Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, By Eric Talmadge (AP Writer), 27th February 2010

          စနေနေ့က ချီလီနိုင်ငံ ကမ်းရိုးတန်းတွင် လှုပ်ခဲ့သော ငလျင်ကြောင့် တောင်ပစိဖိတ်၊ အာရှနှင့် သြစတြေးလျတို့တွင် ဆူနာမီ ဖြစ်လာနိုင်သောကြောင့် သက်ဆိုင်ရာနိုင်ငံများက ပြင်ဆင်လျက် ရှိသည်။

          ဂျပန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ငလျင်ကြောင့် ၂၄ နာရီအတွင်း အာရှတိုက် ကမ်းရိုးတန်းတလျှောက် ဆူနာမီ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ဟာဝိုင်ယီရှိ ပစိဖိတ် ဆူနာမီ သတိပေး ဗဟိုဌာနက ပစိဖိတ် ဒေသတလျှောက် ဆူနာမီ သတိထားရန် ထုတ်ပြန်ထားသည်။

          ပင်လယ်ရေမျက်နှာပြင် အမြင့်ကို ဖတ်ခြင်းဖြင့် အပျက်အစီး များနိုင်သော ဆူနာမီ ဖြစ်လာနေပြီ ဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု ချီလီကမ်းခြေတွင် စကေး ၈.၈ ရှိ ငလျင်လှုပ်အပြီး ဟာဝိုင်ယီ ဗဟိုဌာနမှ ထုတ်ပြန်သော သတင်းလွှာတွင် ပြောကြားထားသည်။ အာဏာပိုင်များအနေဖြင့် သင့်တော်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဖော်ပြထားသည်။

          ဗဟိုဌာန၏ မှတ်သားထားချက်အရ ငလျင်ပြီးနောက် ပထမဆုံး ဖြစ်လာမည့် ဆူနာမီလှိုင်းသည် အကြီးဆုံး ဖြစ်လိမ့်မည် မဟုတ်ဟု ယူဆရမည် ဖြစ်သော်လည်း ဆူနာမီလှိုင်း၏ အမြင့်ကို ခန့်မှန်းရန် ခက်ခဲကြောင်း၊ ကမ်းရိုးတန်းတလျှောက် သက်ဆိုင်ရာ နိုင်ငံ၏ မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ အမြင့် အမျိုးမျိုး ဖြစ်နိုင်ကြောင်း သိရှိရသည်။

          ပစိဖိတ်တကြောရှိ ငလျင်များသည် အတိတ်ကာလက အာရှ၌ ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်ခဲ့သည်။

          ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံ ငလျင်သည် စကေး ၉.၅ ရှိပြီး မှတ်တမ်းများအရ အကြီးဆုံးငလျင် ဖြစ်ကာ၊ ယင်းငလျင်နောက်က ဖြစ်လာသော ဆူနာမီသည် ဂျပန်တွင် လူ ၁၄ ဦး၊ ဟာဝိုင်ယီတွင် ၆ ဦးနှင့် ဖိလစ်ပိုင်တွင် ၃၂ ဦး သေဆုံးစေခဲ့ပါသည်။ ဆူနာမီ လှိုင်း၏ အမြင့်သည် ၃.၃ မှ ၁၃ ပေအထိ ၁ မီတာ မှ ၄ မီတာထိ မြင့်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။

          ယခု စနေနေ့က လှုပ်သော ငလျင်ကြောင့် ဖြစ်ပေါ်နိုင်သော ဆူနာမီမှာ သေးငယ်လိမ့်မည်ဟု ခန့်မှန်းရပြီး၊ အဘယ်ကြောင့်ဆိုသော် ငလျင် အားမပြင်းသောကြောင့်ဟု ဆိုသည်။

          ဂျပန်၏ NHK သတင်းဌာနက ငလျင်ကျွမ်းကျင်သူများ၏ အဆိုကို ကိုးကား၍ ပြောဆိုရာတွင် ယခု ဆူနာမီသည် စင်တီမီတာ (လက္မ) ဆယ်ဂဏန်းခန့်သာ ရှိမည် ဖြစ်ပြီး ၂၂ နာရီအတွင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်က ချီလီနိုင်ငံတွင် စကေး ၈.၄ ရှိ ငလျင်ကြောင့် ဆူနာမီသည် ၂၈ စင်တီမီတာ (၁၁ လက္မ)သာ ရှိသည်ဟု သိရှိရသည်။

          မိုးလေဝသ အေဂျင်စီက ပြောကြားရာတွင် ယခု စကေး ၈.၈ ငလျင်ကြောင့် ဖြစ်လာနိုင်သည့် ဆူနာမီကို ဖြစ်နိုင် မဖြစ်နိုင် စုံစမ်းဆဲ ရှိနေသောကြောင့် ပုံမှန်ကမ်းရိုးတန်း သတိပေးချက်ကိုပင် မထုတ်ပြန်သေးကြောင်း သိရှိရသည်။

          တစ်ချိန်တည်းတွင် သြစတြေးလျကလည်း ဆူနာမီကို စောင့်ကြည့်လျက် ရှိသည်။

          သြစတြေးလျ ဆူနာမီ သတင်းပေး ဗဟိုဌာနသည် New South Wales ပြည်နယ်၊ Queensland ပြည်နယ်၊ Lord Howe ပြည်နယ်နှင့် Norfold ကျွန်းတို့တွင် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ သို့သော် တနင်္ဂနွေနေ့ သြစတြေးလျ စံတော်ချိန် နံနက်ပိုင်းအထိ ဆူနာမီ ဖြစ်ပေါ်ခြင်း မရှိသေးပေ။

          ငလျင်သည် ချီလီ အလယ်ပိုင်း၌ စနေနေ့မနက်က လှုပ်ခတ်ခဲ့ရာ၊ မြို့တော်တွင် တစ်မိနစ်ခွဲခန့် ကြာအောင် လှုပ်ခဲ့သည်။

          ပစိဖိတ် ဆူနာမီ သတိပေး ဗဟိုဌာနသည် အာရှပစိဖိတ် နယ်တလျှောက်၊ နယူးဇီလန်၊ Samoa၊ အမေရိကန် Samoa၊ ဆော်လမွန်ကျွန်းများ၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့ကို သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment