မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုက်ဖျက်ရေးကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနည်း၊ အများ ဟူသော ကိစ္စနှင့် ချိတ်ဆက်လျက် ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ဖော် ပြောဆိုလိုက်သည်။
UNODC ၏ အစီရင်ခံစာအရ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှုတို့သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်တည်မှုနှင့် တိုက်ရိုက် ပတ်သက်နေသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်သည် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုအတွက် အကြီးဆုံး ပြည်နယ်ဒေသတစ်ခု ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ခြေကုပ်ယူ လှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။
သို့သော် ရှမ်းပြည်နယ် တပ်ဖွဲ့ (SSA) မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မိမိတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ကာကွယ် ပြောဆိုသည်။
"ကျွန်တော်တို့ SSA အနေနဲ့ ဒီလို ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်ပြီး ဘာမှလုပ်လို့ မရပါဘူး။ ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးတွေကိုလည်း မလိုချင်ပါဘူး။ အဲဒီမူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွေမှာ ကျွန်တော်တို့အဖွဲ့ ပါဝင်ပတ်သက်မှုလည်း မရှိပါဘူး" ဟု ၎င်းက ဆိုသည်။
UNODC ကမူ ရှမ်းပြည်နယ်အတွင်း ဘိန်းဖြူနှင့် အဖက်တမင်း အမျိုးအစား စိတ်ကြွဆေးပြားများ အဓိက ထုတ်လုပ်သူများမှာ လက်နက်ကိုင် တပ်ဖွဲ့ကြီးများ ဖြစ်သော ညီညွတ်သော ဝတပ်ဖွဲ့ (UWSA)၊ SSA တောင်ပိုင်းနှင့် ကိုးကန့်ဒေသမှ အခြားသော တပ်ဖွဲ့ကြီးများ ဖြစ်သည်ဟု ရေးသား ဖော်ပြသည်။
မည်သို့ပင်ဆိုစေ SSA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်စိုင်းက အဆိုပါ ကိစ္စ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။ UWSA ကလည်း ၎င်းတို့၏ ဒေသကို မူးယစ်ဆေးဝါး ကင်းစင်သော နယ်မြေတစ်ခုအဖြစ် သတ်မှတ် ကြေညာထားပြီး ဖြစ်ကြောင်း၊ မူးယစ်ဆေး ကုန်ကူးမှုကိုလည်း တင်းကြပ်စွာ ပိတ်ပင်ထားကြောင်း ၎င်းက ဆိုသည်။
ရှမ်းပြည်နယ် မူးယစ်ဆေးဝါး ဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (SSDW) မှ ဒါရိုက်တာ ဦးခွန်စိုင်းက ဘိန်းဖြူ စိုက်ပျိုးရေး လုပ်ငန်းများကို စစ်အစိုးရ ထိန်းချုပ်ထားသည့် နယ်မြေများတွင်သာ လုပ်ကိုင်ကြကြောင်း၊ မူးယစ်ဆေးဝါး ကုန်ကူးမှုသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း ပြောကြားသည်။
"စစ်အင်အားတွေ၊ လက်နက်အင်အားတွေ အလုံးအရင်းနဲ့ စောင့်ကြပ်ထားတဲ့ နယ်မြေတွေထဲကို ဘယ်သူက ဝင်ရဲမှာလဲ၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ဘိန်းစိုက်ချင်တဲ့ သူတွေက စစ်တပ်ကို အခွန်ပေးရတယ်။ အဲဒီလို ပေးတော့မှ စစ်အစိုးရ အာဏာပိုင်တွေက ဘိန်းစိုက်တဲ့ ကိစ္စကို မသိချင်ယောင် ဆောင်ပေးကြတာ" ဟု ၎င်းက ပြောသည်။
၁၉၉၆ ခုနှစ်တွင် ဘိန်းဘုရင် ခွန်ဆာက စစ်အစိုးရထံတွင် လက်နက်ချလိုက်ပြီး နောက်ပိုင်း ရှမ်းပြည်နယ်တွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး အစီအစဉ်ကို စတင် အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှုမှာလည်း ၈၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ သို့သော် အဖက်တမင်းကဲ့သို့ စိတ်ကြွဆေးပြား ထုတ်လုပ်မှုမှာ အလွန်အမင်း မြင့်တက်ခဲ့သည်။
မည်သို့ပင်ဆိုစေ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဘိန်းစိမ်း တန် ၃၃၀ ခန့် ထွက်ရှိခဲ့ပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၃၆၀ ခန့် ရှိသည်ဟု UNODC ၏ အစီရင်ခံစာက ဆိုသည်။
Mizzima သတင်းကို ဘာသာ ပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.