Transparency Myanmar

transparency.myanmar@gmail.com

Washington Post, 23rd July 2010

ရက်စက် ကြမ်းကြုတ်မှုများနှင့် လုပ်ကြံ သတ်ဖြတ်မှုများကြောင့် အစွပ်စွဲခံရသည့် မှတ်တမ်းများ ရှိခဲ့ဖူးသော အင်ဒိုနီးရှား အထူးတပ်ဖွဲ့များနှင့် ဆက်ဆံရေး ပြန်လည် စတင်မည်ဟု အိုဘားမား အစိုးရက ကြာသပတေးနေ့တွင် ကြေညာခဲ့ခြင်းသည် အရှေ့အာရှမှ ဆက်ဆံရေးများ ခိုင်မာစေရန် အမေရိကန် ပြည်ထောင်စု၏ အထင်ရှားဆုံး လှုပ်ရှားမှု တစ်ခု ဖြစ်ပြီး၊ တရုတ်နိုင်ငံ နေရာ ယူလာခြင်းကို စည်းရိုး ကာလိုက်သည့် သဘောပင် ဖြစ်သည်။

အထူးသဖြင့် ခက်ခဲသော လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အပေါ် အမေရိကန် အစိုးရ၏ သဘောထား တင်းမာသည့် ဘက်သို့ ပြောင်းနေချိန်တွင် အထက်ပါ တွန်းအားပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ် အာဏာပိုင်များနှင့် ပတ်သက်သည့် လတ်တလော မိန့်ခွန်းများ၊ တုန့်ပြန်မှုများတွင် အမေရိကန် အစိုးရသည် စိတ်ရှည် သည်းခံ၊ တိတ်တဆိတ် ညှိနှိုင်းသည့် ယခင် နည်းလမ်းကို စွန့်လွှတ်ခဲ့သည်။

အင်ဒိုနီးရှား စစ်တပ်၏ လက်ရွေးစင် အထူးတပ်ဖွဲ့ 'ကော့ပါဆပ်' နှင့် ပြန်လည် ဆက်ဆံမည့် ဆုံးဖြတ်ချက်သည် လူ့အခွင့်အရေး လှုပ်ရှားသူများထံမှ ပြင်းထန်သော ဝေဖန်မှုများကို ထွက်ပေါ်စေသည်။

"ဘွတ်ရှ် အစိုးရ လက်ထက်တုန်းက အကြမ်းဖက် နှိမ်နင်းရေး စစ်ပွဲ ဆင်နွှဲဖို့ အတွက် လူ့အခွင့်အရေး နှိပ်စက် ညှင်းပန်းမှုတွေကို မစဉ်းစားဘဲ စစ်ဖက် မဟာမိတ် ရှာဖွေတာကို မြင်ခဲ့ရပြီးပါပြီ။ အခု အစိုးရကတော့ တရုတ်ကို တုန့်ပြန်ဖို့ အတွက် လူ့အခွင့်အရေး ပြဿနာတွေကို ဘေးချိတ်ပြီး စစ်ဖက် မဟာမိတ် ရှာဦးမယ် ထင်ပါရဲ့" ဟု Human Rights Watch မှ အာရှ ရေးရာ ဒါရိုက်တာ Sophie Richardson က ပြောကြားလိုက်သည်။

အခြား လေ့လာသူများကမူ အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်း နိုင်ခဲ့ခြင်းကြောင့် ၎င်းနိုင်ငံ စစ်တပ်၏ အင်အားကြီး တပ်ဖွဲ့နှင့် ပြန်လည် ဆက်ဆံမည့် အယူအဆ ထွက်ပေါ်လာခြင်း ဖြစ်မည်ဟု ပြောကြားသည်။ ဤကိစ္စသည် ဒေသတွင်း အင်အား ကြီးလာသည့် တရုတ်နိုင်ငံကို တုန့်ပြန် ဟန်ချက် ထိန်းမည့် အစား တည်ဆောက်ခြင်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ လာအိုနှင့် ယခင် ရန်သူဟောင်း ဗီယက်နမ် စသည့် ဒေသတွင်း အစဉ်အလာ မဟာမိတ်များနှင့် ဆက်ဆံရေး ခိုင်မာရန် အိုဘားမား အစိုးရက ကြိုးစားနေသော ကိစ္စတွင် တရုတ်နိုင်ငံ ကြီးထွားလာခြင်းက အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံနှင့် တံခါးဖွင့် ဆွေးနွေးနေခြင်းမှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။

"အင်ဒိုနီးရှားဟာ အာဆီယံရဲ့ ကျောက်ဆူးသဖွယ် အလားတူတဲ့ တိုင်းပြည် တစ်ခုပါ" ဟု ပြောကြားသူမှာ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ စင်တာမှ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ Ernic Bower ဖြစ်သည်။ "ဒီနေရာမှာ တရုတ်နှင့် အချိန်ပို ဆက်ဆံချင်ရင် အာဆီယံမှာ ခိုင်မာတဲ့ အုတ်မြစ် ချထားဖို့ လိုအပ်တယ်လို့ ဝန်ခံ အသိအမှတ် ပြုထားတာ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

အချို့ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ သံတမန်ရေး လွဲချော်မှုများက အမေရိကန် အစိုးရ၏ အာရှနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်မှုကို အထောက်အကူ ဖြစ်စေခဲ့သည်။ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် မြောက်ကိုရီးယားကို တိုက်ခိုက် အပြစ်မတင် စေလိုသော တရုတ်၏ ဆုံးဖြတ်ချက်သည် ဝါရှင်တန်နှင့် ဆိုးလ်အကြား ဆက်ဆံရေး သိသာစွာ နွေးထွေးမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ယုံကြည်ရသည်။ မကြာမီ ပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကို တရုတ်က ဆက်လက် ကန့်ကွက်ခဲ့ခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် ဆိုးလ်၏ မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမို ဖြစ်ပေါ်အောင် ကူညီသလိုသာ ဖြစ်ခဲ့သည်။

ဧပြီလက ဂျပန် စစ်သင်္ဘော နှစ်စင်းပေါ်တွင် တဝီဝီ ပျံဝဲခဲ့သော တရုတ် စစ်ဖက် ရဟတ်ယာဉ်များ ကိစ္စမှာလည်း အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်အဖြစ် ပိုမို ပြည့်ဝစွာ ရပ်တည်လိုသည့် တိုကျိုကို အထောက်အကူ ဖြစ်စေရန် နိုင်ငံရေး အကာအကွယ် အဖြစ် ဂျပန် အာဏာပိုင်များ၏ အသုံးချခြင်း ခံလိုက်ရသည်။ ယခု ဖြစ်ရပ်နှင့် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု နှစ်ခု တွဲလိုက်သောအခါ ဂျပန် အာဏာရ ဒီမိုကရက်တစ်ပါတီ အတွင်း အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်ဖွဲ့မှု ပြန်လည် ပုံသွင်းရေး၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုကောင်း လာသယောင် ဖန်တီးရေးတို့နှင့် ပတ်သက်၍ ပြောဆိုနေမှုများ အသံတိုးသွားခဲ့သည်။

သို့ရာတွင် အင်ဒိုနီးရှား စစ်ဖက်နှင့် ဆက်ဆံမည့် ကြာသပတေးနေ့ ကြေညာချက်မှာမူ အိုဘားမား အစိုးရ၏ ချစ်ကြည်ရေး ပြုလုပ်သည့် သမားရိုးကျ မဟာမိတ်ဖွဲ့မှု မဟုတ်ဟု ပြသနေသည်။

အမေရိကန်နှင့် မလေးရှား ဆက်ဆံရေးမှာလည်း သိသိသာသာ တိုးတက်မှုများ ရှိနေသော်ငြား အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဘရာဟင်ကို မကြာမီ တရားစီရင်မည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေသည်။ ၎င်းရင်ဆိုင်နေရသော လိင်တူ ဆက်ဆံခြင်း တရားစွဲဆိုမှုမှာ ၎င်းအား နိုင်ငံရေးအရ ထိခိုက် နစ်နာစေရန် လုပ်ကြံ စွပ်စွဲမှုသာ ဖြစ်သည်ဟု မလေးရှားနှင့် အနောက်နိုင်ငံ အကဲခတ် လေ့လာသူ အများစုက ယုံကြည်နေကြသည်။

ပြီးခဲ့သော ဧပြီလက မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် သမ္မတ အိုဘားမားတို့ ဝါရှင်တန် နျူကလီးယား လုံခြုံရေး ဆိုင်ရာ ထိပ်သီး ညီလာခံ အဝန်းအဝိုင်းတွင် တွေ့ဆုံခဲ့ကြသည်။ မလေးရှားနိုင်ငံသည် အစောပိုင်းက ပို့ကုန် ထိန်းချုပ်ရေး ဥပဒေကို ထုတ်ပြန်ခဲ့ရာ အီရန်သို့ စစ်ဖက် ဆက်စပ် နည်းပညာ ပြောင်းလွှဲ တင်ပို့မှု လျှော့ကျသွားလိမ့်မည်ဟု အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက မျှော်လင့်နေသည်။ ကြာသပတေးနေ့တွင် မလေးရှားက အာဖဂန် နစ္စတန်သို့ ၎င်း၏ ပထမဆုံး စစ်ဖက် တပ်ခွဲ တစ်ခွဲ စေလွှတ်ခဲ့ရာ ဆေးနှင့် သွားဖက်ဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးရန် ဖြစ်သည်ဟု သိရှိရသည်။

လာအိုနိုင်ငံသည်လည်း ဘေဂျင်း၏ ဖောက်သည် နိုင်ငံ ဖြစ်သော်လည်း ဝါရှင်တန်နှင့် ဆက်ဆံရန် စိတ်အား ထက်သန်နေသည်ဟု ယူဆရပြီး ၁၉၇၅ နောက်ပိုင်း အမေရိကန် ပြည်ထောင်စုသို့ အမြင့်ဆုံးအဆင့် ကိုယ်စားလှယ် အဖွဲ့အဖြစ် နိုင်ငံခြားရေး ဝန်ကြီး သွန်လောင်း ဆစ်ဆိုလစ်အား ယခုလ စေလွှတ်ခဲ့သည်။

အိုဘားမား အစိုးရသည် မြန်မာနိုင်ငံသို့လည်း လက်တံဆန့်ခြင်းဖြင့် ဘွတ်ရှ် အစိုးရ၏ ၈ နှစ်ကြာ မြန်မာနိုင်ငံ မူဝါဒကို အဆုံးသတ်ခဲ့သည်။ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ ဖြစ်လာနေခြင်းကို စိုးရိမ် ပူပန်ခြင်းမှာလည်း အကြောင်းရင်း တစ်ခု ဖြစ်သည်။ ယခုအချိန်အထိ မူဝါဒသစ်မှ ရလာဒ် အနည်းငယ်သာ ထွက်ပေါ်ခဲ့ရာ အိုဘားမား အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အပေါ် တင်းကြပ်သော ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် ၎င်းနိုင်ငံ စစ်ဖက် ခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှုများ၊ အစုအပြုံလိုက် သတ်ဖြတ်မှုများကို ကုလသမဂ္ဂက စုံစမ်း စစ်ဆေးမည့် အစီအစဉ်အား ထောက်ခံရန် စဉ်းစား သုံးသပ်လျက် ရှိသည်။

အိုဘားမား အစိုးရသည် လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် တင်းမာသော သဘောထားကို လက်ခံကျင့်သုံးကာ ကျန်အာရှ ဒေသတစ်ခုလုံးနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်ခဲ့သည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

ယခု အစိုးရသည် လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အပေါ် နည်းလမ်းသစ်ဖြင့် ချဉ်းကပ်မည်ဟု ပြောဆိုကာ အာဏာရလာခြင်း ဖြစ်သည်။

နိုဝင်ဘာလတွင် ပြုလုပ်မည့် အိုဘားမားနှင့် တရုတ် သမ္မတ ဟူကျင်းတောင်တို့ အကြား ထိပ်သီး ဆွေးနွေးပွဲနှင့် နီးကပ်လာသော အချိန်တွင် တရုတ်နှင့် ဆက်ဆံရေး ကောင်းမွန်နေရန် ကြိုးစားသည့် အနေဖြင့် ဒလိုင်လားမားနှင့် တွေ့ဆုံမည့် အစီအစဉ်ကို လတ်တလော ဆိုင်းငံ့ထားသည်။ ထို့နောက်တွင် လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ဘီဂျင်းနှင့် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်မည်ဟု အချက်ပြခဲ့သည်။ အကြောင်းမှာ အီရန်နှင့် မြောက်ကိုရီးယားတွင် နျူကလီယာ မပြန့်ပွားရေး၊ ကမ္ဘာ့ စီးပွားရေ အကျပ်အတည်းနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကို ဆွေးနွေးရေး စသော ကိစ္စရပ်များစွာတွင် အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ အကူအညီကို လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။

သို့ရာတွင် ဇန်နဝါရီလမှ စတင်၍ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်နိုင်ငံ အပေါ် ၅ ကြိမ်ခန့် ဝေဖန်ခဲ့ရာတွင် အင်တာနက် လွတ်လပ်ခွင့်နှင့် စပ်လျဉ်း၍ ပြင်းထန်စွာ ပြောကြားမှုနှင့် အတူ အမေရိကန် အစိုးရက နည်းဗျူဟာများ ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံစဉ် အိုဘားမား တိုက်ရိုက် ထုတ်ဖော် ပြောကြားခဲ့သာ တရုတ် အစိုးရ ဆန့်ကျင်သူတို့၏ အမှုများတွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်း၊ အမေရိကန် နိုင်ငံသား ဇူဖန်းကို သူလျှိုမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်း တို့ဖြင့် တရုတ်နိုင်ငံက အရှိန်မြှင့်ပေးခဲ့သည်။ ကလင်တန်ကလည်း ဇူလိုင် ၃ ရက်နေ့က ကရာကော့ရှိ အရပ်ဖက် အဖွဲ့အစည်းကို မိန့်ခွန်း ပြောကြားစဉ် တရုတ်နိုင်ငံ အပေါ် ဝေဖန်မှုကို ဆက်လက် ပြုလုပ်ခဲ့သည်။

"သမ္မတကြီးနဲ့ ဝန်ကြီး ကလင်တန်ကတော့ တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာတလွှားနဲ့ မူအရ တွေ့ဆုံ ဆွေးနွေးမဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ အခု ကျွန်တော်တို့ရဲ့ တာဝန်ကတော့ အရိုးတွေပေါ်ကို အသား ဆက်ပြီး အုပ်ပေးရမှာပါ" ဟု လူ့အခွင့်အရေး ဒီမိုကရေစီနှင့် အလုပ်သမားဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael H.Posner က ပြောကြားလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment