Transparency Myanmar

transparency.myanmar@gmail.com

စွမ်းအင် လိုအပ်ချက် မြင့်မားနေမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် နျူကလီယာ ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ရန် ဗီယက်နမ်နိုင်ငံက အရှေ့တောင် အာရှနိုင်ငံများကို တိုက်တွန်းလိုက်သည်။

ဗီယက်နမ်နိုင်ငံ၊ ဒလတ်မြို့တွင် ကျင်းပ ပြုလုပ်သော စွမ်းအင် မူဝါဒဆိုင်ရာ အာဆီယံ နိုင်ငံများ ဆွေးနွေးပွဲ၌ ဗီယက်နမ်နိုင်ငံက ယင်းသို့ အဆိုပြု တိုက်တွန်းခြင်း ဖြစ်သည်။

ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ဆက်လက် အင်အား ကြီးထွားလာသည့် အလျောက် စွမ်းအင် လုံခြုံရေးနှင့် တည်ငြိမ်ရေး အစရှိသည် တို့မှာလည်း အလွန်အမင်း မြင့်တက်လာသည်။ သို့အတွက်ကြောင့် နျူကလီယာ စွမ်းအင် အသုံးပြုရေးကို အသုံးတည့်မည့် ရွေးချယ်စရာ တစ်ခုအဖြစ် ရှုမြင်လာကြခြင်း ဖြစ်သည်။

ယနေ့ အရှေ့တောင် အာရှ ဒေသတွင် နျူကလီယာ ဓာတ်အား လည်ပတ် ထုတ်လုပ်သည့် စက်ရုံ တစ်ခုမျှ မရှိသေးပေ။ သို့သော် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ ရှိသည့်အနက် ရှစ်နိုင်ငံတွင် မိမိတို့ ဘာသာ ရင်းနှီးမြှုပ်နှံမှုဖြင့် နျူကလီယာ စွမ်းအင် ထုတ်လုပ်မည့် အစီအစဉ်များ ရှိသည်။

လုံခြုံစိတ်ချရမှု ရှိရေး

အဆိုပါ နျူကလီယာ အစီအစဉ်များကို ဒေသတွင်း တစ်ခုလုံး ချဉ်းကပ်မှု သဘောမျိုးဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဗီယက်နမ်နိုင်ငံက အကြံပြုထားသည်။

သို့သော် ယင်းအစီအစဉ်များကြောင့် နျူကလီယာ ပြန့်ပွားမှုများ ဖြစ်ပေါ်မည့် အလားအလာများ ထွက်ပေါ်လာနိုင်ပြီး လုံခြုံစိတ်ချရမှု အတွက်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

အရှေ့တောင် အာရှဒေသသည် ကမ္ဘာပေါ်တွင် စီးပွားရေး ကြီးထွားမှု အမြန်ဆုံး ဒေသများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သို့အတွက်ကြောင့် ဒေသတွင်း နိုင်ငံ အများစုမှာ အချိန်ပိုင်း အလိုက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရမှုများ ပြုလုပ်နေကြရသည်။

အချို့သော နိုင်ငံများမှာ မဲခေါင်မြစ် တစ်လျှောက် ဧရာမ ဆည်တမံကြီးများ တည်ဆောက်ကာ ရေအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် အဆိုပါ ဆည်တမံများ တည်ဆောက်မှုသည် မြစ်ရေကြောင်း စီးဆင်းမှုနှင့် မြစ်တွင်း နေထိုင် ကျက်စားသော ငါးမျိုးစိတ်များကို အလွန်အမင်း ထိခိုက်စေသည်ဟု ဒေသခံများ၏ ပြစ်တင် ရှုတ်ချမှုများနှင့် ရင်ဆိုင်နေကြရသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများကမူ ဆိုလာစွမ်းအင် ကဲ့သို့သော ပြန်ဖြည့်မြဲ စွမ်းအင်များ အသုံးပြုရန် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ သို့သော် စွမ်းအင် ပမာဏ အမြောက်အမြား ရရှိရေးအတွက် အလားအလာမှာ နျူကလီယာ စွမ်းအင် အသုံးပြုရေးပင် ဖြစ်နေသည်။ ရုရှားနိုင်ငံက အရှေ့တောင် အာရှ ဒေသတွင် နျူကလီယာ ဓာတ်အားစက်ရုံများ တည်ဆောက်ရာတွင် အကူအညီ ပေးမည်ဟု ကမ်းလှမ်းထားမှုမှာ အသုံးဝင်ကောင်း အသုံးဝင်လာမည် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment