးရ၏ အကူအညီကို လိုအပ်လျက် ရှိသည်။ ထိုမျှမကသေး၊ မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရရှိရေး အတွက် ကြိုးပမ်းလျက် ရှိသလို အာရှဒေသ မဟာဗျူဟာ နေရာ ရရှိရေးအတွက် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံ သြဇာ လွှမ်းမိုးမှု ရရှိသွားမည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

"အိန္ဒိယနဲ့ မြန်မာ နယ်ပယ် အသီးသီးအတွက် စေ့စပ် ညှိနှိုင်းမှုတွေ တိုးချဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

"အရှေ့မြောက် ဒေသမှာ ခေါင်းထောင်လာတဲ့ ခွဲထွက်ရေး သူပုန်တွေကို နှိမ်နင်းရာမှာ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တစ်ရပ် ပြုလုပ်ထားဖို့နဲ့ တရုတ်နိုင်ငံရဲ့ အာရှဒေသတွင်း သြဇာ ကြီးထွားမှုကို ချိန်ခွင်လျှာမျှဖို့ စတဲ့ ကိစ္စတွေဟာ အိန္ဒိယနိုင်ငံ အတွက် အင်မတန် အရေးကြီးပါတယ်" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားသည်။

ဥရောပ သမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ၊ ခရီး သွားလာခွင့် ပိတ်ပင်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက် ရှိသော်လည်း အိန္ဒိယ၊ တရုတ်၊ ထိုင်း အစရှိသော အိမ်နီးချင်း နိုင်ငံများ၏ ထောက်ပံ့ပေးမှုကြောင့် မြန်မာ စစ်အစိုးရမှာ များစွာ သက်သာရာ ရရှိနေသည်။ စီးပွားရေး ပိတ်ဆို့မှု အစီအမံများမှာလည်း မြန်မာ အစိုးရအပေါ် အကျိုး သက်ရောက်မှု မရှိလှပေ။

နှစ်ပေါင်း ၅၀ နီးပါး တင်းကြပ် ဖိနှိပ်လွန်းသော မူဝါဒဖြင့် အုပ်ချုပ်ခဲ့သည့် မြန်မာ စစ်အစိုးရသည် ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပေးမည်ဟု ကတိပေးထားသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် အဆိုပါ ရွေးကောက်ပွဲကို အနောက်နိုင်ငံများက အတုအယောင်မျှသာ ဖြစ်သည်ဟု ရှုတ်ချ ပြစ်တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) က ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ်မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ အရ NLD အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ဖမ်းဆီး အကျဉ်းချ ခံထားရသူ အဖွဲ့ဝင်များကို ထုတ်ပယ် ရမည် ဖြစ်၍ပင် ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment