Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနှင့် ပါကစ္စတန် အကြား နှစ်နှစ် ကျော်မျှ ရပ်ဆိုင်းခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပထမဆုံး အဖြစ် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း အစိုးရ အရာရှိကြီးများ၏ ပြောဆိုချက် အရ သိရသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မွန်ဘိုင်းမြို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံက ပါကစ္စတန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်း ပစ်လိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ဘူတန်နိုင်ငံ၊ Thimphu မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ဒေသဆိုင်ရာ ကွန်ဖရင့်၌ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ စလုံးက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်ရန် သဘော တူခဲ့ကြကြောင်း အိန္ဒိယ စီနီယာ သံတမန် တစ်ဦးက သတင်းထောက်များကို ပြောကြားသည်။ ယင်းဒေသတွင်း ဖိုရမ်သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ပိုင်း အိန္ဒိယ- ပါကစ္စတန် နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ အကြား ပထမဆုံးသော တွေ့ဆုံမှု တစ်ရပ် ဖြစ်ခဲ့သည်။

အစ္စလမ်မာဘတ်မြို့ အခြေစိုက် စီနီယာ အရာရှိကြီး တစ်ဦးက ပုံမှန် ပြုလုပ်နေကျ ဖြစ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်ရေး အတွက် တိုးတက် ဖြစ်ထွန်းမှုများ ရှိသည်ဟု ဆိုထားသော်လည်း ပါကစ္စတန် အစိုးရ အရာရှိကြီးများက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။ စီနီယာ အရာရှိကြီး တစ်ဦးကမူ "ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ် ပြန်လုပ်ဖို့ တိုးတက် ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြန်လည် စတင်ဖြစ်မလဲ ဆိုတာတော့ ကျွန်တော် ခုချိန်မှာ မပြောနိုင်သေးပါဘူး" ဟု ဆိုသည်။

နျူကလီးယား ပိုင်ဆိုင်သော အိန္ဒိယ-ပါကစ္စတန် အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေး အေးခဲ တင်းမာခဲ့မှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ များစွာ ဂယက်ရိုက်မှုများ၊ အံ့အားသင့်မှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက် နှိမ်နင်းမှုများ လုပ်ကိုင်နေသည့် အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်များ အပေါ် ထိခိုက်မှုများ ရှိခဲ့သည်။

ယခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်မည် ဟူသော ကိစ္စက အရေးကြီးသော နှစ်နိုင်ငံ ဆက်ဆံရေးတွင် အပြုသဘော ဆောင်သော အရွှေ့အပြောင်း တစ်ခုကို ညွှန်းဆိုလိမ့်မည် ဖြစ်သည်။ မွန်ဘိုင်းမြို့တွင် ၂၀၀၈ ခုနှစ်အတွင်း ပါကစ္စတန် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးချိန် မှစ၍ နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ် ကိစ္စကို ရပ်ဆိုင်း ပစ်ခဲ့သည်။ ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်သည် နှစ်ဖက်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်ပြီး ကက်ရှ်မီးယား ကိစ္စ အပါအဝင် နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် အရေးကိစ္စများကို ဆွေးနွေးခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ လေ့လာ အကဲခတ်သူများက ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ် ပြန်လည် စတင်မည့် ကိစ္စအပေါ် အပြုသဘော ဆောင်သည့် သုံးသပ်ချက်များ မပြုလုပ်ကြသေးပေ။ အိန္ဒိယ နိုင်ငံက ပါကစ္စတန် နယ်စပ်ဒေသ အကြား ခြေကုပ်ယူ လှုပ်ရှားနေသော အကြမ်းဖက် သမားများကို ထိထိ ရောက်ရောက် ကိုင်တွယ်နှိမ်နင်းရန် အစ္စလမ်မာဘတ် အစိုးရအား တောင်းဆိုထားသည်။ သို့သော် အစ္စလာမာဘတ်က နယ်စပ်ဒေသတွင် အကြမ်းဖက်များ ခြေကုပ်ယူ လှုပ်ရှားနေသည် ဟူသော စွပ်စွဲ ပြောဆိုချက်များ အတွက် သိသာ မြင်သာသော အထောက် အထားများ ထုတ်ဖော် ပြသရန် အိန္ဒိယ အစိုးရကို ပြောကြားထားသည်။

Opendemocracy မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment