Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 22nd February 2010

          ဆယ်စုနှစ် ၅ စုမျှ ကမ္ဘာနှင့် အဆက်ဖြတ်၍ နေခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ၎င်း၏ စီးပွားရေးကို လှုံ့ဆော်ရန်အတွက် ခရီးသွားလုပ်ငန်းနှင့် အိုးအိမ်ပိုင်ဆိုင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလျက် ရှိသည်။

          ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ဖွယ်ရှိသော လာမည့် အောက်တိုဘာတွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားပြီးနောက် စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံသည် ၎င်း၏ ပုံရိပ်ကို အသင့်အတင့် ကောင်းမွန်လာစေရန် ကြိုးစားနေခြင်း ဖြစ်သည်။ မဲရွေးပွဲတွင် မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည် ဆိုသည်ကို လူတိုင်း သိနှင့်ပြီးသား ဖြစ်သည်ဟု ဝေဖန်ဆန်းစစ်သူများက ပြောကြား နေသော်လည်း ပိုမို ကောင်းမွန်သော နိုင်ငံရေး ပြောင်းလဲမှုများကို ယခု ရွေးကောက်ပွဲများက စတင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်သူများလည်း ရှိနေပါသည်။

          လွန်ခဲ့သောနှစ် ၅၀ ခန့်ကကဲ့သို့ တိုင်းပြည်အတွင်း ထွက်ပေါ်လာမည့် စီးပွားရေး အခွင့်အလမ်းများကို စူးစမ်းလေ့လာရန် မြန်မာနိုင်ငံသို့ လတ်တလော လာရောက်ခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက် ရင်းနှီးမြှုပ်နှံသူများ အုပ်စုမှာ အရှေ့တောင်အာရှတွင် အချမ်းသာဆုံးသူများ ဖြစ်သည်။

          ပိုမို လွတ်လပ်သော ကုန်သွယ်ရေးသည်လည်း အပြောင်းအလဲ လုပ်ရန် စေ့ဆော်မှုတစ်ခု ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင် အကျုံးဝင်သည့် လွတ်လပ်သော အာဆီယံ ကုန်သွယ်ရေးဇုန် AFTA က အဖွဲ့ဝင် ၁၀ နိုင်ငံအနက်မှ ၆ နိုင်ငံရှိ အခွန်အကောက် အားလုံး၏ ၉၇ % ကျော်ကို ဖယ်ရှားခဲ့ပြီ ဖြစ်သည်။ ဖွံ့ဖြိုးမှု နိမ့်ကျနေသေးသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ၄ နိုင်ငံကို AFTA တွင် ပူးပေါင်း ပါဝင်ရန် ၅ နှစ် အချိန်ပိုပေးထားသည်။

          မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု ရှိရေးသည် အိုးအိမ်ပိုင်ဆိုင်မှု ကဏ္ဍအတွက် အထောက်အကူပြုမည့် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်ဟု လွတ်လပ်သော အိမ်ခြံမြေ အတိုင်ပင်ခံ အေဂျင်စီ ဥက္ကဋ္ဌ ဆိုပွန်ပွမ်ချတ်ချိုင်းက ပြောကြားသည်။ အကယ်၍ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါက နိုင်ငံတကာ၏ လက်ခံမှုကို ပိုမို ရရှိလာမည် ဖြစ်၍ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ နိုင်ငံတွင်းသို့ ပိုမို ဝင်ရောက်လာရန် မျှော်လင့်နိုင်သည်ဟု ဆိုသည်။

          မြန်မာအစိုးရ၏ စည်းကမ်းစည်းမျဉ်းများ အလွန် တင်းကျပ်သည့် တိုင်အောင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်၏ ကဏ္ဍပေါင်းစုံကို ထိုင်းနှင့် အာဆီယံ ရင်းနှီးမြှုပ်နှံသူများက အလွန် စိတ်ဝင်စားနေသည် ဟု ဆိုမွန်က အစီရင်ခံ တင်ပြထားသည်။

          မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့် မရှိသော်လည်း အနှစ် ၃၀ ငှားရမ်း အသုံးပြုနိုင်ပြီး၊ အစိုးရခွင့်ပြုချက်ပေါ် မူတည်၍ ငှားရမ်းမှုများမှာ လှုပ်သာလှည့်သာ ရှိသည်ဟု ဆိုသည်။

          မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အန္တရာယ် ရှိနိုင်သည့်အစား ရှယ်ယာဝင်များ၏ ဆန့်ကျင်မှု (သို့) စားသုံးသူများ၏ သပိတ်မှောက်မှုတို့နှင့် အချို့ကုမ္ပဏီများ ရင်ဆိုင်နေရသည်။ မြေယာပိုင်ဆိုင်မှုမှာ နိုင်ငံတွင်းမှ ယူဆောင်သွားနိုင်ခြင်း မရှိသဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို အစိုးရက အာမခံ လိုင်စင်များ လျှော့ပေါ့ပေးခဲ့သည်ဟု ဆိုပွန်က ပြောကြားလိုက်သည်။

          ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမည့် အစီအစဉ်များ ချမှတ်ထားပြီး ငွေရင်းနှင့် အမြတ်များကိုလည်း မိခင်နိုင်ငံများသို့ လွှဲပြောင်းယူနိုင်ရန် ခွင့်ပြုထားသည်ဟု မြန်မာအစိုးရက ပြောကြားထားသည်။

          တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တင့်သော အိမ်ရာများကို ဒေသခံများအား ရောင်းချခြင်းနှင့် ငှားရမ်းခြင်းကို ခွင့်ပြုထားသောကြောင့် အိမ်၊ မြေ၊ အဆောက်အဦး ပြုလုပ်သော ပြည်ပ လုပ်ငန်းရှင်များကို အကျိုး ဖြစ်ထွန်းစေလိမ့်မည် ဖြစ်သည်။

          စီစဉ်ထားသော ရွေးကောက်ပွဲများကဲ့သို့ ဒီမိုကရေစီ စနစ်သို့ ပိုမို ရှေ့ရှုသည့် ဆောင်ရွက်ချက် များကို မြန်မာအစိုးရက ပြုလုပ်နေကြောင်း သက်သေပြနိုင်ခဲ့ပါက မြန်မာနိုင်ငံတွင် စီးပွားရေး လာလုပ်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများစွာမှာ အဆင့်သင့် ဖြစ်နေသည်ဟု ဆိုပွန်က ပြောကြားသည်။

          မြန်မာနိုင်ငံတွင် ရရှိနိုင်သော သယံဇာတ ကြွယ်ဝမှုများမှာ အလွန်ကြီးမားသည့် ဆွဲဆောင်မှု ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကို ရှာဖွေနေသည့် ထိုင်းနှင့်အာဆီယံ အိမ်ခြံမြေ လုပ်ငန်းရှင်များအတွက် ကြီးမားသည့် အခွင့်အလမ်းများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

          မြန်မာနိုင်ငံသို့ လတ်တလော လာရောက်ခဲ့သူများ အနက်မှ Fragrant Property Group သည် ဘန်ကောက်တွင် Prime II နှင့် The Circle ကွန်ဒိုမီနီယံများကို လုပ်ကိုင်သူ ဖြစ်သည်။

          ယခုချက်ချင်း ပေါ်ပေါက်နိုင်ဖွယ် မရှိသေးသော်လည်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းသည် ဖွံ့ဖြိုးရန် ကြီးမားသော ဈေးကွက်ရှိနေပြီး လူဦးရေ၏ ၂ % (သို့မဟုတ်) လူတစ်သန်းခန့်၏ ဈေးကွက် အလားအလာများ ရှိနေသည်ဟု Fragrant Property ၏ CEO ဖြစ်သူ James Duan က ပြောကြားလိုက်သည်။

          လတ်တလောတွင် ရင်းနှီးငွေ ရှိသော လူနည်းစု လူဦးရေအတွက် ရွေးချယ်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုတွင် မြေနှင့် ရွှေကဲ့သို့သော ပစ္စည်းကို ကန့်သတ်ထားသည်။

          တိုင်းပြည်အတွင်း အိုးအိမ် ပိုင်ဆိုင်မှု ကဏ္ဍ ကြီးထွားဖွံ့ဖြိုးရန် နိုင်ငံရေးကိစ္စက ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်နေသည်ဟု Mr Duan က သတ်မှတ်သည်။ မည်သို့ပင် ဖြစ်စေ အဆိုပါကဏ္ဍကို လွှတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များက အထောက်အကူ ပြုနိုင်မည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များစွာကလည်း ပိုမို စိတ်ဝင်စားနေကြသည်။

          ၂၀၀၉ ပထမပိုင်း ၉ လအတွက် နောက်ဆုံး ရရှိခဲ့သော တရားဝင် စာရင်းဇယားများအရ မြန်မာနိုင်ငံသည် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ရင်းမြစ် ၃ ခုမှ အမေရိကန် ဒေါ်လာ ၇၇.၂၅ သန်း ရရှိခဲ့ရာတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၌ ထိုင်းနိုင်ငံ၏ ရင်းနှီးမှု ဒေါ်လာ ၃၀.၂၅ သန်း၊ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းတွင် ယူအေအီး၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ သန်းနှင့် ထုတ်လုပ် တပ်ဆင်မှုကဏ္ဍ၌ ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ သန်းတို့ ပါဝင်သည်။

          နိုင်ငံပေါင်း ၃၁ နိုင်ငံထံမှ ရရှိထားသော စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် ထိုင်းနိုင်ငံက ဒေါ်လာ ၇.၄၂ ဘီလီယံ (သို့) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၄၇ % ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး ထိုင်းနိုင်ငံ PTT PLC နှင့် ၎င်း၏ စီးပွားဖက်များက ရေနံ စီမံကိန်းများစွာကို ဦးဆောင် လုပ်ကိုင်နေသောကြောင့် ဖြစ်သည်။

          မြန်မာနိုင်ငံက နိုင်ငံခြားသားများအား ရင်းနှီးမြှုပ်နှံခွင့် ပြုထားသော ကဏ္ဍ ၁၂ ခုမှာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတ်ငွေ့ ထုတ်လုပ်ရေး၊ တပ်ဆင် ထုတ်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊  ဆောက်လုပ်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည်။

          ဝန်ဆောင်မှု ကဏ္ဍတွင် မြန်မာနိုင်ငံက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ရည်မှန်းချက်များစွာ ရှိနေသည့်အတွက် အာဆီယံ ဒေသတွင်းရှိ သဘာဝ ခရီးသွားလုပ်ငန်း အချက်အချာများနှင့် ချိတ်ဆက်နိုင်ရန် အခြေခံ အဆောက်အဦး စီမံချက်များစွာကို စတင် အကောင်အထည် ဖော်နေသောကြောင့် ဆက်စပ်နေသည့် အိမ်ခြံမြေ လုပ်ငန်းများ ဖွံ့ဖြိုးရန် တွန်းအားပေး ကူညီနိုင်လိမ့်မည်ဟု Mr Duan က ပြောကြားသည်။

          သတ္တိကောင်းသော ထိုင်းရင်းနှီးမြှုပ်နှံသူ အနည်းငယ်မှာ မြန်မာ အိမ်မြေဈေးကွက်တွင် ၎င်းတို့ ဘာသာ ၎င်းတို့ ခြေချပြီး ဖြစ်၍ အမြတ်အစွန်းများ ရရှိခဲ့ကြသည်ဟုလည်း ၎င်းက ဆိုသည်။

          ရန်ကုန်မှ အာဏာပိုင်များကလည်း သစ်လွင် လတ်ဆတ်သော ခရီးသွားလုပ်ငန်း အချက်အချာ အဖြစ် တိုင်းပြည် ဖွံ့ဖြိုးလာရန် ကြိုးစားနေကြသည်။

          လတ်တလောတွင် မြန်မာအစိုးရက နိုင်ငံတကာ လုပ်ငန်းများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကမ်းခြေတုတစ်ခု တည်ဆောက်ရေးအတွက် ဖြစ်နိုင်ချေများ လေ့လာရန် ဒေသခံကုမ္ပဏီ "နွယ်ဝင်း" ကို ခွင့်ပြုခဲ့သည်။

          မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သော ကမ်းခြေတု စီမံကိန်းကို ပါဝင် ရင်းနှီးမြှုပ်နှံမည့် သူများမှာ နယူးဇီလန် NZTE ကုမ္ပဏီနှင့် ဂျပန်၊ သြစတြေးလျနှင့် တရုတ် ကုမ္ပဏီများ ဖြစ်သည်။

          ယခု စီစဉ်နေသော ကမ်းခြေတုမှာ အိန္ဒိယ၊ မြန်မာ၊ တရုတ်ကို ဆက်သွယ်ထားသော လီဒိုလမ်းမကြီးအနီး ဧရာဝတီ မြစ်ကမ်းပါးတွင် တည်ရှိသည်။ လတ်တလော နောက်ထပ် စီမံကိန်းတစ်ခု ဖြစ်သော ပထမဆုံး နိုင်ငံတကာ အဆင့်ဟိုတယ်မှာ မြိတ်ကျွန်းစုတွင် တည်ဆောက်မည် ဖြစ်ပြီး မြိတ်ကျွန်းစုသည် ၎င်း၏ သဘာဝအလှနှင့် ငါးမန်းများ အပါအဝင် ကြွယ်ဝသော ပင်လယ်ပြင် သဘာဝများကြောင့် ကမ္ဘာတစ်လွှား ရေငုပ်ဝါသနာရှင် များအကြား ကျော်ကြားသော ဒေသ ဖြစ်သည်။

          ဒေါ်လာ ၁၅ သန်းတန် ဟိုတယ် အဆောက်အဦးကို ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property (KRCP) က တည်ဆောက်နေပြီး အပန်းဖြေဟိုတယ်၏ ပထမအသုတ် အခန်း ၁ဝဝ ကို ယခုနှစ် ဒီဇင်ဘာတွင် ပြီးစီးရန် သတ်မှတ်ထားကာ နောက်ဆုံးအဆင့်ကို ၂၀၁၂ တွင် ဖွင့်လှစ်မည် ဖြစ်သည်။

          ထိုင်းလုပ်ငန်းရှင်များ အနေဖြင့် အနာဂတ်တွင် မြန်မာပြည် စီးပွားရေးတံခါး ဖွင့်လာမည့် အပေါ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လိုသည် ဆိုပါက မြန်မာဈေးကွက်အတွင်း စောစီးစွာ လေ့လာမှု အချို့ ပြုလုပ်ခြင်းဖြင့် အကျိုးအမြတ် ရရှိနိုင်လိမ့်မည်ဟု Mr Duan နှင့် Mr Sopon တို့က သဘောထား တိုက်ဆိုင်စွာ ဖွင့်ဟခဲ့ကြသည်။

          ဟိုတယ်နှင့် အပန်းဖြေ လုပ်ငန်းများအပြင် ဒေသခံ လုပ်ငန်းရှင်များနှင့် နိုင်ငံခြား မြှုပ်နှံသူများ ပူးပေါင်း အကောင်အထည်ဖော်မည့် အဆင့်မြင့်နည်းပညာသုံး အဆောက်အဦး စီမံကိန်းများကိုလည်း မြန်မာနိုင်ငံက ခွင့်ပြု လိုက်လျောဖွယ် ရှိသည်ဟု Mr Duan က အကြံပြုထားသည်။

          မြန်မာအစိုးရသည် ဟိုတယ်များ အပါအဝင် အဆောက်အဦး ကဏ္ဍ၌ နိုင်ငံခြားသားများအား ရင်းနှီးမြှုပ်နှံခွင့် ပြုရာတွင် BOT စနစ် (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) ကို ကျင့်သုံးသည်။ အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းများအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ အနည်းဆုံး ၃၅ % ကို နိုင်ငံခြားသားများက ထည့်ဝင်ရမည် ဖြစ်ပြီး အနိမ့်ဆုံး မတည်ရမည့် ငွေအဖြစ် စက်မှုကဏ္ဍတွင် ဒေါ်လာ ၅ သိန်းနှင့် ဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၃ သိန်း အသီးသီး သတ်မှတ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment