Transparency Myanmar

transparency.myanmar@gmail.com

        ရှမ်းပြည်နယ်၊ အရှေ့ပိုင်း မုံလတွင် အခြေစိုက်သော ရှမ်းအရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (NDAA-ESS) နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ကိုယ်စားလှယ်များ၏ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှာ ထူးခြားသော ရလဒ်သစ်များ မထွက်ပေါ်ဘဲ အဆုံးသတ်ခဲ့ရကြောင်း သူပုန် ခေါင်းဆောင်များနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။

NDAA-ESS အဖွဲ့ကို ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော Hsan PerHsang Lu နှင့် စစ်ရေးချုပ် Kham Mawng တို့က ဦးဆောင်ခဲ့ကြပြီး တပ်မတော်ဘက်မှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးက မုံကျူးမြို့၌ လှည့်လည်စစ်ဆေးမှုများ ပြုလုပ်စဉ် အချိန်ကာလ၌ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်း Shan Herald Agency က ဆိုသည်။

ဗိုလ်ချုပ်ကျော်ဖြိုးသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းက "လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ် အားဆွေးနွေးပွဲသို့ တက်ရောက်စေလိုပါက လူကြီးမင်းတို့၏ ဥက္ကဋ္ဌကြီးများကိုလည်း တစ်ပါတည်း ခေါ်ဆောင်လာသင့်ကြောင်း" တုံ့ပြန်ပြောဆိုခဲ့သည်။

NDAA ၏ခေါင်းဆောင်မှာ ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ ကွန်မန်ဒါဟောင်း Sai Leun (၆၃ နှစ်) ဖြစ်သည်။ ဆွေးနွေးပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက NDAA အတွက် ယခုအခါ အချိန် မရှိတော့ကြောင်း ပြောဆိုသည်။

"ခင်ဗျားတို့အနေနဲ့ ဝ အဖွဲ့ရဲ့ စကားကို နားမထောင်ရင် ကောင်းပါလိမ့်မယ်။ သူတို့က အစိုးရ မဟုတ်ပါဘူး။ ကျွန်တော်တို့ကသာ အစိုးရပါ။ ခင်ဗျားတို့ နယ်နိမိတ်တွေ အားလုံးကို သိမ်းပိုက်ဖို့ ကျွန်တော်တို့က နိုင်ငံရေးအရရော စစ်ရေးအရပါ အားလုံး စီစဉ်ထားပြီးပါပြီ" ဟု ဗိုလ်မှူးကြီး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းရင်းမြစ်က ပြန်ပြောသည်။

NDAA က နယ်စပ်ဒေသစောင့်တပ် ဖွဲ့စည်းမည့် အရေးကိစ္စကို နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ဖြေရှင်း နိုင်ပါမည်လောဟု တုံ့ပြန်မေးခွန်းထုတ်ရာ ဗိုလ်မှူးကြီးက "ကျွန်တော်က ဂျူနီယာအရာရှိ တစ်ယောက် သက်သက်ပါ။ အထက်က တပ်မတော်ခေါင်းဆောင်တွေ ပြောခိုင်းတာကိုပဲ ပြောရတာပါ" ဟု ပြန်လည် ပြောဆိုခဲ့သည်ဟု ဆိုသည်။

NDAA မှ ကိုယ်စားလှယ် အဖွဲ့များသည် နေ့လယ်စာ စားသုံးပြီးနောက် မုံလသို့ ပြန်လည် ထွက်ခွာသွားသည်။ ယခုတစ်ကြိမ် လာရောက် တွေ့ဆုံရာတွင် ယခင်တုန်းကကဲ့သို့ မဟုတ်ဘဲ လက်နက်ကိုင်တပ်သား ၅၀ ခန့်ကို အစောင့်အဖြစ် ခေါ်ယူလာကြောင်း သိရသည်။

NDAA ၏ မဟာမိတ်တပ်ဖွဲ့ ဖြစ်သော ညီညွတ်သည့် ဝ တပ်မတော် (UWSA) ကလည်း ခေါင်းဆောင်ကြီး Bao Youxiang တန်ကျန်းမြို့သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံစဉ်က လုံခြုံရေးအစီအမံများကို အပြည့်အဝ ထောက်ပံ့ပေးခဲ့သေးသည်။ အဆိုပါ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်။ သတင်းများအရ ထိုသို့ တွေ့ဆုံနိုင်အောင် တရုတ်အာဏာပိုင်များ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

"ဒီတစ်ကြိမ်တော့ စစ်အစိုးရက တရုတ်အစိုးရကို တစ်ပတ်ရိုက်မယ်လို့ မထင်မိပါဘူး။ အရင် တစ်ခေါက် ကိုးကန့်နဲ့ ဖြစ်တဲ့ ပြဿနာတုန်းက စစ်အစိုးရက ကိုးကန့်ခေါင်းဆောင်တွေကို ပြိုင်ဘက်လက်နက်ကိုင် တပ်ဖွဲ့တွေ အန္တရာယ်က ကာကွယ်ပေးနိုင်ဖို့ တပ်တွေ ခေါ်လာတယ်လို့ တရုတ်ဘက်ကို အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီပြဿနာက အပစ်အခတ်တွေနဲ့ အဆုံးသတ်ခဲ့ရတယ်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်ကိုလည်း မောင်းထုတ်ပစ်ခဲ့တယ်" ဟု ဝ ခေါင်းဆောင်များနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

တန်ကျန်းတွင် ပြုလုပ်သော ဆွေးနွေးပွဲမှာ တရုတ်ဘက်က ဝင်ရောက် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ရလဒ်ကောင်းများ ထုတ်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ သတင်းများအရ အစောပိုင်းတွင် ဝ ခေါင်းဆောင် ပေါက်ယူချန်း (Bao Youxiang) သည် ကျန်းမာရေး ညံ့ဖျင်းနေသောကြောင့် စစ်အစိုးရ၏ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံဆွေးနွေးမှုကို ငြင်းပယ်ခဲ့သည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment