Transparency Myanmar

transparency.myanmar@gmail.com

အနောက်ကမ္ဘာ အနေဖြင့် မြန်မာနိုင်ငံ နျူကလီယာ ထုတ်လုပ်ရန် ကြိုးပမ်းမှု ရှိ၊ မရှိ ဟူသော ကိစ္စအပေါ် စိုးရိမ် ပူပန်နေနိုင်သည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံ၊ Bodhgaya မြို့သို့ ဆိုက်ရောက်ပြီ ဖြစ်သောကြောင့် အိန္ဒိယ အစိုးရကလည်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှု အပါအဝင် အိန္ဒိယနိုင်ငံ စိုးရိမ် ပူပန်နေသည့် ကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်ရန် ပြုလုပ်တော့မည် ဖြစ်သည်။

အာရှဒေသ၏ အနာဂတ် ပထဝီ နိုင်ငံရေး အခင်းအကျင်းကို ပြောပါက မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယတို့ ပါဝင် နေရာယူမှု အများဆုံး ဖြစ်သော ဒေသတွင် ပြိုင်ဘက် မရှိသော အနေအထားကို လက်ကိုင် ရရှိထားသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်နေသည်။ ယခု ကိစ္စသည် တရုတ်နှင့် အိန္ဒိယ တို့အတွက် ဒေသတွင်း ရပ်တည် နေထိုင်ရေးအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သို့ မည်ပုံ လေ့လာ သင်ယူကြသည် ဟူသော အချက်ကို ပေါ်လွင်စေမည့် စမ်းသပ်ချက် တစ်ရပ်ပင် ဖြစ်သည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ပခရီးစဉ် အမြောက်အမြား သွားလေ့ မရှိခဲ့ပေ။ သို့သော် အိန္ဒိယခရီးစဉ်မှာ ခြွင်းချက်တစ်ခု ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည့် နေ့ရက်မှ လွဲ၍ ကျန်ရက် အနည်းငယ်တွင် Hyderabad နှင့် Jamshedpur မြို့များတွင် ဘာသာရေး လေ့လာမှု ခရီးစဉ်အဖြစ် နေထိုင် လည်ပတ်မည် ဖြစ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေခြင်းပင် ဖြစ်သည်။ ယခင် ကာလက ဆိုပါက အိန္ဒိယ အနေဖြင့် နှစ်နိုင်ငံ အတွက် ပြောဆိုမည့် သဘောထား နှစ်ရပ်အပေါ် မည်သို့ ချိန်ညှိရမည် ဟူသော ကိစ္စအတွက် သောက ရောက်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် မိမိကိုယ်မိမိ ယုံကြည်ချက် အသစ်တစ်ခု ရရှိထားသော ယနေ့ အိန္ဒိယနိုင်ငံက မြန်မာနှင့် ဗြိတိန်အတွက် ထူးခြားကွဲပြားသည့် သဘောထား နှစ်ရပ်ကို ခင်းကျင်း ပြလိမ့်မည် ဖြစ်သည်။

အိန္ဒိယက ဗြိတိန်နှင့် စီးပွားရေး၊ ကာကွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နားလည် သဘောတူမှု ပြုလုပ်ရေး အစရှိသည်တို့ကို ပိုမို လုပ်ကိုင်ပြီး ၎င်း၏ မဟာဗျူဟာ မိတ်သင်္ဂဟ ပြုမှုကို အင်အား ကောင်းမွန်အောင် လုပ်ကိုင်လိုသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယ၏ မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုမှာ လုံခြုံရေး၊ အိမ်နီးချင်းကောင်း ဖြစ်ရေးနှင့် ပါဝါနိုင်ငံရေး ချိန်ခွင်လျှာ မျှရေး အစရှိသည့် အခြေခံ အကျိုးစီးပွားများ အားလုံးနှင့် ပတ်သက်လျက် ရှိသည်။

ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်မှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ နှစ်စဉ် အပြန်အလှန် အလည်အပတ် ခရီးစဉ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ပြီးခဲ့သည် ၂၀၀၉ ခုနှစ်တွင် အိန္ဒိယ ဒုတိယ သမ္မတ Hami Ansari မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိန္ဒိယသို့ သွားရောက် လည်ပတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ် ကုန်ပိုင်းတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိရာ အိန္ဒိယ နိုင်ငံကလည်း အကူအညီ ပေးလိုသည့် သဘောတွင် ရှိသည်။ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းစနစ် ပြီးဆုံးသွားပါက မီဇိုရမ် ပြည်နယ်သို့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံသို့ ဆက်သွယ်နိုင်မည့် Rhitiddin နှင့် Rhi Falam လမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကို ထုတ်ပြန် ကြေညာလိမ့်မည် ဖြစ်သည်။ ဖြစ်နိုင်ခြေ ရှိသော နောက်ထပ် အဆင့် တစ်ခုမှာ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း ပူးပေါင်း ဆောင်ရွက်ရန် ကြေညာခြင်းပင် ဖြစ်လိမ့်မည်။

The Times of India သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment