Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ တရားမဝင် လုပ်ငန်း ဆောင်ရွက်ချက်များကို ကိုရီးယား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိပြီးနောက် တောင်ကိုရီးယား အစိုးရက မြန်မာ ရွှေ့ပြောင်းလုပ်သားများအား အလုပ်လုပ်ခွင့် ပါမစ်ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်းလိုက်သည်။ မြန်မာအလုပ်သမားများ မည်သို့သော ပြစ်မှုမျိုး ကျူးလွန်ခဲ့သည် ဟူသော အချက်ကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မြို့ အခြေစိုက် တောင်ကိုရီးယား သံရုံးက မြန်မာလုပ်သားများအတွက် ပါမစ်ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာကြောင်း၊ သံရုံးက အဓိက ပစ်မှတ်ထားသည်မှာ ရွှေအင်းဝ အေဂျင်စီကို ဖြစ်ကြောင်း DVB သတင်းက ဆိုသည်။ အဆိုပါ ရွှေအင်းဝ အေဂျင်စီသည် ပြည်ပသို့ မြန်မာအလုပ်သမား အမြောက်အမြား ပို့လျက် ရှိသော အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။

တောင်ကိုရီးယား သံရုံးက စာတစ်စောင် ထုတ်ပြန်ရာတွင် "ကိုရီးယား ရဲတပ်ဖွဲ့က အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ စေလွှတ်သော မြန်မာလုပ်သားများ မရိုးသား ဟု သံသယ ရှိနေသေးသရွေ့ အလုပ်ပါမစ် ထုတ်ပေးမှုကို ရပ်ဆိုင်းထားမည် ဖြစ်သည်။ သံသယ ရှိနေသည် ဟူသော ကိစ္စမှာ အတည်ပြုပြီး ဖြစ်သည် ဟု ရေးသားထားကြောင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

ကိုရီးယားသံရုံးက ယင်းသို့ ကြေညာချက် ထုတ်ပြန်သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသော်လည်း ပါမစ်ရပ်ဆိုင်းရသည့် အသေးစိတ် အချက်အလက်ကိုမူ ထုတ်ပြန်ကြေညာမှု မပြုပေ။

တောင်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်မှ စတင်ကာ အလုပ်အကိုင် ခန့်အပ်မှုပါမစ်စနစ် (EPS) ဖြင့် မြန်မာလုပ်သားများကို တိုက်ရိုက် ခေါ်ယူခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူများ အနေဖြင့် ကိုရီးယား ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လေ့လာ သင်ယူတတ်မြောက်ရန် လိုအပ်ကြောင်း၊ သို့အတွက် အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများကိုသာ ရွေးချယ် စေလွှတ်ကြောင်း သံရုံးမှ အရာရှိတစ်ဦးက ဆိုသည်။

"ကိုရီးယား ဘာသာကျွမ်းကျင်မှု စာမေးပွဲအောင်တဲ့ သူတွေ စာရင်းကို အွန်လိုင်းကနေ တိုက်ရိုက် ထုတ်ပြန်ကြေညာပါတယ်။ အဲဒီ စာမေးပွဲကို ရွှေအင်းဝနဲ့ ကိုရီးယား အလုပ်သမားဌာနတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်၊ အလုပ်ရှင်တွေက အလုပ်သမားတွေကို ရွေးချယ်ပါတယ်။ အောင်မြင်တဲ့သူတွေကို စေလွှတ်ပေးပါတယ်" ဟု ၎င်းက ဆိုသည်။

အလုပ် လုပ်ကိုင်ခွင့် ပါမစ်တစ်ခုအတွက် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် တစ်လလျှင် လစာငွေ ဒေါ်လာ ၉၀၀ ခန့် ရရှိကြသည်။ အဆိုပါ အလုပ်အကိုင်မှာ မြန်မာနိုင်ငံသားများအကြား အထူးပင် ရေပန်းစားလျက် ရှိကြောင်း၊ အကြောင်းမှာ တောင်ကိုရီးယားတွင် ရရှိသော လစာငွေမှာ မြန်မာပြည်တွင်း ရရှိနိုင်သော အခြေခံလစာထက် များပြားသောကြောင့် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ အဆိုအရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စ၍ ကိုရီးယား ဘာသာအရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ မြန်မာလုပ်သား ၃၃၀၀၀ ခန့် ရှိပြီ ဖြစ်သော်လည်း ကိုရီးယားသို့ ရွေးချယ်စေလွှတ်ခြင်း ခံရသူမှာ ၁၃၀၀ ခန့်သာ ရှိသေးသည်။

လတ်တလော ကာလတွင် တောင်ကိုရီးယားသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူ ၂၀၀၀ ကျော် စောင့်ဆိုင်းလျက် ရှိကြောင်း ရွှေသံလွင်ကုမ္ပဏီမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဆိုသည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment