Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံခြား အစိုးရများထံမှ စားနပ်ရိက္ခာ အကူအညီ တိုက်ရိုက် တောင်းခံရန် ပြုံယမ်း ကွန်မြူနစ် အစိုးရက မြောက်ကိုရီးယား သံရုံးများကို အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။ ယင်းသို့ အမိန့် ထုတ်ပြန်ရာတွင် မြောက်ကိုရီးယားကို စားနပ်ရိက္ခာ အကူအညီ ဖြတ်တောက်ထားသော အမေရိကန် အစိုးရ ထံမှလည်း အကူအညီများ ပြန်လည် ရယူနိုင်ရေး အတွက် အဆိုပြုရန် ပါဝင်သည်။ ကွန်မြူနစ် အစိုးရ၏ အမိန့် ထုတ်ပြန်ချက်ကို ကြည့်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်း၌ အထီးကျန် ဖြစ်နေသော မြောက်ကိုရီးယား၌ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည် ဟူသော အချက်မှာ ပေါ်လွင်နေသည်။

လွန်စွာ လျှို့ဝှက်လွန်းသော ပြုံယမ်း ကွန်မြူနစ် အစိုးရသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကူအညီ တောင်းခံရန် မြောက်ကိုရီးယား သံရုံးများသို့ အမိန့်စာ ပေးပို့ခဲ့သည်ဟု ယူဆရသည်။ တောင်ကိုရီးယား သတင်းစာ တစ်စောင် ရေးသားချက် အရ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်ကြီးက လူ့အခွင့်အရေး ဆိုင်ရာ အမေရိကန် အထူး သံတမန်နှင့် မြောက်ကိုရီးယား နိုင်ငံတွင် တွေ့ဆုံရာ၌ အမေရိကန် ပြည်ထောင်စု အနေဖြင့် စားနပ်ရိက္ခာများ ပြန်လည် ထောက်ပံ့ပေးရန် အဆို ပြုခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လတွင် မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ရပ်ဆိုင်း ပစ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံက လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်မှုများကို အနီးကပ် စောင့်ကြည့် လေ့လာမည့် ကိစ္စအား ပယ်ချ လိုက်ပြီးနောက် အမေရိကန်က ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုပါက မြောက်ကိုရီးယားသည် နိုင်ငံခြား အစိုးရများထံသို့ တိုက်ရိုက် ချဉ်းကပ်ပြီး စားနပ်ရိက္ခာ အကူအညီ တောင်းခံမှုမျိုး မပြုလုပ်ပေ။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် အခြားသော နိုင်ငံတကာ အန်ဂျီအိုကြီးများမှ တစ်ဆင့် အကူအညီ တောင်းခံလေ့သာ ရှိသည်။

WFP ၏ အစီရင်ခံချက် အရ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း မြောက်ကိုရီးယား စားနပ်ရိက္ခာ အစီအစဉ် အတွက် လျာထားသော ရန်ပုံငွေ၏ ငါးပုံတစ်ပုံသာ ထောက်ပံ့ ပေးနိုင်ခဲ့သည်ဟု သိရသည်။

ဤအတောအတွင်း စားနပ်ရိက္ခာ ထောက်ပံ့မှု ဆိုင်ရာ အေဂျင်စီများက ယခု ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ မလုံလောက်မှုတို့နှင့် ကြုံတွေ့ရဖွယ် ရှိကြောင်း၊ အကြောင်းမှာ  ၂၀၁၀ ပြည့်နှစ် အတွင်း ဖြစ်ပွားခဲ့သော မိုးခေါင်မှုများ၊ ရေလွှမ်းမိုးမှုများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ကြီး များကြောင့် စားနပ်ရိက္ခာ ဈေးနှုန်းများ အဆမတန် မြင့်တက် ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ဆိုကြသည်။ မြောက်ကိုရီးယား နိုင်ငံတွင်း အခြေအနေ မှာလည်း ပိုမို ဆိုးရွာဖွယ်သာ ရှိသည်။ အကြောင်းမှာ ပြီးခဲ့သည့် ဆောင်းရာသီမှာ လွန်စွာ ဆိုးရွားခဲ့ပြီး ကောက်ပဲသီးနှံ ဖြစ်ထွန်းမှု လျော့ကျခဲ့သည်ကို တွေ့ရ၍ ဖြစ်သည်။

WFP နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့က လတ်တလော အနေအထားတွင် မြောက်ကိုရီးယား နိုင်ငံတွင်း စားနပ်ရိက္ခာ အကဲဖြတ်မှုများ စတင် လုပ်ကိုင်နေပြီ ဖြစ်သည်။ ကျွမ်းကျင်သူ ပညာရှင်များက မြောက်ကိုရီးယား နိုင်ငံတွင်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကျပ် အတည်းများ ဖြစ်ပေါ်လိမ့်မည်ဟု မယူဆကြပေ။ နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေကို ပြောရန် စောလွန်းသေးသည် ဟုသာ ဆိုကြသည်။

Opendemocracy မှ သတင်းကို ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment