Transparency Myanmar

transparency.myanmar@gmail.com

ဗိုလ်ချုပ်အောင်ဆန်း ၉၆နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် NLD ရုံးချုပ်တွင်ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

            အမျိုးသားလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၆နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးချုပ်တွင်ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ 
          
အခမ်းအနားသို့ မြို့နယ်ပေါင်းစုံမှ ကျောင်းသားအရွယ်ကလေးငယ် ၁၅၀ခန့် တက်ရောက်လာကြပြီး ဗိုလ်ချုပ်၏ မိန့်ခွန်းများကို ကလေးငယ်များက သရုပ်ဆောင်ဖျော်ဖြေသည့်ပွဲနှင့် ကလေးငယ်များအတွက် ကစားပွဲများ ထည့်သွင်း ကျင်းပခဲ့ကြောင်းသိရသည်။ 
         
ဗိုလ်ချုပ်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်ဖေဖာဝါရီလ ၁၁ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မင်္ဂလာဒုံ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်များရှိ ကျောင်းများသို့ အလှူငွေ သိန်းတစ်ရာကျော်ဖိုး သွားရောက်လှူဒါန်း ခဲ့ရာ မင်္ဂလာဒုံနှင့် တိုက်ကြီးမြို့နယ်များတွင် ဒေသဆိုင်ရာ အာဏာပိုင်များက အနှောင့်အယှက်ပြုခဲ့သည်ဟုလည်း ဒေါက် တာ မေဝင်းမြင့်က ပြောကြားခဲ့သည်။ 

_______________________________________________________________________

အစိုးရသစ်လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့် ပိုမိုရရှိမည်

ဖေဖော်ဝါရီ ၁၃

      မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် မြို့ပြလုံခြုံရေးနှင့် အစိုးရဝန်ကြီးများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောင်းလဲ တာဝန်ယူသွားမည်ဟု သိရ သည်။

      အစိုးရသစ်တက်ပါက ဖွဲ့စည်းပုံအသစ်ဖြင့် ပြောင်းလဲရန် စီစဉ်ထားသည့်အတိုင်း ယခင် တပ်မတော်က တာဝန်ယူ ထားသည့် လုံခြုံရေးတာဝန်များကို လျှော့ချကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် ကြီး မားလာမည်ဖြစ်ပြီး အင်အားတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခု နေရာသို့ ယူလာနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

      ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီးအလိုက် ရဲချုပ်များအဖြစ် ထားရှိသွား မည်ဖြစ်ပြီး လက်ရှိ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြည်ထောင်စု ရဲချုပ်ကြီးအဖြစ် တာဝန်ယူသွားရန် ရှိသည်ဟု သိရသည်။

      မြန်မာနိုင်ငံ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားမည့် အစီအစဉ်အတိုင်း စတင် အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

      "စစ်တပ်ဘက်က တချို့ လူတွေကို ရဲတပ်ဖွဲ့ထဲ ပြောင်းထည့်တာ ရှိသလို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ အရာရှိ အနေနဲ့ ထပ်ခေါ်နေတာ တွေလည်း ရှိတယ်။ အောက်ခြေကို အင်အားထပ်ဖြည့်နေတယ်" ဟု ၎င်းက ဆိုသည်။ 

_______________________________________________________________________

မေးခွန်း ၂ ခု လွှတ်တော်သို့ တင်သွင်းမည့် NDF ပါတီ

ဖေဖော်ဝါရီ ၁၃

      အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များသည် လွှတ်တော် မတက်ရောက်မီကပင် ကြိုတင်ပြင်ဆင်ထားခဲ့သော မေးခွန်းနှစ်ခုကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

  မေးခွန်းတွင် လယ်ယာမြေ ဥပဒေဆိုင်ရာနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တို့ပါဝင်ကြောင်း သိရပြီး ပထမမေးခွန်း ဖြစ်သည့် လယ်ယာ မြေ သီးစားချထားရေး ဥပဒေအရ လယ်ယာမြေများမှာ နိုင်ငံပိုင်ဖြစ်နေသော်လည်း လယ်မြေများကို ကုမ္ပဏီများက သိမ်းယူမှုမျိုး ရှိနေရာ ၁၉၆၃ ခုနှစ်တွင် လယ်သမားများအတွက် ထုတ်ပြန်ထားသော ဥပဒေက လယ်သမား များကို အကာအကွယ်ပေးနိုင်မှု ရှိမရှိဆိုသည့် မေးခွန်းဖြစ်ပြီး အဆိုပါမေးခွန်းကို ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က မေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

      ဒုတိယမေးခွန်းသည် စာအုပ်စာပေများ လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ရေးသားခွင့် မရှိသဖြင့် စာပေလွတ်လပ်ခွင့် (Press Freedom) ကို မည်သို့ဆောင်ရွက်ပေးနိုင်မည်နည်းဆိုသည့် မေးခွန်းဖြစ်ပြီး အဆိုပါမေးခွန်းကို လမ်းမတော် မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက မေးမြန်းမည်ဖြစ်သည်။

      ယင်းမေးခွန်းနှစ်ခု မေးမြန်းရန် လုပ်ထုံးလုပ်နည်းအရ ၁၀ ရက် ကြိုတင်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ် သဖြင့် ကြိုတင် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

      လွှတ်တော်အတွင်းတွင် မေးခွန်းမေးရန်အတွက် ၁၀ ရက်၊ အဆိုတင်ရန် ၁၅ ရက်နှင့် ဥပဒေ ကြမ်းတင်သွင်းရန် ရက်ပေါင်း ၃၀ ကြိုတင် တင်ပြကြရမည်ဖြစ်သည်။

_____________________________________________________________________________________

တစည ပါတီ၏ ပြည်ထောင်စုနေ့အခမ်းအနား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။

      တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၆၄) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ တက္က သိုလ်ရိပ်သာလမ်း ဗပိာုစည်းရုံးရေးကော်မတီဋ္ဌာနချုပ်၌ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက် စနေနေ့ နေ့လည်ပိုင်း၌ ပြု လုပ်ခဲ့သည်။

      အခမ်းအနား၌ သဘာပတိ ဖြစ်သူ တစညပါတီဥက္ကဋ္ဌ ဦးထွန်းရီမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ အလုပ် အမှုဆောင် ဦးပာန်ရွှေက ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထိုပြည်ထောင်စုနေ့ အခမ်းအနား၌ တစည ပါတီဝင်များမှ ဒီမိုကရေစီနှင့် ပတ်သတ်သည့် သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းပြောကြားခဲ့သည်။ 
          
မြန်မာနိုင်ငံ၌ ပြည်ထောင်စုအစိုးရသစ် အဖွဲ့မကြာမီ ပေါ်ထွန်းလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများမှ ဆန္ဒ မစောကြရန် အရေးကြီးကြောင်း၊ လက်ရှိအစိုးရသစ်အနေဖြင့်လည်း ဥပဒေပြဋ္ဌာန်းခြင်းမျိုး စတင်မလုပ်ဆောင်ရသေးသည့် အတွက် ပြည်သူများဆန္ဒမစောကြရန် လိုအပ်ကြောင်း၊ အစိုးရသစ်၏လုပ်ကိုင်ပုံများကိုလေ့လာပြီးမှသာ အကဲဖြတ်ဆုံးဖြတ် သင့်ကြောင်း တစညပါတီမှ ဦးမန်းမောင်မောင်ဥာဏ်မှ ပြောကြားခဲ့သည်။ 

         ပါတီအနေဖြင့်လည်း အစိုးရသစ်၏ လှုပ်ရှားမှုပေါ်မူတည်ကာ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အစိုးရ သစ်အနေနှင့်လည်း နိုင်ငံရေးနှင့် စီးပွားရေးဘက်တို့၌ စိန်ခေါ်မှုများနှင့်တွေ့ကြုံရမည်ဖြစ်ကြောင်း၊ တင်သွင်းသည့် ဥပဒေ ကြမ်း၌ မိမိတို့၏ လိုအပ်ချက်များ ပါမပါစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဘဏ္ဍာငွေအရသုံး နှင့်ပတ်သတ်၍လည်း ပြည်သူများသိရှိရန် လိုအပ်သည်ဖြစ်ကြောင်း ဦးမန်းမောင်မောင်ဥာဏ်မှ ပြောကြားခဲ့သည်။ 

_______________________________________________________________________

ညီညွှတ်ရေးဘက်သို့ ဦးတည်သည့် ဦးခင်မောင်ဆွေ၏ စီးပွားရေးဒီမိုကရေစီသဘောတရား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃။

            လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများအားလုံး အဃာသကင်းစင်စွာဖြင့် ယုံကြည်မှုတည်ဆောက်ရန် အရေးကြီး ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

           လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများအားလုံး အပြန်အလှန်လေးစားနားလည်မှု စ၍တည်ဆောက်ကြရတော့ မည် ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း၌လည်း မည်သည့်ပြိုင်ဘက်ပါတီကိုမှ တိုက်ခိုက်မည်မပာုတ်ကြောင်း၊ ပါတီတိုင်း၏ ဆောင်ရွက်မှုများသည် တိုင်းပြည်၏ လူမျိုးအကျိုးနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အဃာတကင်းစင်မှုများမြင်သာအောင်ပြ၍ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးပါတီအချင်းချင်း ယုံကြည်မှုရလာနိုင်မည် ဖြစ်ကြောင်း၊ ထိုယုံကြည်မှုမှသည် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင် အားစုပါတီမှ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေမှ ပြောကြားသည်။

            စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သတ်၍လည်း ပြန်ဖွင့်ပေးရန် စီးပွားရေးပိတ်ဆို့ထားသည့် နိုင်ငံများကို ပြောရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ စီးပွားရေးပိတ်ဆို့ထားသည့်အတွက် ပြည်သူများမှာ စားစရာရှိသော်လည်း တိုးတတ်မှုမရှိကြောင်း၊ စီးပွားရေးပိတ်ဆို့မှုကို ပြန်လည် ဖွင့်ပေးပါက ပြည်သူများ၏အလုပ်အကိုင်နှင့် အခွင့်အလမ်းများစွာ ရလာမည်ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများကို ဖွင့်ပေးရန်လိုအပ်နေ ပြီဖြစ်ကြောင်း NDF ပါတီမှ နိုင်ငံရေးခေါင်းဆောင်ဦးခင်မောင်ဆွေမှ ထပ် လောင်းပြောကြားခဲ့သည်။ 
            
စီးပွားရေးအောင်မြင်မှုများပေါ်လာမှသာ နောင်ငါးနှစ်လွှတ်တော်သတ်တမ်းတွင် ပြည်သူများ ညီညွှတ်ရေးဘက် သို့ ဦးတည်လာနိုင်မည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေမှ ပြောကြားခဲ့သည်။

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment