Transparency Myanmar

transparency.myanmar@gmail.com

         မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အကြား ဆက်သွယ်ပေးမည့် လမ်းသစ် ဖောက်လုပ်ရေးအတွက် နယူးဒေလီ အစိုးရက ငွေကြေး ရူပီး ၆၆၀ ဘီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းအောက်တွင် အကောင်အထည် ဖော်မည် ဖြစ်ပြီး အိန္ဒိယအစိုးရ၏ အရှေ့မျှော် ပေါ်လစီ (Look East) ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အရှေ့မျှော်ပေါ်လစီအရ အိန္ဒိယနှင့် မြန်မာနယ်စပ် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် မီဇိုရမ်ပြည်နယ် တောင်ပိုင်း Lawntlai မှ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့ကို လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်အောင် ပြုလုပ်မည် ဖြစ်သည်။

The Aizawl Post သတင်းစာ အဆိုအရ အိန္ဒိယအစိုးရသည် လမ်းဖောက်လုပ်ရေးအတွက် အိန္ဒိယ ရူပီးငွေ ၆၆၀ ဘီလီယံ အသုံးပြုသွားမည် ဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Lal Thanhawla က အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ စီမံကိန်းကို မည်သည့် အချိန်ကာလတွင် စတင် အကောင်အထည်ဖော်မည် ဟူသော အချက်ကိုမူ Lal Thanhawla က ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

အကယ်၍ အဆိုပါ စီမံကိန်း ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံထဲမှ ကုန်ပစ္စည်းများ မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ အိန္ဒိယ အလယ်ပိုင်းဒေသသို့ စီးဆင်း ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် မီဇိုရမ်အနေဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် အကျိုးအမြတ်များ ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံသည် အရှေ့မျှော် ပေါ်လစီအရ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ကုလားတန် ဘက်ပေါင်းစုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ စီမံကိန်းသည် အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ လမ်းဖောက်လုပ်ရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ ကာလကတ္တားနှင့် မြန်မာနိုင်ငံ စစ်တွေမြို့တို့ကို ချိတ်ဆက်ပေးမည် ဖြစ်သည်။ နယ်စပ် ကုန်သွယ်မှုမှာ စစ်တွေမြို့မှ စတင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဖြတ်သန်းကာ မီဇိုရမ်ပြည်နယ်သို့ သွားမည် ဖြစ်သည်။ ပလက်ဝမှတစ်ဆင့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိရန် ဖောက်လုပ်မည့် လမ်းအရှည်မှာ ၆၁ ကီလိုမီတာ ရှည်လျားမည် ဖြစ်သည်။

ဤအတောအတွင်းမှာပင် Arakan River Network (ARN) အဖွဲ့က အကယ်၍ အဆိုပါ ကုလားတန် စီမံကိန်း ပြီးဆုံးသွားပါက စစ်တွေ၊ ပန်းငကျွန်းနှင့် ချောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် နေထိုင်သော လယ်သမားများနှင့် ငါးဖမ်းသမားများ အနေဖြင့် ၎င်းတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးရဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ထို့ပြင် စီမံကိန်း အကောင်အထည် ဖော်ပါက ဒေသခံပြည်သူများ အနေဖြင့် ၎င်းတို့ နေထိုင်ရာ နေအိမ် အဆောက်အအုံများကို ဖယ်ရှားရန် ဖိအားပေးခြင်း ခံရလိမ့်မည် ဖြစ်သည်။

မြန်မာအစိုးရသည် ၂၀၀၉ ခုနှစ်မှ စတင်ကာ အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး နံပါတ် ၂ လမ်းမကြီးကို ဘူဒိုဇာများ၊ အကြီးစား စက်ယန္တရားများ အသုံးပြုကာ ပြန်လည် ဖောက်လုပ်နေပြီ ဖြစ်သည်။

Khonumthung News မှ သတင်းကို ဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment