Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယ နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှုနှုန်းမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ အတွင်း အနှေးကွေးဆုံး အဆင့်တွင် ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော စာရင်း ဇယားများက ဆိုသည်။ အဆိုပါ လအတွင်း အိန္ဒိယ စက်မှု ကုန်ထုတ်လုပ်မှု ဆိုင်ရာ တိုးတက်မှု နှုန်းသည် ယခင်နှစ် ကထက် ၁ ဒဿမ ၆ ရာခိုင်နှုန်းမျှသာ ကြီးထွားလာသည်ကို တွေ့ရှိ ရပေရာ နိုင်ငံ စီးပွားရေး ကျဆင်းလာမည့် အရေးနှင့် ကြုံတွေ့ရဖွယ် ရှိသည်။

မျှော်လင့် ထားသည်ထက် နှေးကွေးသော တိုးတက်မှုနှုန်းသည် အိန္ဒိယ နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရန် အတိုးနှုန်းများ မြှင့်တင် ပေးလိုက်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး Pranab Mukherjee အဆိုအရ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စက်မှု ကုန်ထုတ်လုပ်မှု နှုန်းထားများမှာ အားရ ကျေနပ်ဖွယ် မရှိခဲ့ပေ။ အိန္ဒိယ စီးပွားရေး လေ့လာ ဆန်းစစ်သူ များကမူ သတ္တုတွင်းများ၊ စက်ရုံများ၊ ရေအား လျှပ်စစ် အစရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ ၂ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု ခန့်မှန်းခဲ့ကြသည်။

အိန္ဒိယ၏ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှုမှာ အာရှ အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှုမှာ ပြီးခဲ့သည် ၂၀၁၀ ပြည့်နှစ်၊ တတိယ လေးလပတ်တွင် ၁၃ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အိန္ဒိယ နိုင်ငံလုံး ဆိုင်ရာ စက်မှု ကုန်ထုတ်လုပ်မှု ညွှန်းကိန်းတွင် ၈၀ ရာခိုင်နှုန်း ပါဝင်သည့် ကုန်ထုတ်လုပ်မှု ပမာဏမှာ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၁ ဒဿမ ၀ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ အဆိုပါပမာဏသည် ယမန်နှစ် ကထက် ၁၉ ဒဿမ ၆ ရာခိုင်နှုန်းခန့် လျော့ကျသွားခြင်း ဖြစ်သည်။

အိန္ဒိယ အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာလ၏ စက်မှု ကုန်ထုတ်လုပ်မှု နှုန်းကို ၃ ဒဿမ ၆၂ ရာခိုင်နှုန်း အထိ မြင့်တက် လာသည်ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။ ယမန်နှစ် (၂၀၀၉ ခုနှစ်) တွင်မူ ၂ ဒဿမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ အိန္ဒိယ၏ စီးပွားရေးသည် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ် မတိုင်မီ လက်ရှိ ကာလအတွင်း ၈ ဒဿမ ၆ ရာခိုင်နှုန်း အထိ
တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း အစိုးရက ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် စီးပွားရေး တိုးတက်မှုနှုန်း ဖြစ်သော ၈ ဒဿမ ၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားမည်ဟု သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment