Transparency Myanmar

transparency.myanmar@gmail.com

(BBC News မှ 11 February 2011 ရက်စွဲပါ "Egypt's Mubarak Resigns as Leader" ကို ဘာသာ ပြန်ဆိုသည်)

ကိုင်ရိုနှင့် အခြား နေရာများတွင် ရက်သတ္တပတ်ပေါင်း များစွာ ဆန္ဒပြမှုများ နောက်ပိုင်းတွင် ဟော့စနီ မူဘာရက်သည် အီဂျစ် သမ္မတ အဖြစ်မှ နုတ်ထွက် သွားပြီ ဖြစ်သည်။ အဆိုပါ သတင်းအား ထောင်ပေါင်း များစွာက ဆန္ဒပြမှုများ၏ ဗဟို ဖြစ်သော ကိုင်ရို၏ Tahrir ရင်ပြင်တွင် အပျော်ကြီး ပျော်ကာ အောင်ပွဲ ခံခဲ့သည်။

မူဘာရက်သည် နှစ်ပေါင်း သုံးဆယ် အုပ်ချုပ်ခဲ့ပြီး ဆန့်ကျင် ဆန္ဒပြမှုများကို နှိပ်ကွပ်ခဲ့ကာ အတိုက် အခံများအား ထောင်ချ ဖမ်းဆီး ခဲ့သူ ဖြစ်သည်။

ယင်းကဲ့သို့ မူဘာရက် နုတ်ထွက် အပြီးတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အီဂျစ်သည် ယခု အခါ အရပ်သား ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ သွားရတော့မည်ဟု ပြောကြားလိုက်သည်။

ယခု အဆုံး မဟုတ်သေးကြောင်း၊ အစပြုခြင်းသာ ဖြစ်ပြီး ခက်ခဲသော နေ့ရက်များ ရှိနေမည် ဖြစ်ကြောင်း၊ သို့သော် အီဂျစ် ပြည်သူများ အနေဖြင့် အဖြေကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း အိုဘားမားက ဖြည့်စွက် ပြောကြား ခဲ့သည်။

"အီဂျစ် ပြည်သူတွေရဲ့ အသံကို ကြားခဲ့ရပြီးပါပြီ၊ အီဂျစ်ဟာ အရင်လို ပြန်မဖြစ်တော့ပါဘူး" ဟု မစ္စတာ အိုဘားမားက ဆိုသည်။

"ဒီမိုကရေစီ စစ်စစ်ထက် မလျော့အောင် သူတို့ လျှောက်လှမ်းကြမယ် ဆိုတာ သူတို့ ရှင်းရှင်း လင်းလင်း ပြောခဲ့ကြပြီးပါပြီ" ဟု အိုဘားမားက ဆက်လက် ပြောသည်။

မူဘာရက်၏ နုတ်ထွက်မှုကို ဒုတိယ သမ္မတ အိုမာဆူလေမန်က ပြောကြားရာတွင် သမ္မတသည် အာဏာကို စစ်တပ်သို့ လွှဲပြောင်း ပေးခဲ့သည်ဟု ဆိုသည်။

မစ္စတာ ဆူလေမန်က နိုင်ငံပိုင် ရုပ်သံမှ ပြောကြားရာတွင် စစ်တပ်၏ ဦးဆောင်အဖွဲ့က အာဏာ လွှဲပြောင်း ရယူ ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်တပ် အရာရှိ တစ်ဦးက မူဘာရက်ကို အလေးပြုသော ကြေညာချက်ကို ဖတ်ကြားရာတွင အီဂျစ်သို့ မူဘာရက် ပေးဆပ်ခဲ့မှုများကို ဖတ်ကြား ခဲ့သည်။

"ပြည်သူများထက် ပို၍ တရားဝင်မှု ဆိုသည်မှာ မရှိပါ" ဟု ကြေညာချက်က ဆိုသည်။

စစ်တပ်၏ ၏ ဦးဆောင် အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီး Mohamed Hussein Tantawi က ဦးဆောင်သည်။

ဝီကီလိခ်မှ ဖော်ပြသော အမေရိကန် သံတမန် ကေဘယ်တွင် ဖီးမာရှယ် Tantawi အား အသက် ကြီးနေပြီ ဖြစ်ပြီး ပြောင်းလဲမှုကို မလိုလားသူ ဖြစ်ကြောင်း၊ သို့သော် အစ္စရေးနှင့် စစ်မတိုက်တော့ရန် ကတိ ပြုထားကြောင်း ဖော်ပြ ထားသည်။

ယခု အခါမူ မူဘာရက်သည် ကိုင်ရိုမှ ထွက်ခွာ သွားပြီး ယင်း၏ အိမ်တစ်လုံး ရှိရာ ပင်လယ်နီရှိ Sharm El-Sheikh အပန်းဖြေ စခန်းတွင် ရောက်ရှိ နေကြောင်း တာဝန် ရှိသူများက ပြောသည်။

ကိုင်ရိုတွင် ထောင်ပေါင်းများစွာသော လူများသည် သမ္မတ နန်းတော်၊ Tahrir ရင်ပြင်နှင့် နိုင်ငံပိုင် ရုပ်မြင် သံကြား ဌာန အပြင်တွင် စုဝေးခဲ့ကြပြီး "ပြည်သူတွေ အောင်ပွဲ ရခဲ့ပြီ" ဟု မူဘာရက် နုတ်ထွက်သည့် သတင်းကို ကြားအပြီးတွင် ကြွေးကြော် ခဲ့ကြသည်။

အတိုက် အခံ ခေါင်းဆောင် Mohamed ElBaradei က ပြောကြား ရာတွင် "ဒီနေ့ဟာ ကျွန်တော့် ဘဝရဲ့ အကြီးကျယ်ဆုံး နေ့ပါပဲ" ဟု ဆိုသည်။

"အီဂျစ် ပြည်သူတွေ လူသား ဘဝနဲ့ လွတ်မြောက်ခွင့် ပြန်ရလို့ ဝမ်းသာတဲ့ ပမာဏကို နားလည် နိုင်လိမ့်မယ် မထင်ဘူး" ဟု ယင်းက ပြောသည်။

အီဂျစ်တွင် ပိတ်ပင် ထားသော အစ္စလာမ် အတိုက် အခံ လှုပ်ရှားမှု ဖြစ်သော Muslim Brotherhood က စစ်တပ်၏ ကတိ တည်မှုကို လေးစားကြောင်း ပြောခဲ့သည်။

"ကျွန်တော် အီဂျစ် ပြည်သူတွေနဲ့ အာဇာနည်တွေကို အလေးပြုပါတယ်။ ဒီနေ့ဟာ အီဂျစ် ပြည်သူတွေရဲ့ အောင်ပွဲနေ့ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ပါပြီ" ဟု ပါလီမန် ခေါင်းဆောင်ဟောင်း Brotherhood အဖွဲ့မှ Mohamed el-Katatni က ပြောသည်။

၂၀၀၅ ခုနှ်က မူဘာရတ် နှင့်အပြိုင် သမ္မတ အရွေး ခံခဲ့သော Ayman Nour ကလည်း ယနေ့သည် အီဂျစ် နိုင်ငံ သမိုင်း၏ အကြီးကျယ် ဆုံးနေ့ အဖြစ် ဖော်ပြ ခဲ့သည်။

"တိုင်းပြည်က အသစ် မွေးဖွား ခဲ့ပါပြီ၊ ပြည်သူတွေလည်း ပြန်လည် မွေးဖွားခဲ့ပြီ အီဂျစ် နိုင်ငံက တိုင်းပြည် အသစ် ဖြစ်ပါတယ်" ဟု ယင်းက Al-Jazeera ရုပ်သံသို့ ပြောသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Amr Moussa က ၎င်းသည် Arab League ၏ အထွေထွေ အတွင်းရေးမှူး အဖြစ်မှ ရက်သတ္တပတ် အနည်းငယ် အတွင်း နုတ်ထွက်မည်ဟု အီဂျစ် သတင်း ဌာန တစ်ခု ဖြစ်သော Mena က ဖော်ပြခဲ့သည်။ ၎င်းက သမ္မတ ဖြစ်မည်ဟု အရိပ်အမြွက် ပြောကြား ခဲ့သည်။

ကိုင်ရိုမှ BBC သတင်းထောက် Jon Leyne က ပြောကြား ရာတွင် ကြေညာချက်ကို လူတိုင်း အံ့အား သင့်သွားပြီး ကားဟွန်းများ တီး၍ လေထဲသို့ သေနတ်များ ပစ်ဖောက် ခဲ့ကြသည်ဟု ဆိုသည်။

သို့သော် စစ်တပ်က အာဏာ လွှဲပြောင်း ရယူခြင်းသည် စစ်တပ်မှ အာဏာ သိမ်းသည်နှင့် တူကြောင်း BBC သတင်းထောက်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း မရှိတော့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရားဝင် အာဏာ လွှဲပြောင်း ရယူမည့် သူမှာ ပါလီမန် ဥက္ကဋ္ဌ ဖြစ်ပြီး စစ်တပ်မှ မဟုတ်ကြောင်း ၎င်းက ပြောသည်။

သမိုင်းဝင် ပြောင်းလဲမှု

အရှေ့အလယ်ပိုင်း တစ်ခုလုံး တူနီးရှား အပါအဝင် မြောက်အာဖရိက တို့သည် အလွန်အမင်း ပျော်ရွှင် ကြလိမ့်မည် ဖြစ်သည်။ တူနီးရှားတွင် ပြီးခဲ့သည့်လက ပြည်သူများသည် သမ္မတကို ဖြုတ်ချခဲ့သည်။

Mr.Moussa က ပြောကြားရာတွင် ယခု အီဂျစ်မှ အဖြစ်အပျက် များသည် တိုင်းပြည် စုစည်း ညီညွတ်မှု တည်ဆောက်ရန် အခွင့် အလမ်း ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယခု အဖြစ်အပျက်အား အီရန်က ကြီးမားသော အောင်မြင်မှု ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

အစ္စရေး အကြီးတန်း တာဝန် ရှိသူ တစ်ဦးက မူဘာရက်၏ နုတ်ထွက်မှုသည် ကိုင်ရိုနှင့် ငြိမ်းချမ်းသော ဆက်ဆံရေးကို ပြောင်းလဲ စေမည် မဟုတ်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူများ၏ အကျိုးစီးပွားကို ကြည့်၍ ခက်ခဲသော ဆုံးဖြတ်ချက် ချမှတ်ခြင်း အတွက် လေးစားကြောင်းနှင့် တရား ဥပဒေ စိုးမိုးပြီး ငြိမ်းချမ်းသော အသွင် ကူးပြောင်းမှု အတွက် တိုက်တွန်း ခဲ့သည်။

ဥရောပ သမဂ္ဂ ခေါင်းဆောင် များကလည်း မူဘာရက်၏ နုတ်ထွက်မှုအား အပေါင်း လက္ခဏာ ဆောင်သော တုန့်ပြန်မှု ပြုလုပ် ခဲ့သည်။

အီးယူ အနေဖြင့် ဆုံးဖြတ်ချက်အား လေးစားကြောင်းလည်း နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Baroness Ashton က ပြောကြား ခဲ့သည်။

"အခု အချိန်မှာ ကျယ်ပြန့်စွာ အခြေခံတဲ့ အစိုးရ ဖြစ်ဖို့ တွေ့ဆုံ ဆွေးနွေးမှုတွေ အရှိန်မြှင့်ဖို့ အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။ အစိုးရဟာ အီဂျစ် ပြည်သူတွေရဲ့ လိုလားချက်တွေ၊ တည်ငြိမ်မှုတွေ အတွက် လေးစား ရပါမယ်" ဟု သူမက ပြောသည်။

ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကလည်း ယခု အချိန်သည် ပြည်သူများကို တစ်စုတစ်စည်းတည်း ခေါ်ဆောင် နိုင်မည့် အစိုးရ တစ်ခု ဖြစ်ပေါ်ရန် အခွင့် အရေး အတွက် အဖိုးတန် အချိန်ပင် ဖြစ်ကြောင်း နှင့် အရပ်သား ဒီမိုကရက်တစ် အုပ်ချုပ်ရေး ဖြစ်ရန် တောင်းဆိုခဲ့သည်။

ဂျာမနီ အဓိပတိ Angela Merkei ကလည်း အီဂျစ် သမိုင်းဝင် ပြောင်းလဲမှုအား ကြိုဆိုခဲ့သည်။

အီဂျစ်တွင် အလုပ်လက်မဲ့ များပြားခြင်း၊ ဆင်းရဲ မွဲတေခြင်းနှင့် အကျင့်ပျက် ခြစားမှု ကြောင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများကို ဇန်နဝါရီ (၂၅) မှ စ၍ ဖြစ်ပွားခဲ့သည်။

၎င်းဆန္ဒ ပြပွဲများသည် တူနီးရှားတွင် သမ္မတ Zine al-Abidine Ben က Ali အား ဖြုတ်ချခဲ့သည့် ဆန္ဒပြပွဲများ နောက်မှ လိုက်ပါ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment